“၀တ်”
အရာရာ ဆင်းရဲနွမ်းပါးသော သားတို့ရွာကလေးကို အမြင်တွေက ဆန်းသစ်၊ အသုံးအဆောင်တွေက
ပေါများ၊ နည်းပညာတွေက တိုးတက်၊ လမ်းပမ်း ဆက်သွယ်ရေးတွေက အဆင့်မြင့် ကောင်းမွန်ပြီး၊
အသိပညာတွေ တဖြေးဖြေး ဆုတ်ယုတ်လာနေသော ၂၀-ရာစုလွန် ခေတ်ကြီးထဲမှာ ပစ္စည်းဥစ္စာတွေ ဘယ်လောက်ပင်
ဆင်းရဲနွမ်းပါးပါစေ၊ ‘အသိဉာဏ်ပညာ’ မချို့တဲ့အောင်
သွန်သင်ဆုံးမ အမြဲညွှန်ပြပေးနိုင်မည့် အကြံပြုပုဂ္ဂိုလ်တစ်ဦးဖြစ်အောင် ယခု သား ရောက်ရှိနေသည့်
ရန်ကုန်မြို့ကြီး၏ တစ်နေရာမှာရှိသော ဗုဒ္ဓတက္ကသိုလ် တက်ရောက်နေစဉ် အမေ့အနားမှာ ရှိမနေနိုင်တာ
ခွင့်လွှတ်ပါ အမေ …
သားရဲ့ သူငယ်ချင်းတွေ
တစ်မျိုးပြီးတစ်မျိုး ဒုက္ခရောက်နေကြသည့် အချိန်တွင် ဘုန်းတော်ကြီးကျောင်းကိုပို့လို့
မြတ်ဗုဒ္ဓက သွန်သင်ဆုံးမ ဟောကြားတော်မူထားသည့် တရားဓမ္မတွေကို သင်ကြားခွင့် ပေးခဲ့လို့သာ
သူငယ်ချင်းတွေလို ဒုက္ခမရောက်ပဲ သာသနာ့တာဝန်တွေကို ထမ်းဆောင်နေနိုင်တယ်ဆိုတာ သား သိရပါပြီ
အမေ …
မှန်ပါသည် အမေ၊ အမေတို့
ကျေးဇူးတွေကြောင့် သားငယ်ငယ်က သင်ယူခဲ့ဖူးသည့် သိင်္ဂါလောဝါဒသုတ် ကဗျာတွေထဲမှ -
မိဘကျင့်ဝတ်
ငါးပါး
မကောင်းမြစ်တာ ၊
ကောင်းရာညွှန်လတ် ၊
အတတ်သင်စေ ၊
ပေးဝေနှီးရင်း ၊
ထိမ်းမြားခြင်းလျှင် ၊
ဝတ်ငါးအင် ၊ ဖခင်မယ်တို့တာ ။
- ဆိုသည့် မိဘကျင့်ဝတ် ငါးပါး ရှိသည့်အားလျော်စွာ အမေတို့ သားကို ဘာမှ
လိုလေသေးမရှိအောင် ကျွေးမွေးပြုစု စောင့်ရှောက်ခဲ့ကြတယ်နော်။ ယခုဆိုလျှင် အမေတို့ ဖြစ်စေချင်သည့်
ရဟန်းဘ၀မှာ အရင်က ပျော်ရကောင်းမှန်း မသိခဲ့ပေမယ့် ပျော်အောင်နေတတ်နေပါပြီ အမေ၊ အမေတို့
သားကို ဒီအရွယ်ထိရောက်အောင် ဆင်းဆင်းရဲရဲ ပင်ပင်ပမ်းပမ်းနဲ့ ဘယ်လောက်တောင် ပြုစုပျိုးထောင်ခဲ့ရသလဲဆိုတာ
သားသိပါပြီ အမေ။ မိဘတိုင်း၏ ကျေးဇူးတရားများကို သားသ္မီးများက ပြန်ဆပ်ချင်ကြသည်ဆိုလျှင်
သိင်္ဂါလောဝါဒသုတ်ထဲက -
သားသ္မီးကျင့်ဝတ်
ငါးပါး
ကျွေးမွေးမပျက် ၊
ဆောင်ရွက်စီမံ ၊
မွေခံထိုက်စေ ၊
လှူမျှဝေ၍ ၊
စောင့်လေမျိုးနွယ် ၊
ဝတ်ငါးသွယ် ၊ ကျင့်ဖွယ် သားတို့သ္မီးတို့တာ ။
- ဆိုသည့် ဆောင်ပုဒ်နှင့်အညီ ပြုစုလုပ်ကျွေးကြရသည်။ သို့မှသာ မိဘများ၏
ကျေးဇူးတရားများကို သားသ္မီးများက ဒီဘ၀မှာ ကျေပွန်အောင် မဆပ်နိုင်ဘူး ဆိုပေမယ့် အကောင်းဆုံး
ကျေးဇူးဆပ်နည်းတွေထဲက တစ်နည်းဖြစ်သည့် ‘သားသ္မီးကျင့်ဝတ်ငါးပါး’ ကို လိုက်နာကျင့်ကြံကြသည့်
သာသ္မီးများသည် အပါယ်မလားဘူးဆိုတာ သေချာပါသည် အမေ ။
မှန်ပါသည် အမေ၊ သားတို့
ရဟန်းများမှာလည်း မြတ်ဗုဒ္ဓက ဟောကြားဆုံးမခဲ့သည့် ၂၂၇-သွယ်သော သိက္ခာပုဒ်တွေ ရှိပါသည်၊
သိက္ခာပုဒ်တွေ မြောက်များစွာ ရှိသည့်အနက် သိင်္ဂါလောဝါဒသုတ်ထဲမှာ ရဟန်းတွေ ပြုကျင့်ရမည့်
ကျင့်ဝတ်တွေလည်းပါပါသည် အမေ၊ ထိုကျင့်ဝတ်ခြောက်ပါးက -
ရဟန်းကျင့်ဝတ်ခြောက်ပါး
မကောင်းမြစ်တာ ၊
ကောင်းရာညွှန်လစ် ၊
အသစ်ဟောကြူး ၊
နာဖူးထပ်မံ ၊
နတ်ထံတင်ရာ ၊
မေတ္တာလည်းပြု ၊
ရဟန်းမှု ၊ ခြောက်ခုလွန်သေချာ ။
- ဟူသော အင်္ဂါခြောက်ပါး ကျင့်ဝတ်တရားများကို လက်ကိုင်တောင်ဝှေးပမာ မှတ်ယူကျင့်သုံးလျှက်၊
ထိုနည်းတူ သိက္ခာပုဒ်တွေ မြောက်များစွာကို နေ့စဉ်နဲ့အမျှ ထိန်းသိမ်းစောင့်ရှောက်ကြရပါသည်
အမေ။ ဤကဲ့သို့ “စက္ခုနြေ္ဒ ၊ သောတိနြေ္ဒ ၊ ဃာနိနြေ္ဒ
၊ ဇိဝိနြေ္ဒ ၊ ကာယိနြေ္ဒ၊ မနိနြေ္ဒ” - တည်းဟူသော ဣနြေ္ဒ(၆)ပါး၊ တနည်းအားဖြင့် ‘ကိုယ်,နှုတ်,စိတ်’ သုံးပါးလုံးကို စောင့်ရှောက်ပြီး
နေနေတာကိုမှ အပြစ်ပြောချင်ကြသည်ဆိုလျှင် ပြောကြပါစေ အမေ၊ သားတို့ ကြည်ဖြူစွာ လက်ခံနိုင်ပါသည်၊
သားတို့ ရဟန်းများ၏ နှလုံးသားထဲတွင် မြတ်ဗုဒ္ဓ၏ သာသနာတော်မှ လွဲ၍ အခြားဘယ်အရာကိုမျှ
လျှို့ဝှက်ထားလေ့မရှိပါဘူး အမေ။
မနက်မိုးမလင်းမှီ သူတစ်ပါးတွေထက်
ဦးအောင် အိပ်ယာထရပြီး ဆွမ်းခံကြွကြရသည်။ တစ်နပ်ဝမ်းရေး နံနက်စာလေး အတွက်ပါ အမေ၊ ပြန်ရောက်လာလို့
ဆွမ်းစား ဝေယျာဝစ္စများနှင့်စ စာဝါများတက်ပြီး နေ့လည်စာအတွက် အပြေးထွက်ခဲ့ရပြန်သည် အမေ၊
နေပူမိုးရွာမရှောင် ခေါင်းပြောင်ပြောင်နှင့် ထီးမပါ, ဖိနပ်မပါလည်း တစ်အိမ်ဝင် တစ်အိမ်ထွက်
ဆွမ်းခံရပ်ခဲ့ရသူတွေပါ အမေ၊ သဒ္ဓါဆွမ်း စေတနာဆွမ်းများကို စတင်၍ သပိတ်မည်းကြီးထဲ အလှူခံကတည်းက
မပို့တတ်ပို့တတ် မေတ္တာတွေ ပို့ပြီး ဆွမ်းခံရပ်ဆဲ ခြေလှမ်းတိုင်းမှာ မသိစိတ်များနှင့်
ပရိတ်ပဋ္ဌာန်းများကို နှုတ်ဖျားမှ တဖွဖွ ရွတ်နေမိတဲ့သူတွေပါ အမေ ။
နေ့ဆွမ်းစားပြီး တစ်နေ့တာ
စာတွေ ကျက်နိုင်ရေးအတွက် ခဏတာ အနားယူ မှေးစက်၊ တစ်နာရီထိုးသည်နှင့် စာဝါပြီးစာဝါ ဆက်ကြ,တက်ကြရသည်၊
ညနေစောင်းလို့ ခြောက်နာရီထိုးလျှင် ကိုယ်လက် သန့်စင်၊ ဘုရားဝတ်ပြုကြပြီး တစ်နေ့တာ ဒကာ ဒကာမများ၏ ဆွမ်းကြွေး၊
ကွမ်းကြွေး၊ သီတင်းသုံး(နေထိုင်)ရသည့် အကြွေးတွေ ပြေရအောင် မေတ္တာပို့ အမျှဝေကြရသည်၊
ထိုနောက် စာဝါများနှင့်ပဲ ညအချိန်ကို ကုန်လွန်စေလျက် နေ့စဉ်နှင့်အမျှ လုပ်ဆောင်နေကြရသူတွေပါ
အမေ ။
ဒါတွေဟာ သားတို့အတွက်
မထူးဆန်းတော့ပါဘူး၊ ကျင့်သားလည်း ဖြစ်နေပါပြီ၊ အမေသာ သားတို့ မရှိသည့် ရွားကလေးမှာ
စိတ်အားမငယ်ပဲ ပညာသင်နေစဉ် ကာလအတွင်းတော့ ကျန်းမာအောင် နေပေးပါ အမေ၊ သားဆက်ဆက် ပြန်လာခဲ့ပါမည်။
သား ဒီစာတွေကို ဘာကြောင့် ရေးနေရသလဲဆိုလျှင် -
အမေ မှတ်မိပါလိမ့်မည်၊
အဖေရဲ့ နောက်ဆုံးခရီး အချိန်ကာလ တစ်ခုအတွင်းက သား ကောင်းကောင်း မှတ်မိနေသေးသည်။ အဲဒီအချိန်တုန်းက
သားရဲ့အသက်က(၁၈)နှစ် ကိုရင်ဘ၀ပေါ့၊ မိတ္ထီလာမြို့ကြီး၏ မြို့နယ်လုံးဆိုင်ရာ သာသနနုဂ္ဂဟ
ပရိယတ္တိ စာမေးပွဲကြီးကလည်း ကျင်းပနေသည့်အချိန် ဖြစ်သည်၊ အဖေ ဆေးရုံတက်နေရတာကို ဦးလေး
လာပြောလို့ သိရသည်၊ သားက စာမေးပွဲ ဖြေနေတာဆိုတော့ အဲဒီနေ့က အဖေ့ဆီကို မသွားနိုင်ခဲ့ဘူး။
နောက်တစ်နေ့ ပါဠိသဒ္ဒါ ဖြေတဲ့နေ့မှာ ဘာရယ်ကြောင့်မှန်းမသိ စာမေးပွဲ ဖြေချင်စိတ် ပျောက်ခဲ့တယ်
အမေ၊ ခဏနေတော့ ဦးလေး ရောက်လာပြီး အဖေ ဆုံးပြီလို့ပြောတယ်။ အမေရယ်… သားရင်ထဲ ဘယ်လိုဖြစ်ခဲ့မှန်း
မသိဘူး။ အောင့်သီးအောင့်သက်နဲ့ အဖေ့ရဲ့ အလောင်းကို ရွာသို့ သယ်ဆောင်ခဲ့တယ်၊ မျက်ရည်ကျရကောင်းမှန်း
မသိခဲ့ဘူး ဆိုပေမယ့် အမေ့ကို အားပေးစကား ပြောပြရုံကလွဲလို့ ဘာမှမတတ်နိုင်ခဲ့ပါဘူး အမေ။
အဖေရဲ့ ရုပ်ကလာပ်ကို မြေချပြီးသည့်ညက သားရဲ့ မျက်လုံးတွေမှာ မျက်ရည်တွေ သူ့အလိုလို
စီးကျလာတယ် အမေ။ သား တစ်ယောက်တည်း၊ အနားမှာ အားပေးစကား ပြောမယ့်သူ ဘယ်သူမှ မရှိခဲ့ဘူး။
အဲဒီညက သား အဖေ့ကို ရည်စူးပြီး မေတ္တာပို့ အမျှဝေပြီး ကိုယ့်စိတ်ကို ကိုယ်ဖြေခဲ့ရပါတယ်
အမေ ။
အဖေ မရှိတော့သည့် နောက်ပိုင်း
သားဘ၀ကို ဘယ်လို ဆက်လျှောက်ရမယ်ဆိုတာ သား မသိခဲ့ဘူး။ သား စဉ်းစားတာတစ်ခုက လူဝတ်လဲမယ်၊
လူဝတ်လဲပြီးရင် အမေနှင့် ညီလေးကို ကျွေးမွေးပြုစု စောင့်ရှောက်မယ်၊ ထောက်ပံ့မယ်လို့
ဆုံးဖြတ်ခဲ့တယ်၊ မှားတယ် မှန်တယ် သား မသိဘူး၊ သားသိတာ အမေ စိတ်ဆင်းရဲ ကိုယ်ဆင်းရဲ ဖြစ်မှာကိုပဲ၊
ညီလေးလည်း သာသနာ့ဘောင်မှာ စိတ်ချမ်းသာ, ကိုယ်ချမ်းသာနှင့် နေနိုင်ဖို့အတွက် ရည်ရွယ်ခဲ့တယ်၊
ဒါပေမယ့် အမေ ခွင့်မပြုခဲ့ဘူး။ သားကို မအူပင်မြို့ကို ပို့ခဲ့တယ်။ အဲဒီကို ပို့ခဲ့တာလည်း
စိတ်ပြေအောင် ပို့ခဲ့တယ်ဆိုတာ သား သိတယ် အမေ။ အဲဒါကြောင့် လက်ခံခဲ့တာပေါ့၊ ပြီးခဲ့တာတွေလည်း
ပြီးပါစေတော့ အမေရယ် …။ သားတို့ အမေတို့ရဲ့ ကံကြမ္မာကြီးက အဖြစ်ဆိုးလွန်းလို့ သား အမှတ်ရနေမိတာပါ၊
"ပျောက်သောသူ ရှာရင်တွေ့ - သေသောသူ ကြာရင်မေ့"
ဆိုသည့်စကားက သားအတွက်တော့ မှန်နိုင်လိမ့်မယ် မထင်မိဘူး အမေ။ အဲဒါကြောင့် သားတို့ ပညာတွေစုံလို့
ရွာကလေးကို ပြန်လာပြီး ပြုစုပေးနိုင်မည့် အချိန်တစ်ခုထိ ရှိနေပေးပါ အမေ …
အမေ နှင့်
အဖေ
Ø
ငါ ပညာတွေ မသင်နိုင်ခဲ့ဘူး ဆိုပေမယ့် … ငါ့သား
ငါ့သ္မီးတွေ ငါတို့လို မဖြစ်စေရဘူးဆိုတဲ့ ဆန္ဒနဲ့ ပညာအမွေတွေကို ဟိုး … ငယ်စဉ်တောင်ကျေး
ကလေးဘ၀ ကတည်းက ပေးဝေခဲ့တဲ့ အို … အမေ နဲ့ အဖေ ။
Ø
ငါ ပညာတွေ ဘယ်လောက်ပဲ မတတ်ပဲနေပါစေ … ငါ့သား ငါ့သ္မီးတွေ
သူတစ်ပါးတွေရဲ့ အောက်ကြို့ မခံရစေရဘူး ငါတို့ပဲ အောက်ကြို့ခံမယ် ဆန္ဒနဲ့ အလုပ်ဟူသမျှ
ကြိုးစားလုပ် တကုတ်ကုတ် စုငွေနှင့် ထောက်ပံ့ပေးနေတဲ့ အို … အမေ နဲ့ အဖေ ။
Ø
မပြည့်စုံတဲ့ ဘ၀ကို ငါ့သား ငါ့သ္မီးတွေ မနေရဘူး
ငါတို့သာ အပင်ပန်း အဆင်းရဲခံ ဘယ်လောက်ပင် အရိုးပေါ် အရည်တင်ပါစေ ချိနဲ့နဲ့ ခွန်အားတွေ
အသုံးချကာ ယိုင်နဲ့လာတဲ့ ခန္ဓာနှင့် ပေးဆပ်ဆဲ
ကျွေးနေမြဲ အို … အမေ နဲ့ အဖေ ။
Ø
သြော် … အမေ နှင့် အဖေ သားတို့ အပေါ်မှာ ထားတဲ့
မေတ္တာ အနန္တကို သားတို့ ဘယ်လို ဆပ်ရပါ့ သားတို့ ပြုစုရမယ့် အလှည့် သားတို့ ကျွေးမွေး
စောင့်ရှောက်ကြမယ့် တစ်နေ့ကိုတော့ ဥပေက္ခာ မပြုလိုက်ပါနဲ့လား သားတို့ ပြုစုပါရစေ … စောင့်ရှောက်ပါရစေ
… သားတို့ ကျေးဇူး ပြန်ဆပ်ပါရစေလား …
ပြာသိုလပြည့်နေ့ကို မြန်မာလူမျိုးတိုင်း
"အမေနေ့" - ဟု သတ်မှတ်ထားကြတယ်
အမေ။ နှစ်စဉ်နှစ်တိုင်း ပြာသိုလပြည့်နေ့ကို ရောက်ပြီဆိုလျှင် မြန်မာတိုင်းရင်းသားများသည်
မိဘတို့၏ ကျေးဇူးဂုဏ်တွေကို အောက်မေ့ အမှတ်ရ ဂါရ၀တွေ ထားကြတာတွေ၊ စာတွေ,ကဗျာတွေ ရေး၍
ပူဇော်ကြတာတွေ၊ ပစ္စည်းဝတ္ထုများနှင့် ကန်တော့ကြတာတွေ စသည်ဖြင့် မြင်ရတော့ သားလည်း သူတို့တွေလို
သားအပေါ်မှာရှိသည့် အမေ အဖေတို့၏ ကျေးဇူးတရားတွေကို သား ပူဇော်ချင်တယ်၊ ကန်တော့ချင်တယ်၊
အမေ နှင့် အဖေ စိတ်ချမ်းချမ်းသာသာနှင့် သာသနာပြုနိုင်မည့် သာသနာ့ ဒါယကာ၊ သာသနာ့ ဒါယိကာမ
ကြီးတွေ ဖြစ်စေချင်တယ်၊ ဒါပေမယ့် သားဖြစ်စေချင်တာက ဆန္ဒပါ...၊ သားမှာ ဘယ်အရာမှ အထိုက်အလျောက်
မပြည့်စုံသေးဘူး။ စာသင်သား ဘ၀ဆိုတာက နယ်တကာလှည့်ပြီး ပညာရှာရတော့ အသုံးစရိတ်,အသွားအလာစရိတ်
စသည်ဖြင့် လိုအပ်ပါတယ်။ ဒီအတွက် ထောက်ပံ့ပေးနိုင်မည့် ဒကာ ဒကာမ တစ်ဦးတစ်ယောက်လောက်
ရနိုင်ဖို့ဆိုတာ မလွယ်ပါဘူး။ တစ်နှစ်နဲ့တစ်နှစ် အဆင်ပြေအောင်တော့ ဖြတ်သန်းရတာပေါ့၊
သူတစ်ပါးတွေလိုလည်း ပစ္စည်းဝတ္ထုတွေနှင့် မထောက်ပံ့နိုင်သလို လူကိုယ်တိုင်လည်း ဝေယျာဝစ္စ
မပြုလုပ်နိုင်ပါဘူး အမေ။ ပညာတွေ စုံတဲ့တစ်နေ့ အမေတို့ကို ပြန်လည်ပြီး ကျေးဇူးဆပ်နိုင်လိမ့်မည်လို့
သား ယုံကြည်ပါတယ် အမေ၊ အမေသာ ကျန်းကျန်းမာမာ နေပေးပါလို့ ထပ်ဆင့် တောင်းပန်ပါတယ် အမေ.....
10-2-2017
အရှင်သုစိတ္တ(၀မ်းသာ)