သတ္တဝါသ ဘုံကိုးဝနှင့် ဝိညာဏဋ္ဌိတိ ၇-ပါး ရှင်းတမ်း
➖➖➖➖➖➖➖➖➖➖➖➖➖➖➖➖
➖➖➖➖➖➖➖➖➖➖➖➖➖➖➖➖
သတ္တဝါသ ဘုံးကိုးဝ
•••••••••••••••••••••••••
သတ္တဝါသဆိုတာ (သတ္တ-အာဝါသ) သတ္တဝါတို့နေရာဘုံကို ဆိုလိုတယ်၊ သတ္တဝါတို့ရဲ့ နေရာဘုံဟာ အပါယ်လေးဘုံ, လူ့ဘုံ, နတ်ပြည် ခြောက်ဘုံ, ဗြဟ္မာဘုံ နှစ်ဆယ်အားဖြင့် သုံးဆယ့်တစ်ဘုံ ရှိတယ်၊ အဲဒီ သုံးဆယ်တစ်ဘုံကို တူရာ ပေါင်းလိုက်တော့ ကိုးဘုံသာ ရှိတယ်လို့ ဆိုလိုပါတယ်။

ဘယ်လို တူရာပေါင်းတယ်ဆိုတော့ ပဋိသန္ဓေစိတ်တူရာနှင့် ကိုယ်ကာယတူရာ ပေါင်းခြင်းကို ဆိုလိုတယ်။ သတ္တဝါတို့ ပဋိသန္ဓေ တည်နေတဲ့ စိတ်က အားလုံး ၁၉-ခု ရှိတယ်၊ ၁၉-ခုအရ ဥပေက္ခာသန္တီရဏစိတ် ၂-ခု၊ မဟာဝိပါတ်စိတ် ၈-ခု၊ မဟဂ္ဂုဝိပါတ် ၉-ခု ဖြစ်တယ်၊ သည် ၁၉-ခုအနက် ပဋိသန္ဓေစိတ်ချင်း တူတာကို (ဧကတ္တသညီ) လို့ခေါ်တယ်၊ ပဋိသန္ဓေစိတ်ချင်း မတူလျှင် (နာနတ္တသညီ) လို့ခေါ်တယ်။ ကိုယ်ခန္ဓာချင်းတူတာကို (ဧကတ္တကာယ)လို့ ခေါ်တယ်၊ ကိုယ်ခန္ဓာချင်းမတူလျှင် (နာနတ္တကာယ)လို့ ခေါ်တယ်။
ဘုံပေါင်း ၃၁-ဘုံရှိပါလျက်နှင့် ပဋိသန္ဓေချင်း တူရာ/မတူရာ ကိုယ်ခန္ဓာချင်း တူရာ/မတူရာ ပေါင်းလိုက်တော့ ၃၁-ဘုံဟာ ကိုးဘုံဖြစ်သွားတယ်၊ အဲသည် ကိုးဘုံကို (သတ္တဝါသ ဘုံကိုးပါး)လို့ ကျမ်းများက ပြတယ်။
ဘယ်လိုမျိုးလဲဆိုတော့ ...
ပထမ ဝိနိပါတိကအသုရာရယ်, လူရယ်,နတ်ရယ် စသည်သုံးမျိုးကို တစ်တွဲတွဲရမယ်။ ဝိနိပါတိက အသုရာဆိုတာ “ဘုတ်, တစ္ဆေ, သရဲ, ပြိတ္တာတစ်မျိုးကို ဝိနိပါတိကအသုရာ ခေါ်တယ်”။
ပထမ ဝိနိပါတိကအသုရာရယ်, လူရယ်,နတ်ရယ် စသည်သုံးမျိုးကို တစ်တွဲတွဲရမယ်။ ဝိနိပါတိက အသုရာဆိုတာ “ဘုတ်, တစ္ဆေ, သရဲ, ပြိတ္တာတစ်မျိုးကို ဝိနိပါတိကအသုရာ ခေါ်တယ်”။
သည်အသုရာက မြင်းမိုရ်တောင်အောက်က အသုရာမျိုးနှင့် မတူဘူးလားလို့မေးစရာရှိလိမ့်မယ်။ “မတူဘူး၊ မြင်းမိုရ်တောင်အောက်က အသုရာက တာဝတိံသာ နတ်မျိုးပဲ၊ တာဝတိံသာနတ်ကို သုရာလို့ခေါ်တယ်၊ သုရာနတ်တို့နှင့် ဆန့်ကျင်ဘက်စစ်ထိုးဘက်မို့ အသုရာလို့ ခေါ်ခြင်းဖြစ်တယ်။”
အသုရာကို ငါးမျိုးခွဲပြီး ကျမ်းများမှာ ပြထားတယ်၊ ငါးမျိုးဆိုတာက-
(၁) မြင်းမိုရ်တောင်အောက် မြခနောက်သုံးလုံးအကြားမှာ နေကြတဲ့ နတ်အသုရာတဲ့၊ သည်အသုရာ သဒ္ဒါမှာပါတဲ့ အ-ပုဒ်က တာဝတိံသာနတ်မဟုတ်ဘူးဆိုတဲ့ ဆန့်ကျင့်ဘက် အနက်ကို ဟောတယ်။
(၂) ဘုမ္မစိုးနတ်များကို မှီခိုနေကြတဲ့ ဝိနိပါတိက အသုရာတဲ့၊ သည်အသုရာပုဒ်မှာပါတဲ့ အ-သဒ္ဒါက သေးသယ်တဲ့ အနက်ကိုဟောတယ်၊ နတ်အငယ်စားလေးတွေကို ဆိုလိုတာပေါ့။
(၃) နေ့အခါ နတ်များလို စည်စိမ်ခံစားပြီး ညအခါ ပြိတ္တာများလို ဒုက္ခခံကြရတဲ့ ဝေမာနိက အသုရာတဲ့၊ သည်အသုရာပုဒ်မှာပါတဲ့ အ-သဒ္ဒါက အတူဆိုတဲ့ သဒိသအနက်ကိုဟောတယ်၊ စည်းစိမ်ခံစားခိုက်မှာ နတ်များနှင့်တူတယ်လို့ ဆိုလိုတယ်၊ ပေတဝတ္ထုက လာတဲ့ ရေကန်အနီး ခွေးနက်ကြီးအစားခံရတဲ့ ဗိမာန်ရှင် ကဏ္ဏမုဏ္ဍပြိတ္တာမဟာ သည်အသုရာမျိုးပဲ။
(၄) ပြီးတော့ စကြဝဠာသုံးခုတို့ရဲ့အကြား ဒုက္ခခံနေကြတဲ့ ငရဲသားများကိုလည်း လောကန္တရိကအသုရာလို့ ခေါ်သေးတယ်။
(၅) သည် ၄-မျိုးမှတစ်ပါး ကာလကဥ္စိက အသုရာဆိုတာလည်း ရှိသေးသတဲ့။
ကာလကဥ္စိက အသုရာဆိုတာက ပြိတ္တာမျိုးပဲ။ သည်ပြိတ္တာမျိုးဟာ တောအုံချောက်ကြား မြစ်ကမ်းပါးစသည်တို့မှာ နေတတ်ကြတယ်၊ ပြိတ္တာဖြစ်သည်ကစပြီး မစားရမသောက်ရ အလွန်ဆင်းရဲတဲ့ ပြိတ္တာမျိုးပေါ့၊ တချို့ အသုရာများ ဘုရား ၁-ဆူ, ၃-ဆူ ပွင့်သွားသော်လည်း တစ်ကြိမ်တစ်ခါမျှ မစားကြရ မသောက်ကြေရဘူးတဲ့၊ သည်အသုရာပုဒ်မှာပါတဲ့ အ-သဒ္ဒါကတော့ နတ်တို့နှင့် ဆန့်ကျင်ဘက်အနက်ကိုဟောတယ်။
နတ်များက မြူးတူးပျော်ပါး ကာမဂုဏ်ခံစားကြရလို့ သုရာလို့ ခေါ်တယ်၊ သည်ပြိတ္တာမျိုးကတော့ မြူးတူးပျော်ပါး ခံစား စံစားရခြင်း လုံးဝမရှိလို့ အသုရာလို့ ခေါ်သတဲ့။ အားလုံးပေါင်းလိုက်တော့ အသုရာငါးမျိုးရှိသပေါ့။ သတ္တဝါသ ဘုံးကိုးပါးရဲ့ ပထမအတွဲမှာပါဝင်တဲ့ အသုရာက ဝိနိပါတိက အသုရာဖြစ်တယ်၊ အဲသည် ဝိနိပါတိက အသုရာရယ်, လူရယ်, နတ်ပြည်ခြောက်ထပ်က နတ်ရယ် သည်သုံးမျိုးက နာနတ္တသညီ နာနတ္တကာယ ပထမအတွဲလို့ မှတ်ကြပေါ့။
သည်ပထမအတွဲရဲ့ နာနတ္တသညီ, နာနတ္တကာယဖြစ်ပုံကို ရှင်းရရင် -
“ဝိနိပါတိက အသုရာရယ်, လူရယ်, နတ်ရယ် သတ္တဝါ ၃-မျိုး ပဋိသန္ဓေနေတဲ့အခါ ပဋိသန္ဓေစိတ် (၁၉)ပါးအနက် သုဂတိအဟိတ်ခေါ်တဲ့ ကုသလဝိပါတ် ဥပေက္ခာသန္တီရဏ ၁-ခု၊ မဟာဝိပါက်စိတ် ၈-ခု၊ သည် ၉-ခုသော ပဋိသန္ဓေစိတ်ထဲက တစ်ခုခုသောစိတ်ဖြင့် ပဋိသန္ဓေတည်နေကြတယ်၊ သည်လို ပဋိသန္ဓေစိတ်ချင်းမတူတာကို နာနတ္တသညီလို့ ခေါ်တယ်။”

နာနတ္တကာယ ဆိုတာကတော့ -
“နာနတ္တကာယဆိုတာက ကိုယ်ကောင်ချင်း မတူဘူးလို့ဆိုလိုတယ်၊ ခွေးချင်းခွေး, ဆင်ချင်းဆင်, နတ်ချင်းနတ်, လူချင်းလူ တစ်ဦးနှင့်တစ်ဦး ကိုယ်ကာယချင်းမတူညီတာကို ဆိုလိုတယ်၊ သည်ပထမအတွဲက ပဋိသန္ဓေစိတ်ချင်းလည်း မတူဘူး၊ ကိုယ်ကာယချင်းလည်း မတူညီကြဘူး၊ ဒါကြောင့် နာနတ္တသညီ, နာနတ္တကာယလို့ ခေါ်ဆိုရတယ်။”

ဒုတိယအတွဲကို ထပ်ရှင်းရရင် -
“ဒုတိယအတွဲက နာနတ္တကာယ, ဧကတ္တသညီအတွဲဖြစ်တယ်၊ ဘုံအရကောက်တော့ ပထမဈာန်သုံးဘုံရယ်, အပါယ်လေးဘုံရယ်ပေါင်း (၇)ဘုံလို့ အရကောက်ရတယ်။ သည် ၇-ဘုံသော သတ္တဝါများဟာ ကိုယ်ကာယချင်း မတူညီလို့ နာနတ္တကာယလို့ခေါ်ရတယ်၊ ပဋိသန္ဓေစိတ်ချင်းကတော့ တူညီလို့ ဧကတ္တသညီလို့ ခေါ်ရတယ်”

အပါယ်ဘုံနှင့် ဗြဟ္မာ့ဘုံ ပဋိသန္ဓေစိတ်ချင်း မတူကြဘူး။ ဒီနေရာမှာ ဧကတ္တညီပဋိသန္ဓေစိတ်တူတယ်ဆိုတာက အပါယ်လေးဘုံသား အချင်းချင်း အကုသလဝိပါက် ဥပေက္ခာသန္တီရဏစိတ်နှင့် ပဋိသန္ဓေတည်နေကြချင်းတူတယ်၊ အပါယ်ဘုံသားချင်း ပဋိသန္ဓေစိတ် တူသော်လည်း ကိုယ်ကာယချင်းမတူကြဘူး၊ ဒါကြောင့် အပါယ်ဘုံသားကို ဧကတ္တသညီ, နာနတ္တကာယလို့ ခေါ်တယ်၊ ဒီလို နာနတ္တကာယ, ဧကတ္တသညီချင်း တူညီတဲ့အတွက် ပထမဈာန် သုံးဘုံနှင့် အပါယ်လေးဘုံကို ဒုတိယအတွဲပြုထားရခြင်း ဖြစ်တယ်။
တတိယအတွဲက နာနတ္တသညီ, ဧကတ္တကာယအတွဲဖြစ်တယ်၊ ဘုံအားဖြင့်တော့ ဒုတိယဈာန်သုံးဘုံကို ကောက်ယူရတယ်၊ ဒုတိယဈန်သုံးဘုံဟာ အချို့ ဒုတိယဈာန် ဝိပါက်စိတ်နှင့် ပဋိသန္ဓေနေကြတယ်၊ အချို့ကတော့ တတိယဈာန်ဝိပါက်စိတ်နှင့် ပဋိသန္ဓေနေကြတယ်၊ ပဋိသန္ဓေနေပုံ စိတ်ချင်းမတူလို့ နာနတ္တသညီလို့ခေါ်တယ်၊ ရုပ်ချင်းကျတော့ အတူတူပဲတဲ့၊ ထိုဗြဟ္မာနှင့် ဤဗြဟ္မာ ရုပ်ပုံစံချင်း မကွဲကြဘူး၊ ဒါကြောင့် ဧကတ္တကာယလို့ ခေါ်ကြရတယ်။
စတုတ္ထအတွဲက ဧကသတ္တသညီ, ဧကတ္တာကာယအတွဲဖြစ်တယ်၊ ဘုံအားဖြင့်တော့ တတိယဈာန် သုံးဘုံ, ဝေဟပ္ဖိုလ်ဘုံ, သုဒ္ဓါဝါသငါးဘုံတို့ကို ရတယ်၊ သည်ဘုံတွေထဲက တတိယဈာန်သုံးဘုံ ဗြဟ္မာများဟာ ပဋိသန္ဓေတည်နေတော့ စတုတ္ထဈာန် ဝိပါက်နှင့်ချည်း ပဋိသန္ဓေတည်နေကြတယ်၊ ရုပ်ချင်းကလည်း ဗြဟ္မာအချင်းချင်း တူညီကြတယ်၊ ဒါကြောင့် တတိယဈာန်ဘုံကို ဧကတ္တသညီ ဧကတ္တကာယလို့ ခေါ်တယ်။
စတုတ္ထဈာန်ဘုံ ၇-ဘုံရှိရာမှာ အသညသတ်ကိုကြဉ်, ဝေဟပ္ဖိုလ်နှင့် သုဒ္ဓါဝါသ ၅-ဘုံတို့ဟာ ပဉ္စမဈာန် ဝါပါက်စိတ်နှင့်ချည်း ပဋိသန္ဓေတည်နေကြလို့ ဧကတ္တသညီလို့ခေါ်ရတယ်၊ ဗြဟ္မာအချင်းချင်းလည်း ရုပ်ကာယချင်းတူလို့ ဧကတ္တကာယလို့ ခေါ်ရတယ်။
ပဉ္စမအတွဲကတော့ ဧကတ္တကာယအတွဲဖြစ်တယ်၊ အရကောက်တော့ အသညသတ်ဘုံကိုကောက်ရတယ်၊ အသညသတ်ဘုံဟာ နာမ်နှင့်ပဋိသန္ဓေနေတာမဟုတ်လို့ သညီအမည်မရဘူး၊ ‘အသညသတ္တာနံ ပန ရူပမေဝ ပဋိသန္ဓိ ဟောတိ’ ဆိုတဲ့ ဝီထိမုတ်လာစကားအတိုင်း ရုပ်ဖြင့် ပဋိသန္ဓေတည်နေပြီး ကိုယ်ခန္ဓာချင်းလည်း တူညီတဲ့အတွက် ဧကတ္တကာယပုဂ္ဂိုလ်လို့ ခေါ်ရတယ်။
ကျန်အတွဲ ၄-တွဲကတော့ အရူပ ၄-ဘုံကိုတစ်တွဲစီ ကောက်ရတယ်၊ အရူပ ၄-ဘုံဟာ မိမိတို့ဘုံ အားလျော်စွာ ပဋိသန္ဓေစိတ်ချင်းတူညီကြတယ်၊ အာသာနဉ္စာယတနဘုံမှာ ဝိညာဏဉ္စာယတနဝိပါက်စိတ်ဖြင့် ပဋိသန္ဓေနေတယ်၊ အာကိဉ္စညာယတနဘုံမှာ အာကိဉ္စညာယတနဝိပါတ်စိတ်ဖြင့် ပဋိသန္ဓေနေတယ်၊ နေဝသညာနာသညာယတနဘုံမှာ နေဝသညာနာသညာယတနဝိပါက်စိတ်ဖြင့် ပဋိသန္ဓေနေတယ်၊ အရူပလေးဘုံမှာ အသီးသီး မိမိတို့ဝိပါက်စိတ်ဖြင့် ပဋိသန္ဓေနေတဲ့အတွက် ဧကတ္တသညီဘုံများလို့ ခေါ်ကြရတယ်၊ အဲသည်ဘုံတွေမှာ ကာယခေါ်တဲ့ကိုယ်မရှိလို့ ကာယအမည်ကို မရကြဘူး၊ ဤနည်းဖြင့် ၃၁-ဘုံကို တူရာပေါင်းလိုက်လျှင် သတ္တာဝါသဘုံပေါင်း ၉-ဘုံရတယ်။
အဲသည်ကိုးဘုံရဲ့ ပါဠိဆောင်ပုဒ်ရချင်လျှင် ဇိနာလင်္ကာရဋီကာပါဌ်နှာ ၉၁(သုဓမ္မဝတီမူ)မှာ ရှိတယ်။ မြန်မာဆောင်ပုဒ်ဆိုလျှင်တော့ သည်လိုမှတ်ပေရော့ ...
သတ္တဝါသ ဘုံကိုးဝ ဆောင်ပုဒ်
•••••••••••••••••••••••••••••••••••••
ဝိနိပါတာ၊ အသုရာ၊ လူ့ရွာနတ်တစ်ဘဝ။
ပထမဈာန်၊ ပါယ်လေးတန်၊ ယူရန်တစ်ဌာ။
ဒုတိယဈာန်ဘုံ၊ အလုံးစုံ၊ အကုန်ယူပါကြ။
တတိယနေ၊ ဝေဟပ္ဖေ၊ သုဒ္ဓေငါးအင်ရ။
အသညတ်မှာ၊ သူ့ချည်းသာ၊ ယူရာဘုံတစ်ဝ။
အရူပလေးဘုံ၊ အလုံးစုံ၊ ယူကုန်ပစ္စေက။
ဝိညာဏဋ္ဌိတိ ၇-ပါး
•••••••••••••••••••••••
ဝိညာဏဋ္ဌိတိဆိုတာ ဝိညာဉ်၏ တည်ရာလို့ ဆိုလိုပါတယ်။ ဝိညာဉ်ဆိုတာ စိတ်နှင့်စေတသိတ်ပေါ့၊ သတ္တဝါသ ဘုံ ၉-ပါးမှာ အသညသတ်ဘုံဟာ ရုပ်သာရှိတယ်၊ ဝိညာဉ်မရှိဘူး၊ ဝိညာဉ်မတည်ဘူး၊ ဒါကြောင့် ဘုံ ၉-ပါးထဲက အသညသတ်ဘုံကို နှုတ်လိုက်ရပါတယ်။

ပြီးတော့ နေဝသညာနာသညာယတနဘုံဟာ ဝိညာဉ်ရှိတယ်လို့လည်း မဆိုလောက်၊ မရှိဘူလည်းမဟုတ်၊ ဝိညာဉ်လှုပ်လှုပ်မျှသာ ရှိတဲ့အတွက် အဲသည်ဘုံကိုလည်း နှုတ်ရပါဦးမယ်။
ကျန်တဲ့ ၇-ဘုံဟာ ဝိညာဉ်တည်တဲ့ ဘုံများဖြစ်တဲ့အတွက် ဝိညာဏဋ္ဌိတိ ၇-ဘုံလို့ ဆိုရပါတယ်။
ကျမ်းညွှန်း ✏ အင်္ဂုတ္တရပါဠိ သတ္တကနိပါတ်သတ္တဝိညာဏဋ္ဌိတိသုတ်, အင်္ဂုတ္တရပါဠိ နဝကနိပါတ် သတ္တာဝါသသုတ်, သုတ်မဟာဝါ မဟာနိဒါနသုတ်နှင့် ခုဒ္ဒက ပါ-၃၊ ဋ္ဌ-၇၃၊ ပဋိသံ-ပါ-၂၃၊ ဋ္ဌ-မ-၁၀၆။ ဒီဃ ၃-ပါ-၂၁၈၊ ၂၅၂၊ ဋ္ဌ ၂၂၈၊ အဘိ ၁-ဋ္ဌ၊ ၁၅၈-၉များမှာ အကျယ်ရှုပါ။
***ကောက်နုတ်ချက်***
နိုင်ငံတော် သြဝါဒါစရိယ၊ မြန်မာစာသြဝါဒါစရိယ
ထီးချိုင့်မြို့ - တည်တောဆရာတော်ဘုရားကြီး
ယနေ့ဗုဒ္ဓဝါဒဆိုင်ရာ အမေးအဖြေများ အတွဲ(၁) (စာမျက်နှာ - ၁၉၅-၂၀၃) မှ အလျဉ်းသင့်သလို ရေးသားဖော်ပြလိုက်ပါသည်။
copy and share
#PhyoeMayOo