အပြည်ပြည်ဆိုင်ရာ ဖားအောက်ဗုဒ္ဓသာသနာ့ရိပ်သာ သို့....
ဗုဒ္ဓနည်းကျ တရားပြ တောရမြတ်စခန်း
တရားလမ်းမှန် ဖေါ်ထုတ်ပြန် ရောက်ရန်နိဗ္ဗာန် နန်း
ဆင်းရဲငြိမ်းအေး ချမ်းသာရေး မနှေးကြွချီလှမ်း
ချမ်းမြေ့သာယာ တရားရှာ ကြွပါဖားအောက်စခန်း ။ ။

___________________________________________________
#အပြည်ပြည်ဆိုင်ရာဖားအောက်တောရ
••••••••••••••••••••••••••••••
ဖားအောက်တောရသည် မွန်ပြည်နယ် မော်လမြိုင်မြို့နယ် ဖားအောက်ရွာအနီး၌ တည်ရှိသည်။ ဖားအောက်တောရ
ဟူသောအမည်သည် ဖားအောက်ရွာကို ဂေါစရဂါမ်ပြုသော အသီးအသီးသော တောကျောင်းများ တည်ရှိရာနယ်မြေကို
ခြုံငုံ၍ ခေါ်ဆိုသောအမည်လည်းဖြစ်သည်။

ဤ၌ ရည်ညွှန်းသော ဖားအောက်တောရဆိုသည်မှာ ဖားအောက်တောရဆရာတော်ဟု ထင်ရှားသော
ဆရာတော်ကြီး ဘဒ္ဒန္တအာစိဏ္ဏ ထိန်းသိမ်းစောင့်ရှောက် စီမံအုပ်ချုပ်လျက်ရှိသော ကျောင်းဝင်းများပါရှိသော
တောရကျောင်းတိုက်ကြီးကို ဆိုလိုပါသည်။
(၁) သစ်သီးကျောင်း ခေါ် စင်္ကြံကျောင်း ခေါ် အောက်ကျောင်း
(၂) ကျွဲတညင်းကျောင်း ခေါ် အလယ်ကျောင်း
(၃) စိတ္တလတောင်ကျောင်း ခေါ် ၀ါးကျောင်း ခေါ် အပေါ်ကျောင်းတို့ဖြစ်သည်။
(၄) နိဂြောဓာရုံကျောင်း
(၅) မဟာဂန္ဓာရုံကျောင်း ( စင်္ကြကျောင်း ခေါ် အောက်ကျောင်း အနီးကတောရကျောင်း ဖြစ်ပါသည်)

ဆရာတော်အစဉ်အဆက်.....
သစ်သီးဆရာတော်
----------------------
ဖားအောက်တောရ သစ်သီးကျောင်းနှင့် ကျွဲတညင်းကျောင်းကို စတင်တည်ထောင်သော ဆရာတော်သည် သစ်သီး
ဆရာတော်ဟု ထင်ရှားကျော်ကြားသော ဆရာတော်အရှင်ခေမာဝန္တ ဖြစ်ပါသည်။ (၁၉၂၆-၁၉၇၃)

ဖယ်ထော်ဆရာတော်
---------------------
ဒုတိယဆရာတော်မှာ ဖယ်ထော်ဆရာတော်ဟု ထင်ရှားသော ဆရာတော်အရှင်အဂ္ဂပညာ ဖြစ်ပါသည်။
(၁၉၇၃-၁၉၈၁)

ဖားအောက်တောရဆရာတော်
-----------------------------------
တတိယဆရာတော်မှာ ဖားအောက်တောရဆရာတော်ဟု ထင်ရှားကျော်ကြားသော ယခု လက်ရှိ ဆရာတော်
အရှင်အာစိဏ္ဏ ဖြစ်ပါသည်။ သစ်သီးကျောင်းနှင့် ကျွဲတညင်းကျောင်းကို အုပ်ချုပ်ရင်း ၁၉၈၁-ခုနှစ်မှ စတင်၍
စိတ္တလတောင်ကျောင်းကို တိုးချဲ့တည်ထောင်ခဲ့သည်။

ဖားအောက်တောရသမိုင်းအကျဉ်း
***********************
စင်္ကြံကျောင်းကို ကောဇာသက္ကရာဇ် ၁၂၈၇-ခုနှစ် တပေါင်းလခန့်၊ ခရစ်သက္ကရာဇ် ၁၉၂၆-ခုနှစ်တွင် သစ်သီး
ဆရာတော်လောင်းလျာ အရှင်ခေမာဝန္တ စတင်တည်ထောင်ခဲ့သည်။ ရဟန်း (၄)၀ါရစဉ်ကပင် သက်သတ်လွတ်
ဘုဉ်းပေးခဲ့ပြီး အများအားဖြင့် သစ်သီးသစ်ဥများကိုသာ ဘုဉ်းပေးလေ့ရှိသောကြောင့် ထိုစဉ်ကပင် သစ်သီးဆရာတော်ဟု
ခေါ်တွင်ခဲ့ပါသည်။ ဗုဒ္ဓါနုဿတိဘာဝနာကို အလေးပေးပွားများလေ့ရှိပြီး ဒွတ္တိံသာကာရကမ္မဋ္ဌာန်းကိုပွားများ၍ ၀ိပဿနာ
ရှုပွားအားထုတ်တော်မူလေ့ရှိသည်။ တပည့်များကို ဗုဒ္ဓါနုဿတိဘာဝနာကို ပွားများအားထုတ်ရန် ဟောကြားလေ့ရှိသည်။
များသောအားဖြင့် တစ်ပါးတည်းသာ နေတော်မူလေ့ရှိသည်။ ကောဇာသက္ကရာဇ် ၁၃၃၄-ခုနှစ် တပေါင်းလဆန်း ၉-
ရက်၊ ၁၂.၃.၁၉၇၃ နေ့၊ သက်တော် ၇၂-နှစ် သိက္ခာတော် ၅၂-၀ါအရတွင် ပျံလွန်တော်မူသည်။

သစ်သီးဆရာတော်ပျံလွန်တော်မူပြီးနောက် ဒုတိယဆရာတော်အဖြစ် ဖယ်ထော်ဆရာတော် အရှင်အဂ္ဂပညာသည်
ရှစ်နှစ်တိုင်တိုင် ဆက်လက်သီတင်းသုံးနေထိုင်ခဲ့သည်။ သက်တော် ၆၂-နှစ်၊ သိက္ခာတော် ၄၀ အရ၊ ကောဇာသက္ကရာဇ်
၁၃၄၃-ခုနှစ်၊ ၀ါဆိုလဆုတ် ၅-ရက်နေ့၊ ၂၁.၇.၁၉၈၁ နေ့တွင် ပျံလွန်တော်မူသည်။

ဒုတိယဆရာတော်သည် ပျံလွန်တော်မမူမီ အရှင်အာစိဏ္ဏအား အမြန်ဆုံးကြွရောက်လာရန် အကြောင်းကြားခဲ့
သည်။ ထိုအချိန်က အရှင်အာစိဏ္ဏသည် ရေးမြို့နယ် မွန်စိန်တောရ (အစင်တောရ)နှင့် ရံခါ ဒူးယားတောရတို့တွင်
တောရဆောက်တည်နေချိန်ဖြစ်သည်။ အကြောင်းကြားစာ ရလျှင်ရခြင်း အရှင်အာစိဏ္ဏလည်း အမြန်ဆုံးကြွလာခဲ့၏။
ဖယ်ထော် ဆရာတော် ပျံလွန်တော် မမူမီ ၅-ရက်အလို ကောဇာသက္ကရာဇ် ၁၃၄၃-ခုနှစ်၊ ၀ါဆိုလပြည်နေ့၊ ၁၆.၇.၁၉၈၁
နေ့ နံနက်တွင် ဖားအောက်တောရသို့ ရောက်ရှိခဲ့သည်။ ဖယ်ထော်ဆရာတော်က သစ်သီးကျောင်းကို ဆက်လက် စောင့်ရှောက်ပေးရန်
မေတ္တာရပ်ခံသဖြင့် ပျံလွန်တော်မမူမီ စိတ်ချမ်းသာစေရန် ထိုတာဝန်ကို လက်ခံခဲ့ပြီး ဖားအောက်တောရ၌စတင် သီတင်းသုံး
ခဲ့ရလေသည်။ (ဤနေရာ၌ ဖားအောက်ဆရာတော်၏ ထေရုပ္ပတ္တိအကျဉ်းကို ဖော်ပြပါဦးမည်။)

ဖားအောက်တောရဆရာတော် ဘဒ္ဒန္တအာစိဏ္ဏ၏ ထေရုပ္ပတ္တိအကျဉ်း
.......................................................................
၁၂၉၆-ခုနှစ်၊ ပထ၀ါဆိုလဆန်း (၁၄)ရက်, တနင်္ဂနွေနေ့ နံနက် (၈)နာရီအချိန်တွင် ဟင်္သာတမြို့နယ်,
လိပ်ချောင်းကျေးရွာ၌ မွေးဖွားခဲ့သည်။ ဖခင် - ဦးပြူး, မိခင် - ဒေါ်စောတင်တို့၏ စတုတ္ထမြောက် သားရတနာဖြစ်သည်။
၁၃၀၆-ခုနှစ်၊ ကဆုန်လဆန်း (၁၁)ရက်နေ့တွင် လိပ်ချောင်းကျေးရွာ စလင်းကျောင်းဆရာတော် ဦးသောဏ
မထေရ်မြတ်ကို ဥပဇ္ဈာယ်ပြု၍ ရှင်သာမဏေအဖြစ်သို့ ရောက်ရှိသည်။

၁၃၁၂-ခုနှစ်၊ နယုန်လမှ ၁၃၁၄-ခု နယုန်လအထိ ဟင်္သာတမြို့ တာ (၅၀)ရပ် ရေကြည်တိုက်သစ်တွင် ဆရာတော်
ဦးမဟိန္ဒç ဆရာတော် ဦးပဏ္ဍ၀ံသ, ဆရာတော် ဦးပညာဝန္တတို့ထံ၌ ပရိယတ္တိပညာများကို ဆည်းပူးခဲ့သည်။ ၁၃၁၃-
ခုနှစ်တွင် ပထမငယ်တန်း, ၁၃၁၄-ခုနှစ်တွင် ပထမလတ်တန်းတို့ကို အောင်မြင်ခဲ့သည်။
၁၃၁၄-ခုနှစ်တွင် ရန်ကုန်မြို့၊ ကြည့်မြင်တိုင် အောင်မင်္ဂလာသိဒ္ဓိတိုက်ဆရာတော် ဦးဥတ္တမထံတွင် (၃)လတာမျှ
ဆန်း-အလင်္ကာ, အထက်ယမိုက်ကျမ်းများ, ရူပသိဒ္ဓိကျမ်းများကို သင်ယူခဲ့သည်။

၁၃၁၄-ခုနှစ်၊ သီတင်းကျွတ်လတွင် မန္တလေးမြို့၊ မစိုးရိမ်တိုက်သို့ ပြောင်းရွှေ့နေထိုင်ခဲ့သည်။ ကျေးဇူးတော်ရင်
သက်တော်ရှည် အဘိဓဇမဟာရဋ္ဌဂုရု မစိုးရိမ်ဆရာတော်ဘုရားကြီးထံ၌ ပဋ္ဌာန်းကျမ်းကို သင်ယူခဲ့သည်။ ၀ိနယ
ဆရာတော်ဘုရားကြီးထံ၌ အထက်ယမိုက်ကျမ်းများကိုလည်းကောင်း, ပါဠိဆရာတော်ဘုရားကြီးထံ၌ အလင်္ကာကျမ်း
တို့ကိုလည်းကောင်း သင်ယူခဲ့သည်။

၁၃၁၅-ခုနှစ်တွင် ပထမကြီးတန်းကို အောင်မြင်ခဲ့သည်။ ၁၃၁၆-ခုနှစ်၊ ကဆုန်လဆန်း (၈) ရက်နေ့တွင် ရေကြည်မြို့
ဂိုဏ်းချုပ်ဆရာတော် မင်္ဂလာဆရာတော်ဘုရားကြီးကို ဥပဇ္ဈာယ်ပြု၍ ဟင်္သာတမြို့၊ တာ (၅၀)ရပ် ရေကြည်တိုက်သစ်
ခဏ္ဍသိမ်တော်၌ မြင့်မြတ်သော ရဟန်းအဖြစ်ကို ရရှိသည်။ ဟင်္သာတမြို့၊ ငါးမျက်နှာဘုရားကြီးရပ်ကွက် (၂)လမ်း၊
အမှတ် (၉၆)၌ နေထိုင်ကြသော ဦးစံချိန်-ဒေါ်အေးတင် မိသားစုတို့က ပစ္စယဒါယကာအဖြစ် ခံယူကြသည်။

၁၃၁၆-ခုနှစ်တွင် မန္တလေးမြို့၊ တောင်ပြင်ရပ်၊ မြင်းဝန်တိုက်သို့ ပြောင်းရွှေ့နေထိုင်ခဲ့သည်။ မြင်းဝန်တိုက်
ပတ္တမြားဆရာတော် ဦးဥက္ကံသ, ဘုရားကြီးတိုက် အမရပူရဆရာတော် ဦးဥက္ကံသ, ဘုရားကြီးတိုက် ဆရာတော် ဦးအရိယ,
ဘုရားကြီးတိုက် ဆရာတော် ဦးကုမာရ (ယခု ဗန်းမော်ဆရာတော်), ဘုရားကြီးတိုက် ဆရာတော် ဦးပညာဇောတ,
တောင်ထီးလင်းတိုက် ဆရာတော် ဦးသူရိယ, တောင်ထီးလင်းတိုက် ဆရာတော် ဦးပုညာနန္ဒတို့ထံ၌ ဘေဒစိန္တာ,
အဋ္ဌသာလိနီအဋ္ဌကထာ, သီလက္ခန္ဓ၀ဂ္ဂအဋ္ဌကထာ, သမန္တပါသာဒိကအဋ္ဌကထာ စသည့် စာဝါများကို သင်ယူခဲ့သည်။

၁၃၁၈-ခုနှစ်တွင် ဥက္ကံမြို့, ဘုရားကြီးတိုက်မှ ၀င်ရောက်ဖြေဆိုရာ သာသနဓဇသီရိပ၀ရဓမ္မာစရိယဘွဲ့ကို ရရှိခဲ့သည်။
၁၃၂၆-ခုနှစ်တွင် မဟာစည်သာသနာ့ရိပ်သာ၌ စတင်၍ မဟာစည်ဆရာတော်ဘုရားကြီးနှင့် ဆရာတော် ဦးပဏ္ဍိတ
(ယခု ရွှေတောင်ကုန်းဆရာတော်ဘုရား)တို့ထံတွင် ကမ္မဋ္ဌာန်းတရားများကို သင်ယူကာ အားထုတ်ခဲ့သည်။
၁၃၂၆-ခုနှစ်၊ ရဟန်းဆယ်ဝါ အရတွင် စတင်၍ တောရဆောက်တည်ခဲ့၏။ ကသစ်ဝိုင်ဆရာတော်ဘုရားထံတွင်
လည်း (၁၀)ရက် တရားအားဘာဝနာများ အားထုတ်ခဲ့သည်။၁၃၂၈-ခုနှစ်တွင် ဓာတ်ကမ္မဋ္ဌာန်း သင်ကြားပြသ
သော သန်လျင်ဆရာတော်ဘုရားထံ၌ (၆)လခွဲကြာ တရားဘာဝနာများကို အားထုတ်ခဲ့သည်။

၁၃၂၉-ခုနှစ်တွင် အာနာပါနဿတိကမ္မဋ္ဌာန်း သင်ကြားပြသပေးသော မုံရွာမြို့နယ် အထက်ချင်းတွင်း ကန်နီမြို့
ရွှေသိမ်တော်တောရ ဆရာတော်ဘုရားကြီးထံတွင် (၃)လခွဲမျှ တရားဘာဝနာများကို ပွားများအားထုတ်ခဲ့သည်။
၁၃၂၆-ခုနှစ်မှ စ၍ တောရဆောက်တည်ရာ -- သထုံမြို့, နေမိန္ဒရတောင်အနီး တောင်ဝိုင်းကြီးတောရတွင် (၁)၀ါ၊
မုဒုံမြို့နယ်, ကျောက်တစ်လုံးကျေးရွာ စိတ္တသုခတောရကျောင်းတွင် (၃)၀ါ၊ ရေးမြို့နယ်, အစင်ကျေးရွာ အစင်တောရ
ကျောင်းတွင် (၁၃)၀ါ အသီးသီး သီတင်းသုံးနေထိုင်ခဲ့ပြီး အထက်တွင် ဖော်ပြခဲ့သည့်အတိုင်း ၁၃၄၃-ခုနှစ် (၁၉၈၁-
ခုနှစ်)တွင် ဖားအောက်တောရသို့ ရောက်ရှိသီတင်းသုံးခဲ့ရာ ယခုတိုင်ဖြစ်လေသည်။ ဤသို့ နေရာ အသီးအသီး၌
သီတင်းသုံးကာ ပရိယတ္တိ, ပဋိပတ္တိ, တရားများကို စွမ်းအားရှိသမျှ ပွားများအားထုတ်ခဲ့ပါသည်။

ပြည်တွင်း ပြည်ပ ယောဂီသူတော်ကောင်းများကိုလည်း စွမ်းအားရှိသလောက် တရားဘာဝနာများကို ညွှန်ကြားပြသလျက် ပရိယတ္တိသာသနာ,
ပဋိပတ္တိသာသနာ, ပဋိဝေဓသာသနာတည်းဟူသော သာသနာတော်သုံးရပ် တိုးတက်ကြီးပွားစည်ကား သိုက်မြိုက်ရန်
ကြိုးပမ်းလျက်ပင် ရှိသည်။

၁၃၅၇-ခုနှစ်တွင် နိုင်ငံတော်မှ မဟာကမ္မဋ္ဌာနာစရိယဘွဲ့တံဆိပ်တော်ကို ဆက်ကပ်ခဲ့သည်။
၁၃၆၀-ခုနှစ်တွင် နိုင်ငံတော်မှ အဂ္ဂမဟာကမ္မဋ္ဌာနာစရိယဘွဲ့တံဆိပ်တော်ကို ဆက်ကပ်ခဲ့သည်။

ဖားအောက်တောရသမိုင်းအကျဉ်းကို ဆက်၍ဆိုရသော် -
အထက်တွင်ဖော်ပြခဲ့သည့်အတိုင်း ဖယ်ထော်ဆရာတော် ပျံလွန်တော်မူပြီးနောက် အရှင်အာစိဏ္ဏသည်
ဖားအောက်တောရကို ဆက်လက် ထိန်းသိမ်း စောင့်ရှောက်ခဲ့သည်။ ထိုရောက်စနှစ်တွင် ကျွဲတညင်းကျောင်း၌
ဝါဆိုဝါကပ်ခဲ့သည်။ ၀ါကျွတ်ပြီး နောက် စိမ့်စမ်းရှိုမြောင်များရှိရာ စိမ်းလန်းစိုပြေ ၍ အလွန်အေးချမ်းတိတ်ဆိတ်သည့်
ပို၍ တောနက်သော ယခု လက်ရှိ သီတင်းသုံးရာ တောရနေရာကို တွေ့ရှိခဲ့သဖြင့် တန်ဆောင်မုန်းလပြည့်နေ့တွင်
ထိုနေရာသို့ စတင် ပြောင်းရွှေ့ သီတင်းသုံးခဲ့သည်။

ဤနေရာသည် မူလက ဒူးရင်းခြံ ဖြစ်၏။ ဖားအောက်တောရ
ဆရာတော် စတင် သီတင်းသုံးသောအခါ စမ်းချောင်းနံဘေး သရက်ပင်ကြီးအောက်၌ ၀ါးကျောင်းကလေးတစ်လုံး
ဆောက်လုပ်ပေးကြ၏။ ထိုဝါးကျောင်းကလေး၌ သီတင်းသုံးခဲ့၏။ ထိုဝါးကျောင်းကလေးကို အစွဲပြု၍ ဤတောရကျောင်း
နေရာကို"၀ါးကျောင်း"ဟုသာ အမည်တွင် နေတော့လေသည်။ ၀ါးကျောင်း၌ ညသန့်စင်ပြီး နံနက်အခါ ဖားအောက်ရွာ
တွင်းသို့ နေ့စဉ် ဆွမ်းခံကြွ၏။

ဝါးကျောင်းသို့ ပြောင်းရွှေ့သီတင်းသုံးခဲ့သော်လည်း စင်္ကြံကျောင်းကို စောင့်ရှောက်ရန် တာဝန်ရှိသည့်အလျောက်
နေ့အခါ၌ စင်္ကြံကျောင်း၌ နေ့သန့်စင်၍ ပရိယတ္တိ, ပဋိပတ္တိတရားများကို ပွားများအားထုတ်ရင်း ကျောင်းသို့ လာရောက်
ဆည်းကပ်ကိုးကွယ်ကြသူ ဒါယကာ ဒါယိကာမ အပေါင်းတို့ကိုလည်း တရားဓမ္မများ ဟောကြားပြသ ဆိုဆုံးမပေးနေခဲ့၏။
ညအခါမှသာ ၀ါးကျောင်းသို့ ပြန်ကြွ ညသန့်စင်တော်မူနိုင်ခဲ့သည်။ ဤသို့ဖြင့် သုံးနှစ်ခန့်ကြာသောအခါ ကျောင်းနေ
တပည့်များနှင့် တရားအားထုတ်လိုသူ ယောဂီများကို တရားရှုပွားနည်းများ ညွှန်ကြား ပြသပေးခဲ့လေသည်။ တရား
အားထုတ်၍ အောင်မြင်သူများ ပေါ်ပေါက်လာသည်နှင့်အမျှ တစ်စတစ်စ ယောဂီများ များပြားလာခဲ့ပေသည်။
ကျောင်း၌နေ၍ ရက်ရှည်အားထုတ်သူများလည်း ရှိလာ၏။

၁၉၈၅-ခုနှစ်တွင် ၀ါးကျောင်းကလေးအနီး၌ သစ်သားစင်္ကြံစံကျောင်းတစ်ဆောင်ကို ဆောက်လုပ်လှူဒါန်းကြ၏။
ထို စံကျောင်း၌ ၁၉၉၀-ခုနှစ်တိုင်အောင် သီတင်းသုံးခဲ့သည်။ ယင်း စံကျောင်းဆောင်မှာ ယခုတိုင်တည်ရှိနေသေး၏။
၁၉၈၉-ခုနှစ်တွင် သစ်သားကျောင်းငယ်လေး ရှစ်လုံးကို ၎င်းင်းစံကျောင်း၏အနီး အရှေ့ဖက်၌ ဆောက်လုပ်ခဲ့ကြသည်။
တရားလာရောက်အားထုတ်ကြသော ရှင်ယောဂီ လူယောဂီများ များပြားလာသည်နှင့်အမျှ တရားအားထုတ်ရန်
ဓမ္မာရုံç သိမ်နှင့် ကျောင်းဆောင်များလည်း တိုးချဲ့ဆောက်လုပ်ခဲ့ကြသည်။ ဆွမ်းကွမ်းဝေယျာဝစ္စကိစ္စများလည်း များပြား
လာသည်ဖြစ်ရာ ဖားအောက်တောရ ဗုဒ္ဓသာသနနုဂ္ဂဟအဖွဲ့ကိုလည်း ပိုမိုကျယ်ပြန့်စွာ တိုးချဲ့ ဖွဲ့စည်းခဲ့ကြလေသည်။

ကျောင်း၌ပင် ဆွမ်းလုံလောက်အောင် ချက်ပြုတ်လှူဒါန်းနိုင်ရန် ဆောင်ရွက်ခဲ့ကြသည်။ ယခင်က ဆရာတော်သည်
နေ့စဉ် ရွာသို့ တစ်ပါးတည်း ဆွမ်းခံကြွလေ့ရှိ၏။ ကျန်သံဃာတော်များမှာ အဖွဲ့လိုက် တန်းစီကြွကြ၏။ ၁၉၉၁-ခုနှစ်
နောက်ပိုင်းရောက်မှသာ ဆရာတော်၏ကျန်းမာရေးကြောင့် ဒကာ ဒကာမများတောင်းပန်သဖြင့် ရံဖန်ရံခါသာ ဆွမ်းခံ
ကြွတော့၏။ ဆရာတော်ကိုယ်စား ရဟန်းတစ်ပါး တစ်ပါးကား ယခုတိုင်အောင် အမြဲဆွမ်းခံကြွလျက်ပင် ရှိနေသည်။

သံဃာတော်များသည်လည်း ရွာတွင်းသို့ ဆွမ်းခံကြွရာ၌ အသွားအပြန် နှစ်နာရီခန့်ကြာသည်ကတစ်ကြောင်း, ကျောင်းပြန်
ရောက်သောအခါ တရားထိုင်ရန် အချိန်နည်းပါးသည်ကတစ်ကြောင်း, ဆွမ်းဟင်းများကိုလည်း ကျောင်းမှာပင် အနုဂ္ဂဟ
အဖွဲ့နှင့် ဝေယျာဝစ္စအဖွဲ့များက ချက်ပြုတ်ကပ်လှူနိုင်ပြီဖြစ်သည်ကတစ်ကြောင်းတို့ကြောင့် သံဃာတော်များလည်း ဒကာ
ဒကာမတို့ လျှောက်ထားတောင်းပန်သဖြင့် ကျောင်း၌သာ ဆွမ်းအလှူခံ ဘုဉ်းပေးကြတော့သည်။ တရားထိုင်ချိန် များစွာ
ပိုရလေသည်။ ဆွမ်းအလှူရှင်များလည်း မပြတ်မလပ် ပေါ်ပေါက်လျက်ရှိပေသည်။ ယခုအခါ၌ ရှင်ယောဂီ လူယောဂီ
အားလုံး ကျောင်းတွင်း၌ပင် အစဉ်အတိုင်း တန်းစီကြွ၍ ဆွမ်းခံစားသောစနစ် ကျင့်သုံးလျက်ရှိပေသည်။

၁၉၉၀-ခုနှစ်တွင် ဆရာတော်အား တိုက်စံကျောင်းသစ်တစ်ဆောင်ကို ဆောက်လုပ်လှူဒါန်းကြသည်။ ထို တိုက်
စံကျောင်းမှာ စိတ္တလတောင်ကျောင်းတွင်း ကတ္တရာကားလမ်းအဆုံး၌ တည်ရှိသော တိုက်ကျောင်းပင်ဖြစ်သည်။
ထိုကျောင်း၌ ကွန်ပြူတာခန်းပြုလုပ် အသုံးပြုသော " ကွန်ပြူတာကျောင်း "ဟုသာ ခေါ်တွင်ကြလေသည်။

အနယ်နယ်အရပ်ရပ်မှ ရောက်ရှိလာကြသော သံဃာတော်များလည်း အရေအတွက် အများပြားလာသည်ဖြစ်ရာ
၁၉၉၃-ခုနှစ်တွင် မုဒုံမြို့မှ ဒေါ်သန်းသန်းဝေမိသားစုနှင့် ဓမ္မမိတ်ဆွေများက စည်းရုံးဦးဆောင်၍ သစ်သား တစ်ပါး
ကျောင်းလေးများကို အရှိန်အဟုန်ဖြင့် စတင် တိုးချဲ့ဆောက်လုပ်လာကြရာ တစ်နှစ်အတွင်း တစ်ပါးကျောင်းဆောင်ပေါင်း
၄၅ ဆောင်ခန့် ၁၃၅၆-ခုနှစ် ၀ါဆိုအမှီ ပြီးစီးသဖြင့် သံဃာတော်အရေအတွက် ပိုမို များပြားစွာ တောကျောင်း၌ ၀ါဆိုခွင့်
ရရှိကြလေသည်။ တစ်ပါးကျောင်းများကိုလည်း ကျောင်းဗဟိုမြေနိမ့်ပိုင်းတွင်သာမက တောင်စဉ် တောင်ခါးပန်း
တောင်ချိုမ့်ဝှမ်းနှင့် တောင်ကြောတစ်လျှောက် ဆက်လက် ဆောက်လုပ်လျက်ရှိခဲ့သည်။

ကံကြီး-ကံငယ်ဆောင်ရွက်ရန်နှင့် စုပေါင်းတရားထိုင်ရန်အတွက် သိမ်တစ်လုံးလိုအပ်သည်ဖြစ်ရာ --
၁၉၉၄-ခုနှစ်တွင် ဓမ္မ၀ိဟာရီနှစ်ထပ်သိမ်တော်ကြီး တည်ဆောက်ရန် မြေနေရာကိုလည်း စတင်ရှင်းလင်း
မြေညှိခဲ့ကြသည်။ တောင်ခါးပန်းကို လူအားနှင့် တူးဖြိုနေကြရာမှ တစ်နှစ်ခန့် အကြာတွင် မြေတူးစက်အကူအညီရရှိသဖြင့်
ကျယ်ကျယ်ပြန့်ပြန့် ပြုလုပ်နိုင်ခဲ့သည်။ ၁၃၅၈-ခုနှစ်၊ တန်ဆောင်မုန်းလပြည့်နေ့၊ (၂၅.၁၁.၁၉၉၆) နေ့တွင် အလျား
၁၄၅ပေ၊ အနံ ၉၆ပေ ရှိသော နှစ်ထပ်သိမ်တော်ကြီး ပန္နက်ချနိုင်ခဲ့ပြီး ၁၁.၀၂.၂၀၀၀ နေ့တွင် သိမ်တော်ကြီးအထွဋ်
စေတီတော် ထီးတင်နိုင်ခဲ့သည်။ ၁၉၉၉-ခုနှစ်တွင် အလျား-၁၁၀ပေ၊ အနံ-၆၀ပေရှိသော ဆွမ်းလောင်းရုံကြီးကိုလည်း
ဆောက်လုပ်ခဲ့သည်။

၁၃၆၁-ခုနှစ်၊ တပို့တွဲလပြည့်နေ့၊၁၉.၀၂.၂၀၀၀ နေ့တွင် သိမ်သမုတ်ပွဲ+သိမ်ဖွင့်ပွဲနှင့်
ဆွမ်းလောင်းရုံဖွင့်ပွဲ အခန်းအနားကို တစ်ပြိုင်တည်း အောင်မြင်စွာ ကျင်းပနိုင်ခဲ့လေသည်။
၁၉၉၀-ခုနှစ်နောက်ပိုင်းလောက်မှ စတင်၍ နိုင်ငံခြားသားရဟန်း-ရှင် ယောဂီများ စတင် ရောက်ရှိလာကြသည်။
တစ်နှစ်ထက်တစ်နှစ် နိုင်ငံခြားသားအရေအတွက်လည်း များပြားလာခဲ့သည်။ ပြည်ပသို့ ကြွရောက်သာသနာပြုပေးပါရန်
ဖိတ်ကြားမှုများလည်း များပြားလာခဲ့လေသည်။

၁၉၉၇-ခုနှစ်မှ စတင်၍ နိုင်ငံခြားသာသနာပြုခရီး စတင်ခဲ့သည်။ ဦးစွာ သီဟိုဠ်နိုင်ငံ၌ တရားစခန်းဖွင့်လှစ်ခဲ့သည်။
၁၉၉၈-ခုနှစ်မှစ၍ ထိုင်ဝမ်နိုင်ငံတွင် နှစ်စဉ် ၂-လ တရားစခန်းသွားရောက်သင်ကြားပေးခဲ့သည်။ ထို့နောက် ဟောင်ကောင်,
တရုတ်ပြည်, မလေးရှားစသည့် နိုင်ငံများသို့များ ကြွရောက်၍ တရားဓမ္မများ သင်ကြားပေးခဲ့ရသည်။ ၂၀၀၂-ခုနှစ်
တွင် မအားလပ်သည်ကတစ်ကြောင်း, ကျန်းမာရေးအတွက် အနားယူရန် လိုအပ်သည်က တစ်ကြောင်းတို့ကြောင့် အချို့
ပြည်ပမှ တရားစခန်းဖွင့်လှစ်ရန် ဖိတ်ကြားချက်များကို ဆိုင်းငံ့ထားခဲ့သည်။ ပြည်တွင်း ပြည်ပမှ ယောဂီများကား မပြတ်မစဲ
လာရောက်အားထုတ်နေကြဆဲဖြစ်၏။

ယောဂီများ ပိုမိုများပြားလာသည့်အလျောက် ဖားအောက်တောရ၌ သာသနာ့အဆောက်အဦများကို အဆက်မပြတ်
ဆောက်လုပ်လှူဒါန်းလျက်ရှိကြရာ တဖြည်းဖြည်းခြင်းတိုးတက်စည်ကားလျက်ရှိရာ သာသနာတော်ကြီးအတွက် ဝမ်းမြောက်ဖွယ်ရာအဖြစ် တင်ပြလိုက်ရပါတယ်။