═════════════════════
အသောကမင်းနှင့် နိဂြောဓ သာမဏေ
═════════════════════
သွေးအားနည်း လျော့နည်းလျက် ကိုယ်အဆင်းသာမက ခွန်အားပါ ယုတ်လျော့နေသည့် ရှင်ပစ္စေကဗုဒ္ဓါတစ်ပါးမှာ ဖျော့တော့သော ဝေဒနာ နှိပ်စက်ခံနေရ၏။ ထို ပစ္စေကဗုဒ္ဓါအတွက် သီတင်းသုံးဖော်သုံးဖက် ဖြစ်သော အခြား ပစ္စေကဗုဒ္ဓါသည် ပျားရည်ဆွမ်းခံရန် မြို့တွင်း ဝင်လာခဲ့၏။ မြို့လမ်း တစ်နေရာတွင် ပစ္စေကဗုဒ္ဓါအား ရေခပ်ထွက်လာသော ကျွန်မိန်းမ တစ်ယောက်က တွေ့မြင်လိုက်သည်။ အရှင်မြတ်၏ ကြည်ညိုဖွယ်ရာ ဣနြေ္ဒကြောင့် ကျွန်မိန်းမသည် ပစ္စေကဗုဒ္ဓါနှင့် မနီးမဝေး သင့်မြတ်သောအရပ်သို့ ချဉ်းကပ်ကာ မေးလျှောက်သည်။
ပျားရည်ဆွမ်းခံရန် မြို့တွင်းဝင်လာသည်ကို သိရသောအခါ ကျွန်မိန်းမက -
“အရှင်ဘုရား... ဟိုဈေးထဲက အစွန်ဆုံးဆိုင်နားက ပျားရည်ရောင်းတဲ့ဆိုင်ပါဘုရား။ အရှင်ဘုရား အလိုရှိသမျှ ပျားရည်ကို အလှူခံ ရရှိနိုင်ပါလိမ့်မယ်ဘုရား”
ဟု လျှောက်လိုက်၏။
ပစ္စေကဗုဒ္ဓါ ဆွမ်းရပ်လာသည်ကို ဆိုင်ထဲမှ လှမ်းမြင်လိုက်သူ ကား ဆိုင်မှာထိုင်လျက် ပျားရည်ရောင်း တာဝန်ယူထားသော ညီအငယ်ဆုံး ဖြစ်ပေသည်။ ညီအငယ်ဆုံးမှာ သဒ္ဓါအားကြီးသူ ဖြစ်သည့်အလျောက် ပစ္စေကဗုဒ္ဓါအား မေးလျှောက်သည်။ ပျားရည်အလိုငှာ ကြွရောက်လာကြောင်း သိရသောအခါ လွန်စွာ ဝမ်းမြောက်ကြည်နူးလျက် သပိတ်ကိုယူကာ သပိတ်အတွင်း ပြည့်လျှံသွားသည်အထိ ပျားရည်များ လောင်းလှူ၏။ သပိတ်နှုတ်ခမ်းမှ လျှံကျနေသည့် ပျားရည်များကို ကြည့်ရင်း သဒ္ဓါသည်လည်း ဖိတ်လျှံကျကာ ကြည်ညိုနှစ်ထောင်းကြီးစွာ ဖြစ်ပေါ်သွားသည်။ ထိုနောက် လှိုက်လှိုက်လှဲလှဲ တက်လာသော ကုသိုလ်စိတ်ဖြင့် ဆုတောင်းလိုက်သည်။
“အရှင်ဘုရား... ဤကောင်းမှုကြောင့် တပည့်တော်သည် ဇမ္ဗူမှာ အထက်ကောင်းကင် တစ်ယူဇနာ၊ အောက်မြေအပြင် တစ်ယူဇနာ အာဏာစက် ပျံ့နှံသော မင်းဧကရာဇ် ဖြစ်ရပါလို၏ ဘုရား”
ပစ္စေကဗုဒ္ဓါ အရှင်မြတ်တိုသည် သဗ္ဗညု ဘုရားရှင်များနှယ် ပြုလုပ်ခြင်းငှာ မစွမ်း နိုင်ကြသော်လည်း ဂါထာနှစ်ပုဒ်ဖြင့် အနုမောဒနာ ချီးမြှင့်စမြဲ ဖြစ်လေသည်။
“ဣစ္ဆိတံ ပတ္တိတံ တှယှံ၊ ခိပ္ပ မေဝသမိဇ္ဈတု။ သဗ္ဗေ ပူရေန္တေု သင်္ကပ္ပါ၊ စန္ဒေ ယန္နရသော ယထာ”
သင် လိုလားတောင့်တမှုသည် လျှင်မြန်စွာ ပြီးစီးပါစေ။ လဆန်း ဆယ့်ငါးရက်ပမာ သင့်ရဲ့ အကြံအစည် အလုံးစုံ ပြည့်ဝပါစေ။
“ဣစ္ဆိတံ ပတ္တိယံ တှယှံ၊ ခိပ္ပ မေဝသမိဇ္ဈတု။ သဗ္ဗေ ပူရေန္တေု သင်္ကပ္ပါ၊ မဏိဇောတိရသော ယထာ”
သင်၏ လိုလားတောင့်တမှုသည် လျှင်မြန်စွာ ပြီးစီးပါစေ။ အလိုရှိရာ အားလုံးကို ပေးနိုင်သော ဇောတိရသ ပတ္တမြား ရတနာပမာ အကြံအစည်အားလုံး ပြည့်စုံကြပါစေ။
ပစ္စေကဗုဒ္ဓါ ပြန်ကြွသွားကာ ဂန္ဓမာဒနတောင်ရှိ ဝေဒနာခံစား နေရသူ ပစ္စေကဗုဒ္ဓါအား ပျားရည်ဖြင့် ကုသပေးလေသည်။
ထိုအချိန်မှာပင် အစ်ကိုကြီး၊ အစ်ကိုလတ်တို့ ပြန်ရောက်လာ ကြသည်။ သူတို့ တောထဲမှ ပျားရည်ကို ဆောင်ယူကာ ပြန်ရောက်လာကြခြင်း ဖြစ်၏။
“ကိုင်း... ညီထွေး၊ ဒီနေ့ ပျားရည်များ ရောင်းကောင်းရဲ့လား”
“အစ်ကိုတို့… ပျားရည်ဆိုင်က ပျားရည်ရောင်းတာ ရောင်းကောင်းခြင်း မကောင်းခြင်းဟာ ဘာမှ မထူးဆန်းပါဘူး။ ထူးခြားလှတဲ့ အဖြစ်တစ်ခု ဒီနေ့ ဖြစ်ပေါ်သွားခဲ့တယ်။ အဲဒီ ထူးခြားကောင်းမြတ်လှတဲ့ အဖြစ်ကို ကျွန်တော် ပြောပါရစေဦး”
“ဆိုစမ်း... တို့များ အကြီးနှစ်ယောက်က တောထဲ တောင်ထဲမှာ ပျားရည်သွားရှာရတာ ဆိုတော့ ဆိုင်မှာ ဘာဖြစ်ခဲ့လဲ မသိရဘူး။ ပြောစမ်း… ညီထွေး”
“အစ်ကိုတို့ စိတ်ကို အကြည်လင်ဆုံးထားပြီး ဝမ်းမြောက်နုမော် သာဓုခေါ်ကြပါတော့။ စောစောကတွင်ပဲ အရှင်ပစ္စေကဗုဒ္ဓါတစ်ပါး ကြွလာပါတယ်။ ပျားရည်ဆွမ်းအတွက် ဆွမ်းခံ ကြွလာတာပါ။ ကျွန်တော် သပိတ်ထဲအပြည့်၊ အို... ပြည့်ရုံမက ဖိတ်လျှံကျတဲ့အထိ ပျားရည် လောင်းလှူ လိုက်ပါတယ်။ အဲဒီအလှူဟာ ကျွန်တော့်လက်နဲ လှူတာဖြစ်ပေမယ့် အစ်ကိုတို အလှူလည်း ဖြစ်ပါတယ်။ အဖို့ဘာဂကို အမျှဝေပါတယ်… သာဓုခေါ်ကြပါ”
ညီအငယ်ဆုံးက သဒ္ဓါစိတ်ဖြင့် ပြုပြီးဆဲ ဒါနကုသိုလ်အတွက် စေတနာယှဉ်ကာ ဝမ်းသာအားရ ပြောလိုက်၏။ သို့သော် သက်ရောက်မှု တုံ့ပြန်သော ရလဒ်မှာ ပြောင်းပြန် ဖြစ်သွားလေသည်။
အစ်ကိုအကြီးဆုံးက ပြောလိုက်၏။
“ဘယ်လို... ပျားရည်ကို လှူလိုက်တယ်။ ပစ္စေကဗုဒ္ဓါ ဟုတ်လား၊ ဟေ... ညီထွေးရဲ့ ခုနေခါမှာ ဒွန်းစဏ္ဍားတွေဟာလည်း သင်္ကန်းဝတ်ရပြီး အလှူခံထွက်ကြတာပဲကွ။ မင်းလှူလိုက်တာ အင်း... မင်းလှူလိုက်တဲ့ ပျားရည်ကို အလှူခံယူသွားတဲ့သူဟာ မင်းပြောသလို ပစ္စေကဗုဒ္ဓါမဟုတ်ဘဲ ဒွန်းစဏ္ဍားများ ဖြစ်လေမလား”
ပြင်းထန်သော အသုံးအနှုန်းများဖြင့် တုံ့ပြန်လိုက်သော အစ်ကိုကြီးစကားကြောင့် ညီအငယ်ဆုံး တုန်လှုပ် အံ့အားသင့်နေချိန်မှာ အစ်ကိုလတ်က ဝင်ပြောပြန်၏။
“ဟေ့... ညီထွေး၊ တို့အစ်ကိုကြီးနှစ်ယောက်က တောထဲ တောင်ထဲမှာ ပင်ပင်ပန်းပန်း ပျားရည်အရှာထွက်ရတယ်။ မင်းက ဆိုင်မှာထိုင်… ပျားရည်ရောင်းရုံပဲ။ ရှိပါစေတော့… ဒါ ကြီးစဉ်ငယ်လိုက်အရ တို့ညီအစ်ကိုသုံးယောက် အလုပ်တာဝန် ခွဲဝေထားတာ… တို့ပင်ပန်းသလို မင်းလည်း ပင်ပန်းတာပဲ။ အေး... အဲဒီလို ရှာတဲ့သူက ရှာ… ဆိုင်ခင်းကျင်းပြီး ရောင်းသူက ရောင်းနဲ့… မနည်းကြီး ရင်းထားရတဲ့ ပျားရည်ကို မင်းက ပစ္စေကဗုဒ္ဓါပဲ ဆိုပြီး လောင်းလှူလိုက် သတဲ့လား။ အေး... မင်းရဲ့ ပစ္စေကဗုဒ္ဓါကို သမုဒ္ဒရာရဲ့ ဟိုဘက်ကမ်း ပစ်ချလိုက်ပါလား”
ညီအငယ်ဆုံးသည် မိမိ၏ အလှူအတွက် ကုသိုလ်ဝေမျှ ရယူကြမည့်အစား နှုတ်ထွက် ကြမ်းကြမ်းဖြင့် ပြောဆိုလိုက်ကြသော အစ်ကိုနှစ်ယောက် စကားများကြောင့် စိတ်ထိခိုက်သွား၏။ သို့သော် အစ်ကိုများ အပြစ်မဖြစ်စေရန် အစ်ကိုများ၏ လွဲမှားနေမှုကို တည့်မတ်ပေးမည်ဟု ဆုံးဖြတ်လိုက်သည်။
“အစ်ကိုတို့… အလှူဆိုတာ အလွန်မြတ်ပါတယ်။ အစ်ကိုတို့က ပိုသိပါတယ်။ လှူဒါန်းခြင်းဟာ မိမိပိုင်ဆိုင်တဲ့ ပစ္စည်းဝတ္တုအပေါ်မှာ တွယ်တာကပ်ငြိခြင်းကို ဖယ်ခွာခြင်း ဖြစ်ပါတယ်။ အတ္တကို လျော့ပါးစေပါတယ်။ ထို့အပြင် အလှူခံပုဂ္ဂိုလ်ရဲ့ လိုအပ်မှုကို ဖြည့်စွမ်းခြင်း ဖြစ်တဲ့အတွက် ပရအကျိုးကို ဆောင်ရွက်ခြင်းလည်း ဖြစ်ပါတယ်။
ဒွန်စဏ္ဍားပင် ဖြစ်စေဦး၊ သူလိုအပ်ချက်ဖြစ်တဲ့အတွက် မိမိကြောင့် သူတစ်ပါး ချမ်းသာသွားပါတယ်။ ပြီးတော့ အခု ကျွန်တော် ပျားရည်လောင်းလှူလိုက်တာဟာလည်း အကယ်ပင် အရှင်ပစ္စေကဗုဒ္ဓါပါ။ အနုမောဒနာ နှစ်ဂါထာနဲ ဆုပေးသွားပါတယ်။ အစ်ကိုတို့ သဒ္ဓါတရား ခေါင်းပါးသူများ မဟုတ်ပါဘူး။ အခုဟာက အစ်ကိုတို့ တောထဲကပြန်ရောက်လာကာစ မောမောပန်းပန်း ဖြစ်နေလို့ စိတ်တိုနေကြတာ ဖြစ်မှာပါ။ အလှူဒါနအတွက် အစ်ကိုတို့ သာဓု ခေါ်ရမှာပါ။ ကြည်နူးပီတိ ဖြစ်ရမှာပါ”
ထိုအချိန်မှာပင် ရေခပ်ပြန်လာသော ကျွန်မိန်းမ ရောက်လာသည်။ ကျွန်မိန်းမသည် ညီအစ်ကိုတို့၏ စကားဝိုင်းထဲ မဝင်ရဲသဖြင့် အသာအယာ နားထောင်နေလိုက်၏။
အစ်ကိုနှစ်ယောက်ကား တောထဲ တောင်ထဲတွင် ပျားရည်ကို ခက်ခဲပင်ပန်းစွာ ရှာဖွေရသူများ ဖြစ်သဖြင့် လုပ်ငန်းအလျောက် နှုတ်ကြမ်း ကိုယ်ကြမ်းသမားများ ဖြစ်စေကာမူ စိတ်နှလုံး ဆိုးယုတ်သူများမဟုတ်။ လှူဒါန်းပေးကမ်းခြင်း၌ တွန့်တိုပိတ်ပင်ကြသူများ မဟုတ်။ ထိုပြင် ညီထွေး၏ အခိုင်အမာ ပြန်လှန်ရှင်းပြသော စကားများကို ကြားရသည်တွင် မိမိတို့ အမှားကို ချက်ချင်း သိမြင်သွားကြ၏။
“အေး... တို့များ နှုတ်ထွက်ဆိုးသွားသကွယ်။ မင်းစကားကိုလည်း တို့ယုံပါပြီ။ ကိုင်း... တို့ညီအစ်ကို သုံးယောက် ပြုပြီးသော အလှူအတွက် ဝမ်းမြောက်ပီတိရှိကြစို့။ သဒ္ဓါနဲ့ ကောင်းစွာ နေကြစို့”
ညီအစ်ကိုများ၏ စကားဝိုင်းထဲ မဝင်ရဲဘဲ ပုန်းအောင်းနားထောင် နေသော ကျွန်မိန်းမသည်လည်း မိမိ၏ ပါဝင်ပတ်သက်မှုကို ဆင်ခြင်ကြည့် လိုက်၏။ ပျားရည် အလှူခံထွက်သော ပစ္စေကဗုဒ္ဓါအား ဤအိမ်သို့ ကြွနိုင်အောင် ညွှန်ပြခဲ့သူမှာ မိမိပင် ဖြစ်သည်။ ယခု ပျားရည် လောင်းလှူလိုက်သော ညီအငယ်ဆုံးက သူ့ဆုတောင်းစကားကို ပြန်ပြောနေသံ ကြားလိုက်၏။
“ကျွန်တော်တော့လေ ဤကုသိုလ်ကြောင့် ဇမ္ဗူဒိပ်မှာ အထက်ကောင်းကင် တစ်ယူဇနာ၊ အောက်မြေပြင် တစ်ယူဇနာ အာဏာစက်ပျံ့နှံသော မင်းဧကရာဇ် ဖြစ်ရပါလို၏ လို့ ဆုတောင်းလိုက်တယ်”
အစ်ကိုကြီးနှစ်ယောက် ငြိမ်သက်နေ၏။
ကျွန်မိန်းမသည် ဤဒါနအမှု၌ မိမိပါဝင်ခဲ့မှုကို ပီတိဖြင့် ပြန်လည်အောက်မေ့ရင်း ဆုတောင်းလိုက်လေသည်။
“ပျားရည်လှူသူ ညီအငယ်ဆုံး မင်းဧကရာဇ် ဖြစ်ချိန်မှာ မိဘုရားခေါင်ကြီး ဖြစ်ရပါလို၏”
နောင်အခါ ညီအငယ်ဆုံးက အသောကမင်း အဖြစ်...
ကျွန်မသည် ရုပ်အဆင်း လွန်စွာတင့်တယ်သော အသန္ဓိမိတ္တာ မိဘုရားခေါင်ကြီး အဖြစ်၊ သမုဒ္ဒရာတစ်ဖက်ကမ်းသို့ ပစ်ချလိုက်ပါလားဟု ပြောခဲ့သော အစ်ကိုလတ်က သီရိလင်္ကာကျွန်းတွင် ဒေဝါနံပိယတိဿမင်း အဖြစ်၊ ဒွန်းစဏ္ဍားဟု ပြောခဲ့သော အစ်ကိုအကြီးဆုံးကား ဒွန်းစဏ္ဍားရွာတွင် မွေးဖွားကြီးပြင်းခဲ့ရသော ‘နိဂြောဓ’ အဖြစ် အသီးသီး ရောက်ရှိ ဖြစ်တည် ခဲ့ကြလေသည်။
* * * *
အဝန္တိတိုင်းကို အစိုးရခဲ့သော အသောကမင်းသားသည် ခမည်းတော် ဗိန္ဓုသာရမင်းက စေလွှတ်သဖြင့် ဝေဋိသမြို့သို့ ရောက်ခဲ့၏။ ထိုမြို့မှ သူဌေးသမီးကို ကောက်ယူ၍ ဥဇ္ဇေနီ မင်းနေပြည်တော်ကို အုပ်ချုပ်စိုးစံခဲ့သည်။ သားတော် မဟိန္ဒိနှင့် သမီးတော် သင်္ဃမိတ္တာတို့ ဖွားမြင်ပြီးနောက် ခမည်းတော် ဗိန္ဓုသာရမင်း နာမကျန်းဖြစ်သဖြင့် ဥဇ္ဇေနီကို စွန်ခွာကာ ပါဋလိပုတ်သို့ သွားကာ ခမည်းတော် လွန်သောအခါ ထီးနန်းကို ရယူသိမ်းပိုက်လိုက်သည်။
အသောကမင်း၏ နောင်တော်ဖြစ်သော သုမနမင်းသားသည် ကျန်ညီနောင် ကိုးဆယ့်ရှစ်ယောက်ကို စုရုံးခေါ်ဆောင်ကာ ထောင်ထား ခြားနား လေသည်။ အသောမင်း၏ လက်ချက်ဖြင့် သုမနမင်းသား ကျဆုံးခဲ့၏။ ထိုအချိန်၌ သုမနမင်းသား၏ မိဖုရား သုမနာဒေဝီ၌ ကိုယ်ဝန်အရင့်အမာ ရှိနေပြီ ဖြစ်လေသည်။ စစ်ရှုံး၏ ကြင်ယာတော် သုမနာဒေဝီသည် သူဆင်းရဲမိန်းမ အသွင်ဖြင့် လွတ်မြောက်ရာသို ထွက်ပြေးခဲ့သည်။ အနီးဆုံးနှင့် အလုံခြုံဆုံးဖြစ်သော ဒွန်းစဏ္ဍားရွာ တစ်ရွာသို့ ရောက်ခဲ့သည်။ ရွာအနီးရှိ ညောင်ပင်အောက်၊ ဇရပ်တစ်ဆောင်မှာ နားနေရင်းပင် ကမ္မဇလေလှုပ်ပြီး သားယောင်္ကျားလေး ဖွားမြင်သည်။ ပညောင်ပင်အောက်၌ မွေးသည်ဖြစ်၍ အမည်ကို ‘နိဂြောဓ’ ဟု မှည့်ခေါ်လိုက်လေသည်။
သုမနာဒေဝီသည် ဒွန်းစဏ္ဍားရွာ အကြီးအကဲ၏ စောင့်ရှောက်မှုကို ရရှိခဲ့၏။ ထိုအတူ ဘုရင့်သွေးသား ဖြစ်ပါလျက် အကြောင်းမလှရှာသော နိဂြောဓကိုလည်း အထူးပင် ကြင်နာစွာ စောင့်ရှောက်ခဲ့သည်။ ဤသိုဖြင့် သုမနာဒေဝီသည် ဒွန်းစဏ္ဍားရွာမှာပင် ခုနစ်နှစ် ကြာသွားသည်။ နိဂြောဓသူငယ်လည်း ခုနစ်နှစ်သားအရွယ် ရောက်လာသည်။ မဟာဝရုဏ ဘွဲ့အမည်ရှိ ရဟန္တာ ထေရ်တစ်ပါးက နိဂြောဓကို သာမဏေပြုပေးလိုက်၏။ သာမဏေပြုရန် ဦးဆံရိတ်စဉ်မှာပင် တစပဉ္စက ကမ္မဌာန်း စီးဖြန်းလျက် နိဂြောဓသာမဏေသည် ရဟန္တာ ဖြစ်သွားလေသည်။
* * * *
နိဂြောဓ သာမဏေသည် မယ်တော်၏ အိမ်သို့ နေ့စဉ် ဆွမ်းခံကြွမြဲ ဖြစ်၏။ နံနက်လင်းသည့်အခါ ဆရာ ရဟန်းတော်များအား ဝတ်ပြုလုပ်ကျွေးကာ သပိတ်၊ သင်္ကန်းပြင်လျက် ဆွမ်းခံထွက်သည်။ နိဂြောဓသာမဏေ၏ ဆွမ်းခံအစဉ်ခရီးမှာ မြို့တော်ဘက်မှ လာခဲ့ပြီး မင်းရင်ပြင်ကို ဖြတ်ကာ မြို့အရှေ့ခြမ်းဘက်၌ ရှိသည့် မယ်တော်၏အိမ်သို့ ဝင်သောခရီး ဖြစ်သည်။ ထိုသို့ နိဂြောဓသာမဏေ ဆွမ်းခံကြွသည့် တစ်ခုသော နေ့… ထိုနေ့ တစ်နေ့....
ခမည်းတော် ဗိန္ဓုသာရမင်းကြီး နတ်ရွာစံပြီးနောက် အခြားသားတော်များကို ကျော်ဖြတ်ကာ ရာဇဝံသအရိုးကို ဖောက်ထွက်လျက် ထီးနန်းကို အရယူခဲ့သည့် အသောကမင်း၏ လက်သည် ညီတော်၊ နောင်တော်တို့၏ သွေးများဖြင့် စွန်းပေနေသောလက် ဖြစ်လေသည်။
မင်းကြီး၏ တိုင်းပြည်၌ အယူဝါဒ အမျိုးမျိုးတို့သည် ထွန်းကားနေ၏။ ဗြာဟ္မဏဝါဒလည်း ရှိသည်။ သင်္ကန်းရောင် ပုဆိုးဝတ်ထားသည့် ပဏ္ဍရင်္ဂတိတ္ထိတို့လည်း ရှိသည်။ ပရိဗ္ဗာဇက တိတ္ထိတို့လည်း ရှိသည်။ နိဂဏ္ဍတို့လည်း တန်ခိုးထွားနေကြသည်။ နိတ္ထိက ဝါဒလည်း တွင်ကျယ်နေသည်။ မင်းကြီးသည် ထိုဝါဒအမျိုးမျိုးတို့ဖြင့် ထွေပြားဝေဝါးနေသည်။ စိတ်အလိုမကျ ဖြစ်နေသည်။
ထိုနေ့က အသောကမင်းသည် ခြင်္သေ့ခံလေသော နန်းတံခါးကို လှပ်၍ အပြင်သို့ လှမ်းမျှော်ကြည့်ရင်း ပျံ့လွင့်သောစိတ်ကို လွှတ်ပေးထားမိနေသည်။ လွင့်နေသောစိတ်ကို ထိန်းချုပ်ဖို့ မကြိုးစားဘဲ တမင် လွှတ်ပေးထားသောကြောင့် အသောကမင်း၏ စိတ်အစဉ်သည် လေပွေထဲမှ လဲမှို့တစ်ခုနှယ် ဖြစ်နေသည်။ ထိုလဲမှို့သည် ထိချင်ရာထိ၊ ကပ်ချင်ရာကပ်၊ လွင့်ချင်သလိုလွင့်ကာ လမ်းကြောင်းမဲ့ ဦးတည်ရာမဲ့ ဖြစ်နေသည်။
မင်းကြီး၏အတွေးများက ပြီးခဲ့သော စစ်ပွဲများ ဆီသို့လည်း ရောက်သည်။ ပါဋလိပုတ် ထီးနန်းကို မိမိ သိမ်းပိုက်ရရှိခဲ့ခြင်း ဖြစ်ရပ်များဆီသို့လည်း အတွေးရောက်သည်။ ခမ်းနားကြီးကျယ်သော နန်းတော်ကြီးထဲတွင် ဝင်ရောက်ခစားသူများ၊ ဝင်ထွက်သွားလာသူများ...။ ဒုစရိုက် ဆယ်ပါးကို ရှောင်ကြဉ်ရုံဖြင့် ပြီးမြောက်ပြီဟု အယူအဆရှိသူ ပရိဗ္ဗာဇက တိတ္ထိများ၊ အဝတ်မဆီး အချည်းနှီးနေကြသော အစေလက တိတ္ထိဆရာများ၊ ကိလေသာ အနှောင်အဖွဲ့မှ ငါတို့လွတ်ပြီဖြစ်၍ ငါတို့ ရဟန္တာဖြစ်ပြီဟု ကြွေးကြော်သော နိဂဏ္ဍများ၊ ငါတို့ ကျူးလွန်သမျှ မကောင်းမှုဟူသမျှကို ငါတို့ကိုးကွယ်သည့် ထာဝရဘုရားသခင်က ငါတို့ကိုယ်စား ခံယူသည်ဟူသော ဝါဒကို စွဲကိုင်ထားသည့် နိတ္ထိက ဝါဒီများ...။
ခမည်းတော် ဗိန္ဓုသာရမင်းကြီး လက်ထက်ကတည်းက ချမှတ်ထားသော သဘောတရားကို အသောကမင်း ဆက်လက်ကျင့်သုံးခဲ့ရာ ထိုသဘောတရားမှာ ပါဋလိပုတ်ပြည် အတွင်းရှိသည့် အယူဝါဒအားလုံးကို လွတ်လပ်ခွင့်ပေးထားသော သဘောတရား ဖြစ်သည်။ မည်သူမဆို မိမိတို့ နှစ်သက်သည့် ဘာသာ အယူဝါဒကို ကိုးကွယ်ခွင့်ရှိသည်။ မင်းကြီး ကိုယ်တိုင်ကလည်း ထိုထိုသော အယူဝါဒ ဆရာကြီးများကို ထောက်ပံ့ပေးကမ်း လှူဒါန်းထားသည်။ သို့သော်...
အသောကမင်းကြီး၏ စိတ်သန္တာန်တွင်းသို့ မည်သည့်အယူဝါဒမျှ စွဲဝင်ကိန်းအောင်းခြင်း မရှိ၊ မင်းကြီး၏ ယုံကြည်သက်ဝင်မှုကို မည်သည့်ဝါဒမျှ ဆွဲဆောင်သိမ်းသွင်းနိုင်ခြင်း မရှိ။ အယူဝါဒ တစ်ခုခု၌ ယုံကြည်သက်ဝင်ဖို့ ထားဘိဦး၊ ထိုအယူဝါဒရှင်တို့၏ ဥပဓိ လက္ခဏာ အသွင်အပြင် များကိုပင် မင်းကြီး အလိုမကျ ဖြစ်နေသည်။ ရသေ့ရဟန်း မပီသ၊ ဗြဟ္မဏ မပီသဟု မင်းကြီး မြင်သည်။ လျှပ်ပေါ်လော်လည်ပြီး ဣနြေ္ဒတို့မှ ချွတ်ယွင်းနေကြသည်ဟု မြင်သည်။ထိုကြောင့် တိတ္ထိဆရာကြီးများနှင့် ပတ်သတ်ပြီး အသောကသည် ပုဂ္ဂိုလ်လည်း မခင် တရားလည်း မမင် ဖြစ်နေလေသည်။
မင်းကြီးသည် စိတ်ထဲမှာ ပင့်သက် အခါခါရှိုက်၍ အကြိမ်ကြိမ် ညည်းတွားမိနေသည်။ လူသားတစ်ဦး၊ ရှင်ဘုရင်တစ်ပါးအတွက် ဆောက်တည်ရာ ဟူသည်မှာ အဘယ်နည်း။ ပါဋလိပုတ်နှင့် တကွသော ရေမြေတောတောင် စည်းစိမ်ဥစ္စာတိုကို စိုးမိုးပိုင်ဆိုင်ထားသော ဘဝ၊ လူတွေ၏ သက်ဦးဆံပိုင် အရှင်သခင်ဘဝတွင် လေးနက်ပြည့်ဝသော ဘဝအဓိပ္ပာယ် ဟူသည်မှာ အဘယ်နည်း။ မိမိရှေ့မှောက်တွင် လူများစွာတို့ ဒူးထောက်ခစားကြရင်း ထိုသူတို့သည် မိမိအား သူတို့၏ နားခိုရာအဖြစ် အမှီသဟဲပြုကြသည်။ မိမိကိုယ်တိုင်ကတော့ မည်သည့်အရာထံတွင် နားခိုရာအဖြစ် အမှီသဟဲ ပြုရမည်နည်း။ တိတ္ထိဆရာကြီးများလော၊ နတ်ဒေဝတာများလော၊ တန်ခိုးရှင် တစ်ပါးပါးလော။ မည်သူကိုမျှ မတွေ့။ ယောက်ယက်ခတ်နေသော မိမိ၏ အတွေးစဉ် အမျှင်တန်းတို့ကို သပ်ရပ်ပြေပြစ်အောင် ထုံးဖွဲချည်နှောင်ပေးမည့် အရာသည် အဘယ်နည်း။
ထိုအတွေးများဖြင့် အသောကမင်းသည် လေသာနန်းတံခါးအပြင် ရှုခင်းဆီသို့ ငေးမောနေခိုက်မှာပင် မြင်ကွင်းအာရုံအတွင်းသို့ တစ်စုံတစ်ယောက်သော သဏ္ဌာန် ဝင်ရောက်လာ၏။ ညင်သာ၍ မှန်မှန်ရွေ့လျားနေသော သဏ္ဌာန်၊ မနှေးလွန်း မမြန်လွန်းသော ခြေလှမ်းများက ယိမ်းယိုင်ကွေ့ကောက်ခြင်း မရှိ၊ အစိပ်အကျဲ ညီမျှစွာ လှမ်းကြွနေကြသည်။ မည်းနက်သော သပိတ်တစ်လုံးကို ပိုက်ထားပြီး ဝတ်ရထားသော သင်္ကန်းများ၏ အရောင်သည်လည်း ငြိမ်သက်စွာ တောက်ပနေသည်။ ထိုသို့ မြင်လိုက်ရ တစ်ခဏမှာပင် အသောကမင်းသည် အတွေးစကားများဖြင့် မိမိကိုယ် မိမိ ပြောဖြစ်သွားသည်။
“ဒီနန်းရင်ပြင်မှာ ဝင်ထွက်သွားလာနေကြသူတွေ အားလုံးနဲ့မတူ တစ်မူထူးခြားနေပါလား။ ငါ နေ့စဉ် မြင်တွေ့နေရသူတွေကတော့ မငြိမ်မသက် ယောက်ယက်ခပ် နေကြတယ်။ ဣနြေ္ဒ စောင့်စည်းခြင်း မရှိဘူး။ ကြောက်လန့် တုန်လှုပ်နေတဲ့ သမင်တွေလိုပဲ၊ အစာအတွက် ရှင်သန်မှု အတွက် အမြဲပဲ ထိတ်ထိတ်ပျာပျာ ဖြစ်နေကြတယ်။ အခု ဟိုမှာ မြင်နေရတဲ့ သူ၊ အင်း... သူငယ်လေးပါလား။ ကလေးငယ်ပါလား…။ သာမဏေလေး…။ သူကတော့ တည်ငြိမ်လိုက်တာ။ ခြေလှမ်းပုံကအစ သပ်ရပ် တိကျလိုက်တာ။ သူဟာ အသွင်သဏ္ဌာန် တည်ငြိမ်ခိုင်ခံ့သလို အတွင်း စိတ်သန္တာန်မှာ ရှင်သန် မြဲမြံပေမှာပဲ”
အသောကမင်းသည် စိတ်မြန်ကိုယ်မြန် သဘာဝရှိသူ ဖြစ်သည်။ လိုချင်သောအရာကို ချက်ချင်း ရယူပိုင်ဆိုင်ရမှ ကျေနပ်သည်။ ထိုကြောင့်...
“ဟေ့... အမတ်တစ်ယောက် လာစမ်း။ ဟောဟိုမှာ နန်းရင်ပြင်ကို ဖြတ်ပြီး အရှေ့ဘက်ကို သွားနေတဲ့ သာမဏေငယ်လေး တွေ့လား။ သွား... သူ မြို့တံခါးအပြင်ဘက် မရောက်ခင် လိုက်ပင့်ပြီး ဒီကိုကြွလာဖို့ ပြောစမ်း... မြန်မြန်သွား”
အမတ်သည် လျှင်မြန်စွာ ထွက်ခွာသွားသည်။
ခါတိုင်းထက် ပိုပြီး စိတ်မြန်လက်မြန် ဖြစ်နေသော အသောကမင်းသည် ထိုပထမအမတ် သွားနေစဉ်မှာပင် နောက်ထပ် အမတ်တစ်ဦးကို ခေါ်၍ လွှတ်ပြန်သည်။ထိုနောက် မကြာသင့်ဘဲ ကြာနေသည်ဟုဆိုကာ တတိယအမတ်ကို လွှတ်ပြန်သည်။ နောက်ထပ် အမတ်တစ်ယောက် နှစ်ယောက် သုံးယောက်...။
“မြန်မြန်ပင့်ခဲ့၊ မြန်မြန်ကြွလာဖို့ ပြော...”
* * * *
နိဂြောဓသာမဏေကား နောက်မှ အမတ်များ ခြံရံလိုက်ပါလျက် ပုံမှန် လှမ်းကြွနေကျ ခြေလှမ်းများဖြင့်သာ အေးဆေးတည်ငြိမ်စွာ လျှောက်လာသည်။ အသောက မင်းကြီးသည် သာမဏေငယ် နန်းတော်မုခ်သို့ ရောက်သည်အထိ လေသာနန်းတံခါးမှ စောင့်ကြည့်ပြီးနောက် တံခါးမှ ခွာလျက် နန်းဆောင်ထဲ ဝင်လိုက်သည်။ ဘုရင်မင်းမြတ် နန်းဆောင်ထဲ ရောက်နေပြီး အသင့်စောင့်နေပြီဟု သတင်းရသော အမတ်တို့သည်လည်း သာမဏေကို ညီလာခံ နန်းတော်အထိ ပင့်လာကြသည် ။
နိဂြောဓ သာမဏေ ညီလာခံ နန်းဆောင်ထဲ ရောက်လာသည်။ အမတ်များ နန်းကြမ်းပြင်ပေါ်၌ အသီးသီး ခစားနေရာယူလိုက်ကြသည်။ အသောကမင်းက သာမဏေငယ်ကို နှစ်လိုစွာ ကြည့်ရင်း...
“သင့်တော်လျောက်ပတ်ရာ နေရာကို သိပြီး ထိုင်ပါ”
ဟု ပြောလိုက်သည်။
နိဂြောဓသာမဏေက နှစ်ထောင့်ထွာ အရပ်ကိုသာ ကြည့်သော စက္ခုနြေ္ဒကို အသာအယာ ပင့်ရင်း နန်းတော်ကို တည်ငြိမ်စွာ အကဲခတ်လိုက်သည်။ နန်းတော်ကြမ်းပြင်တွင် ပျပ်ဝပ် ခစားနေကြသော အမတ်များ၊ မိမိ အနား၌ ရပ်နေသော အသောကမင်း။ ထိုနောက် ကြမ်းပြင်ပေါ်တွင် စီရရီ ခင်းဖြန်ထားသော ကတ္တီပါဖုံများ။ ထိုနောက် ထီးဖြူ အုပ်မိုးထားသော ရာဇပလ္လင်၊ ထိုပလ္လင်ထက်တွင် မည်သူမျှ မရှိ။
သာမဏေလေး မည်သည့်နေရာတွင် နေရာယူမည်ကို စောင့်ကြည့် အကဲခတ်နေသော အသောကမင်းသည် မမျှော်လင့်သော အခြင်းအရာတစ်ခုကို ကြုံလိုက်ရ၏။ ယင်းကား သာမဏေက သပိတ်ကို မိမိထံသို့ ကမ်း၍ လှမ်းပေးနေခြင်းပင် ဖြစ်သည်။ မင်းကြီးသည် သပိတ်ကို လှမ်းယူ ပိုက်ထားလိုက်ရသည်။ ထိုနောက်...
နိဂြောဓသာမဏေသည် ဆုတ်ဆိုင်းတုံနှေးခြင်း အလျဉ်းကင်းသော ခြေလှမ်းများဖြင့် ပလ္လင်ဆီသို့ လျှောက်သွားကာ ရာဇပလ္လင်ပေါ်သို့ တက်၍ ထက်ဝယ်ဖွဲ့ခွေ နေရာယူလိုက်သည်။ အမတ်များအားလုံး ထိတ်ထိတ်ပျာပျာ ဖြစ်သွားကြသည်။ မဂဓနိုင်ငံတော်၏ အရှင်သခင် ဘုရင်မင်းမြတ် တစ်ပါးတည်းအတွက်သာ ဖြစ်သော ရာဇပလ္လင်ထက်တွင် အသောကမင်းကြီး မှတစ်ပါး မည်သူမျှ ထိုင်ခွင့်မရှိ၊ ဤသို့ တက်ထိုင်သူသည် မင်းကြီး၏ အာဏာစက်ကို ဖီဆန်သူ၊ စိန်ခေါ်သူသာ ဖြစ်ပေသည်။
ထိုကြောင့် ရာဇအာဏာကို တစ်ဖက်စွန်းမှ ဆွဲကိုင်လှုပ်ယမ်း သော သာမဏေငယ်အား မင်းကြီး ဘယ်သိ ပြုမူလေမလဲဟု ထိတ်လန့်စွာ ကြည့်နေကြသည်။ အမျက်မာန်ကြီးတတ်သော အသောကမင်းသည် သန်လျက်ဓားကို ဆွဲယူလိုက်မည်လား။ သို့မဟုတ် စစ်သည် ရဲမက်များကို ဆင့်ခေါ်လိုက်လေမလား။
အမတ်အားလုံး အံ့အားသင့်ကာ ငေးငိုင်မင်တက် ဖြစ်သွားကြသည်။ မင်းကြီးသည် သာမဏေငယ် ကမ်းပေးထားသော သပိတ်ကို ပိုက်ထားလျက်သားပင် ကျေနပ်အားရစွာ သာမဏေကို ကြည့်နေသည်။ မင်းကြီး၏ မျက်လုံးအစုံတွင် အမျက် တစိုးတစိ မရှိရုံမက နှစ်သက်ကြည်နူးသော မျက်ဝန်းရည်ကြည်များပင် ဝန်းဖွဲ့နေသည် ထင်ရ၏။
အသောကမင်းကား ကြည်နူးခြင်းများဖြင့် စိတ်ထဲမှ ရေရွတ်လိုက်သည်။
“ဒီနေ့ပဲ ဒီသာမဏေလေးဟာ မဂဓသခင်ကို သိမ်းပိုက်တော့မယ်….သာမဏေလေး ထိုင်လိုက်ခြင်းအားဖြင့် အသောကရဲ့ ရာဇပလ္လင်ဟာ ပိုပြီး ဘုန်းအာဏာ တောက်ပတော့မယ်”
အသောကမင်းက သပိတ်အဖုံးကို ဖွင့်၍ အမတ်များဘက်သို့ တစ်ချက်လှည့်ကာ မျက်ရိပ်ပြလိုက်သည်။ မိမိတို့ အရှင်သခင်၏ အရိပ်အကဲကို အမြဲသိနေကြသော အမတ်များလည်း ချက်ချင်းပင် နားလည်သွားကြသည်။
မကြာမီမှာပင် သပိတ်ထဲ၌ ဆွမ်းဘောဇဉ်များ လောင်းထည့်ပြီး ဖြစ်သွား၏။ မင်းကြီးက ဆွမ်းဘောဇဉ်များနှင့်တကွသော သပိတ်ကို ပလ္လင်ထက်ရှိ သာမဏေငယ်လက်သို့ ကပ်သည်။ သာမဏေက ဣနြေ္ဒကြီးရင့်စွာ လှမ်းလင့်လက်ခံသည်။ ထိုနောက် ညီလာခံ နန်းတော်အလယ် ရာဇပလ္လင်ထက် ဘုရင်နှင့်တကွ မှူးမတ်များ စုံညီရှိနေကြသည့် အခင်းအကျင်းဝယ် သာမဏေငယ်သည် ထိုအရာများ မရှိသကဲ့သို့ပင် တောရိပ်တောင်ရိပ် သစ်ပင်အောက် မိမိ တစ်ပါးတည်း ရှိနေသကဲ့သို့ သပိတ်ထဲမှ ဆွမ်းကို ရင့်ကျက်စွာ တည်ငြိမ်စွာ ဘုဉ်းပေးလေသည်။ မျှတရုံလောက်သော ဆွမ်းကိစ္စအဝဝ ပြီးသောအခါ သာမဏေငယ်သည် စက္ခုနြေ္ဒကို ဖြစ်စေလျက် ငြိမ်သက်စွာပင် ထိုင်နေ၏။
အသောကမင်းကြီးသည် လျောက်ပတ်သော နေရာကို ယူလျက် စမေးလေသည်။
“အရှင်သာမဏေရဲ့ အမျိုးအနွယ်ဟာ ဘာပါလဲ”
နိဂြောဓသာမဏေက ဖြေသည်။
“ဗုဒ္ဓမျိုးနွယ် ဖြစ်ပါတယ်”
ရှင်းလင်းပြေပြစ်သော အသံ ပေါ်လာသည်။
“အရှင်သာမဏေ ဘယ်သူရဲ့ အဆုံးအမကို ခံယူပါသလဲ”
“မြတ်စွာဘုရားရဲ့ အဆုံးအမကို ခံယူပါတယ်”
“အရှင်သာမဏေ မည်သည့်အယူဝါဒကို ယုံကြည်ပါသလဲ”
“နိဗ္ဗာန်ကိုသာ အာရုံပြုပါတယ်”
ဥပဓိလက္ခဏာ၏ ရှင်းသန့်ပုံကိုသာမက တွေဝေတုံ့ဆိုင်းခြင်းကင်းသော စကားသံကိုပါ ကြားရသည့်အတွက် မင်းကြီးမှာ နှလုံး ညွှတ်ပျောင်းခဲ့ပြီ ဖြစ်လေသည်။
အသောကမင်း၏ လက်အုပ် ကြာပဒုံသည် အလိုလို ဖူးငုံသွား၏။
“အရှင် သာမဏေတိုရဲ့ ဆရာအရှင် ဟောကြားသော အဆုံးအမကို အရှင် သိပါသလား”
“သိပါတယ်”
“ထိုအဆုံးအမကို တပည့်တော်အား ပြန်လည် ဟောကြားနိုင်ပါသလား”
“ဟောကြားနိုင်ပါတယ် မင်းကြီး”
အဆုံးအမကို ခံယူရန် မင်းကြီးသည် ဒူးတုပ်လိုက်၏။
“အပ္ပမာဒေါ အမတံပဒံ၊ ပမာဒေါ မစ္စု နောပဒံ...”
“အနက်ကို နာပါရစေ… အရှင် သာမဏေ”
“သတိစွဲမြဲမှုသည် မမေ့မလျော့ခြင်းသည် သေခြင်းကင်းရာ နိဗ္ဗာန်သို့ ရောက်ခြင်းဖြစ်၏။ သတိကင်းမှု၊ မေ့လျော့ခြင်းသည် ပူပန်ဆင်းရဲ အဖန်ဖန်တလဲလဲ သေရခြင်း၏ အကြောင်းဖြစ်၏”
မင်းကြီး၏ နှလုံးအိမ်သည် ထိုခဏမှာပင် ဓမ္မဖြင့် ထုံမွမ်းကာ တရားအမြိုက်၌ နစ်မြုပ်ပျော်ဝင်သွားလေသည်။
“တပည့်တော် သိပါပြီ ဘုရား”
* * * *
အသောကမင်းသည် နိဂြောဓသာမဏေအား အမြဲနိစ္စ ဆွမ်းအုပ်ရှစ်အုပ် လှူဒါန်း၏။ သာမဏေက ထိုဆွမ်းအုပ်ကို ဥပဇ္ဈာယ် ဆရာအား လှူသောအခါ နောက်ထပ် ဆွမ်းရှစ်အုပ် လှူပြန်သည်။ သာမဏေကလည်း ထပ်မံ လှူပြန်သည်။ တတိယရှစ်အုပ် မင်းကြီးက လှူပြန်ရာ သာမဏေကလည်း ရဟန်းအပေါင်းအား ထပ်မံ လှူပြန်သည်။ ဤသိုဖြင့် ရဟန်း သုံးဆယ့်နှစ်ပါးကို နန်းတော်သို ပင့်ကာ ဆွမ်းလုပ်ကျွေး သည်။ ထိုသို့ နေ့စဉ် နှစ်ဆတိုးစေကာ အခြားသော ပရိပိုဇ်၊ တိတ္ထိ၊ ပုဏ္ဏားများ စုစုပေါင်း ခြောက်သောင်းကို ဆွမ်းရိက္ခာ ဖြတ်တောက်စေပြီး ရဟန်း ခြောက်သောင်းကိုပင် အမြဲကပ်လှူလေသည်။
အသောကမင်းကြီး၏ စိတ်သန္တာန်မှာလည်း သဒ္ဓါ၏ လှုံဆော်မှုမှ အစပြုကာ သရဏဂုံနှင့် သီလများ၌ ဆိုက်တည် ငြိမ်သက်ခဲ့ပြီ ဖြစ်လေသည်။
သာဓု ..... သာဓု ..... သာဓု .....
စာရေးဆရာဆရာချစ်ဦးညိုဧ။် ကလေးရဟန္တာများမှ ထုတ်ယူပူဇော်ခြင်း ဖြစ်ပါသည်။
မေတ္တာဖြင့်....