“ ဘဝတစ်ခုလုံး ပြောင်းလဲစေသော စကား ”

“ ဘဝတစ်ခုလုံး ပြောင်းလဲစေသော စကား ”
--------------------------------------------------------------

၁၀၃၄ ခုနှစ်၊ ရွေပြည်မင်းတရားသားတော် နရာဝရမင်း လက်ထက်၊ ရွှေစည်းခုံစေတီ မြောက်ဘက်စောင်းတန်း
အနီး ဇေတ၀န်ကျောင်းတိုက်မှာ နှစ်ဆယ်စွန်းစ
ရဟန်းပျို လေးတစ်ပါး စာသင်နေပါတယ်။

တနေ့မှာ အရွယ်အလျောက် လူငယ်တွေးတွေးရင်း လူထွက်ချင်စိတ် ပေါက်လာပါတယ်။ ကိုယ့်အရွယ်ကိုယ်ပြန်ကြည့်လိုက်တော့လဲ လူ့ဘ၀မှာနေလို့ ကောင်းတဲ့အရွယ်ဖြစ်နေပါတယ်။

ဒါကြောင့် တစ်ခါတည်းပဲ လူဝတ်လဲဖို့ ဆုံးဖြတ်လိုက်ပါတယ်။
ရဟန်းဘ၀မှာ ဘာလုပ်လုပ်၊ ဘယ်သွားသွား ဦးစွာ ဘုရားရှိခိုးပြီးမှလုပ်တဲ့ အပြုအမူကို အကျင့်ပါနေလေ တော့ အခုလူဝတ်လဲဖို့စီစဉ်တော့လည်း လုပ်နေကျ အပြုအမူကလေးက ဦးစွာ ခေါင်းထဲဝင်လာပြန်ပါတယ်။

ဘယ်လိုဝင်လာသလဲဆိုတော့
“ လူမထွက်ခင် ရဟန်းဝတ်နဲ့ ရွှေစည်းခုံဘုရားကို
ရှိခိုးလိုက်ဦးမယ်၊ ဘုရားရှိခိုးပြီးမှ လူထွက်မယ် ”
ဆိုတဲ့အတွေးပါ။

ဒါကြောင့် အဖော်ရဟန်းတွေနဲ့အတူ အ၀တ်အစားတွေ
ယူလာပြီး ရွှေစည်းခုံဘုရားဆီကို ထွက်ခဲ့ပါတယ်။
အဖော်ရဟန်းတွေ ခေါ်ခဲ့ရတာက ရဟန်းတစ်ပါး
လူထွက်မယ်ဆိုရင် ကိုယ့်ဟာကိုယ် ထွက်လို့မရပါဘူး။
အခြားတစ်ပါးက သိက္ခာချပေးမှ သိက္ခာကျတာပါ။
(လူဖြစ်တာပါ)

ဒါကြောင့် အဖော်ရဟန်းတွေကို အ၀တ်အစားတွေ ပေးပြီး ခပ်လှမ်းလှမ်းမှာ စောင့်ခိုင်းထားလိုက်ပါတယ်။ ရဟန်းပျိုကတော့ ဘုရားရှိခိုးဖို့ ဘုရားလိုဏ်ဂူအတွင်းကို ၀င်ခဲ့ပါတယ်။

လိုဏ်တွင်းမှာ ဘုရားရှိခိုးနေရင်း တစ်ဝက်လောက် ရောက်တော့ လိုဏ်ပြင်က ဆုတောင်းသံတစ်ခု ကြားလိုက်ရပါတယ်။

ဘယ်လို ဆုတောင်းသံလဲဆိုတော့ ....
“ တပည့်တော်မသည် ဤကောင်းမူဖြင့် ဆင်းရဲနှင့်
ငရဲကင်းရလိုပါ၏။ ဖြစ်လေရာ ဘ၀တိုင်း၌
ဘုန်းကြီးလူထွက်မယား မဖြစ်ရပါလို၏ ” တဲ့။

ဆုတောင်းသံကြားပြီး ရဟန်းပျို လည်း
တော်တော်အံ့သြသွားပါတယ်။
ကိုယ်ကလဲ လူထွက်ဖို့လာ၊
ဒကာမကလဲ လူထွက်မယားမဖြစ်ရပါလိုလို့ ဆုတောင်း၊ တိုက်ဆိုင်တယ်ပဲပြောပြော၊ ဘာကြောင့် လူထွက်မယားမဖြစ်ချင်ရတာကိုတော့ မေးဦးမှပဲဆိုပြီး လိုဏ်ဂူပြင်ထွက်ခဲ့ပါတယ်။

လိုဏ်ပြင်မှာ ရဟန်းပျို  နဲ့သက်တူရွယ်တူ ဒကာမတစ်ယောက်ကို တွေ့ရပါတယ်။ ဒါနဲ့
ရဟန်းပျို  က ဒကာမနားကပ်သွားပြီးမေးလိုက်ပါတယ်။

“စောစောက ဆုတောင်းသံသည် ဒကာမထံမှဖြစ်မည်ဟု ထင်ပါသည်။”

 "ဟုတ်ပါသည် အရှင်"

 “ အဘယ်ကြောင့် လူထွက်မယား မဖြစ်ပါလိုလို့
ဆုတောင်းရပါသနည်း။ နေပါဦး ၊ လူထွက်လျှင်ပင် မိုက်လေတော့သလား”

“လူထွက်သောရဟန်းသည် အဘယ့်ကြောင့်
မမိုက်ဘဲရှိတော့မည်နည်း။ရဟန်းမည်သည်ကား
သူတစ်ပါးလှူ သော အရိပ်သင်္ခမ်းကို သုံးဆောင် စားသောက်၍ ချမ်းသာစွာ နေထိုင်ရပေသည်။ စာပေကျမ်းဂန် သင်ကြားလိုက သင်ကြားနိုင်၏။
မသင်လျှင်လဲ သင်္ကန်းကြီးကို ခြေကန်ကာသာ
အိပ်လိုသမျှ အိပ်နေနိုင်သည်။
ထိုသို့စဉ်လျက် သူ့ကျွန်ခံဦးမည်။
မယားကျွန်ပြု၍ လုပ်ကျွေးဦးမယ်။
လူထွက်သော ရဟန်းထက် မိုက်သောလူမရှိပြီ။
လူမိုက်မယား ဖြစ်ချေက ကျွန်ုပ် မဆင်းရဲပြီလော”

ဒကာမရဲ့ အဖြေစကားကိုကြားရတော့ ရဟန်းပျိုလည်း ထိတ်လန့်သွားပါတယ်။
ထိတ်လန့်မူနဲ့အတူ မြတ်စွာဘုရား တောင်မှ ရဟန်းဘ၀ကို ကိုးကြိမ်ပဲရခဲ့တာ။
ရဟန်းဝတ်နဲ့ လောကအကျိုး၊သာသနာအကျိုးဆောက်ရွက်နိုင်ခွင့်  ပိုပြီး အခွင့် အရေးရတာ စတဲ့ အတွေးတွေတွေးပြီး
မှင်သက်မိသွားပါတယ်။

 ဒါကြောင့် ဘေးဘီကိုတောင် သတိမထားမိတော့ဘဲ တစ်နေရာတည်းမှာ ခြေစုံရပ်ပြီး “တွေ” နေမိပါတယ်။

ရဟန်းပျို ရဲ့ အခြေအနေကို ခပ်လှမ်းလှမ်းမှာ စောင့်နေတဲ့ အဖော်ရဟန်းတွေက အထင်းသားမြင်တွေ့နေရပါတယ်။
ဒါကြောင့် အဖော်တွေက လှမ်းပြီး အသံပြုပါတယ်။

ရဟန်းပျို လည်း အဖော်ရဟန်းတွေရဲ့အသံကြားမှ
ကိုယ့်ကိုယ်ကို ပြန်သတိရသွားပါတယ်။
အဖော်ရဟန်းဆီ မသွားနိုင်တော့ပဲ မိမိဆီကိုပဲလာခဲ့ကြဖို့ လက်ယပ်ခေါ်လိုက်ပါတယ်။

အဖော်ရဟန်းတွေ အနားရောက်တော့ မိမိအတွေ့အကြုံကိုပြောပြပြီး တပည့်တော် လူမထွက်တော့ဘူးဆိုပြီး စစ်ကိုင်းဘက် ကို ကူးသွားပါတယ်။

စစ်ကိုင်းရောက်တော့ အပြင်အာရုံတွေအ၀င်မခံတော့ဘဲ
ဆရာတွေဆီမှာ ဆက်လက်စာသင်လိုက်တာ
ပိဋကတ်သင်ရိုး ကုန်တဲ့အထိ တတ်မြောက်သွားပါတယ်။

 ပိဋကတ်စာပေသင်ရိုးကုန်တတ်မြောက်ပြီးတဲ့အခါ ပုညရှင်စေတီအနီးကကျောင်းမှာပဲ သီတင်းသုံးနေပါတယ်။
စာလိုက်သံဃာတွေ တဖြည်းဖြည်းများလာလိုက်တာ ကျောင်းဆောင်မလောက် တော့လို့ တဲသာသာကျောင်းဆောက်ပြီး နေကြရတဲ့အထိ စာလိုက်သံဃာတွေ ပေါများခဲ့ပါတယ်။

ဒီလိုနဲ့ တစ်နေ့မှာ အင်းဝနရာဝရာမင်း က  ပုညရှင်စေတီကိုလာဖူးရင်း ရဟန်းပျို လေးရဲ့ ကျောင်းတိုက်ကို တွေ့သွားပါတယ်။

စာသင်သား ကိုယ်တော်လေးတွေ တဲသာသာကျောင်းဆောင်တွေမှာ ဆင်းဆင်းရဲရဲစာသင်နေရတာကို မြင်တွေ့ပြီး တစ်ခါတည်း ကျောင်းဆောင်သစ်တွေ
ဆောက်လုပ်လှူ ဒါန်းပေးပါတယ်။

ပြီးတော့ ရဟန်းပျို လေးကိုလည်း တိလောကဂုရု ဆိုတဲ့
ဘွဲ့တံဆိပ်ကို ဆက်ကပ်လှူဒါန်းသွားပါတယ်။
ဒကာမင်းမြတ်အနေနဲ့ သဒ္ဓါနဲ့တာဝန်ကို ဟန်ချက်ညီညီ ဆောက်ရွက်သွားတယ်လို့ ဆိုနိုင်ပါတယ်။
စာထဲမှာတိုက်ရိုက်မပါပေမယ့် တစ်ဆင့်စကား
ကြားဖူးတာကတော့ အဲဒီခေတ် ကာလတုန်းက
ရဟန်းပျိုရခဲ့တဲ့ဘွဲ့ဟာ အမြင့်ဆုံးဘွဲ့လို့ဆိုပါတယ်။

ကဲ- ကြည့်ပါဦး။ အမည်မသိ သာမန်မိန်းကလေးတစ်ယောက်ရဲ့စကားတစ်ခွန်းဟာ လူတစ်ယောက်ရဲ့ဘ၀တစ်ခုလုံး ပြောင်းလဲ စေခဲ့တာ။

အဲဒီပြောင်းလဲမူဟာလည်း တစ်ဦးတစ်ယောက်အတွက်သာ
မဟုတ်ဘဲ လောကအတွက် သာသနာ အတွက်ပါ
အကျိုးများစေခဲ့တာ။

လောကမှာ စကားကောင်းတွေပြောဖြစ်ဖို့
လိုအပ်သလို စကားကောင်းတွေ ကြားနာခွင့်ရဖို့လည်း
လိုအပ်ပါတယ်။

ဒီအခွင့်အရေးနှစ်ခုကို ရဖို့အတွက် ဗုဒ္ဓရဲ့စကားခြောက်ခွန်းကို
အစဉ်သဖြင့် အာရုံပြုထားဖို့လိုပါတယ်။

စကားခြောက်ခွန်း

၁။ မဟုတ်မမှန်ဘူး။ အကျိုးလဲမရှိဘူး။ ကြားရသူမနှစ်သက်တဲ့စကားမျိုး။

၂။ မဟုတ်မမှန်ဘူး။ အကျိုးလဲမရှိဘူး။ ကြားရတဲ့သူ နှစ်သက်တဲ့စကားမျိုး။

၃။ ဟုတ်မှန်တယ်။ အကျိုးလဲမရှိဘူး။ ကြားရတဲ့သူ မနှစ်သက်တဲ့စကားမျိုး။

၎။ ဟုတ်မှန်တယ် ။ အကျိုးလဲမရှိဘူး။ ကြားရတဲ့သူ နှစ်သက်တဲ့စကားမျိုး။

၅။ ဟုတ်မှန်တယ်။ အကျိုးလဲရှိတယ်။ ကြားရတဲ့သူ မနှစ်သက်တဲ့စကားမျိုး။

၆။ ဟုတ်မှန်တယ်။ အကျိုးလဲရှိတယ်။ ကြားရတဲ့သူ နှစ်သက်တဲ့စကားမျိုး။

အထက်ပါ စကားခြောက်ခွန်းမှာ

 နံပါတ် ၁၊၂၊၃၊၄ ဖြစ်တဲ့
စကားတွေက မပြောရမယ့်စကားတွေဖြစ်ပြီး

နံပါတ် ၅၊ ၆ ကတော့ ပြောရမယ့်စကားတွေဖြစ်ပါတယ်။

ဒါကြောင့်
“စကားခြောက်ခွန်း၊ လူ၌ထွန်း၊ လေးခွန်းကိုမျှော၊
နှစ်ခွန်းပြောလို့ ”စပ်ဆိုခဲ့ကြပါတယ်။

ဘာပဲပြောပြော မနက်အိပ်ရာထကနေ
ညအိပ်ရာဝင်တဲ့အထိ စကားတွေကတော့
မဖြစ်မနေ ပြောနေကြရမှာပါ။

စာဖတ်သူရေ၊
တစ်နေ့တာပြီးဆုံးလို့ ညအိပ်ရာဝင်တဲ့အခါ
နဖူးပေါ်လက်တင်ပြီး စဉ်းစားကြည့်ရအောင်နော်။

" ငါ့ ဒီနေ့တစ်နေ့ ကုန်ဆုံးလို့ ပြောဖြစ်ခဲ့တဲ့ စကားတွေထဲမှာ စကားခြောက်ခွန်းထဲက ဘယ်လိုစကားတွေ ပြောဖြစ်ခဲ့သလဲ " လို့ ပေါ့ ။

ရဝေနွယ်(အင်းမ)

ကျမ်းကိုး
(၁) သာသနာလင်္ကာရစာတမ်း(လယ်တီ ဦးလှပိုင်)
(၂) ပုခန်းသာသနာတင် ( လယ်တီ ဦးလှပိုင်)
 မြတ်သတိ နိုဝင်ဘာ၊၂၀၀၀

စာဖတ်သူဓမ္မပရိသတ်များ စိတ်ကောရုပ်ကော ချမ်းသာကြပါစေ။

ရှင်ဥပဂုတ္တ ရှင်းတမ်း

ရှင်ဥပဂုတ္တ ရှင်းတမ်း =========== (၂၀၀၈- ခုနှစ်၊ ဧပြီလထုတ် မြတ်ပန်းရဂုံ စာစောင်ပါ မောင်ဇေယျာ (ရန်ကုန်)၏ မေးခွန်းကို ဖြေကြားထားခြင်း ဖြစ...