ဆရာပြောသော ဆရာ့စကားများ
ရှင်တော်မြတ်ဗုဒ္ဓ၏ တရားတော်များ
မြောက်များစွာ ရှိသည့်အနက် “ကံကံ၏အကျိုး၌
သက်ဝင်ယုံကြည်ခြင်း = သဒ္ဓါ၊ ငါးပါး,ရှစ်ပါး
- စသည့် ကိုယ်ကျင့်သီလ ဆောက်တည်ခြင်း = သီလ၊
အကြား,အမြင် ဗဟုသုတနှင့် ပြည့်စုံခြင်း = သုတ၊
ပေးကမ်း,စွန့်ကြဲ,လှူဒါန်းခြင်း = စာဂ၊
ဗုဒ္ဓါနုဿတိ - စသည်ဖြင့် ၀ိပဿနာ,ဘာဝနာ ပွားများခြင်း = ပညာ၊ မကောင်းမှုပြုလုပ်ရန် ရှက်ခြင်း = ဟိရီ၊ မကောင်းမှုပြုလုပ်ရန် ကြောက်ခြင်း = သြတ္တပ္ပ”- ဟူသော သူတော်ကောင်းဥစ္စာ(၇)ဖြာထဲမှ
‘ဟိရီ၊ သြတ္တပ္ပ’ တရား(၂)ပါးသည် ကျန်တရား(၅)ပါး
တို့ထက်ပို၍ (ဂရုက=)ကြီးလေးသောကြောင့် သတ္တ၀ါတို့သည် လောကကို စောင့်ရှောက်တတ်သော လောကပါလ
တရားဖြစ်သည့် ‘ဟိရီ၊ သြတ္တပ္ပ’ တရား(၂)ပါးကို
ကျင့်ကြံကြရသည်။
သို့မှသာ ကမ္ဘာလောကကြီးသည်
စည်ပင် ၀ပြော သာယာပေလိမ့်မည်။ ထိုတရားနှစ်ပါးကို မျက်ကွယ်ပြုထား၍ မိမိတို့သည် ပြောချင်ရာပြော၊
လုပ်ချင်ရာလုပ်၊ နေချင်ရာနေ၊ စားချင်ရာစား၊ သွားချင်ရာသွား - စသည်ဖြင့် အပြောအဆို၊
အနေအထိုင်၊ အလုပ်အကိုင်၊ အစားအသောက်၊ အသွားအလာ စသည်တို့ကို ဆင်ခြင်စဉ်းစားခြင်း မပြုပဲ
မိမိတို့၏ ဘ၀အချိန်တွေကို ကုန်ဆုံးစေမည်ဆိုလျှင် ကမ္ဘာလောကကြီးကို ပျက်စီးအောင် ပြုလုပ်မည့်
‘လောကကို ဖျက်ဆီးသူ’ စင်စစ် ဖြစ်ပေမည်။
ထို့ကြောင့် ‘ဟိရီ၊ သြတ္တပ္ပ’ တရားနှစ်ပါးကို
အထူး စောင့်ထိမ်းသင့်ပေသည်။ ယနေ့ခေတ်ကြီးတွင် ထို ‘ဟိရီ၊ သြတ္တပ္ပ’ တရားနှစ်ပါးကို နေရာအထားလွဲ၍ ကျင့်သုံးနေကြသည်။ သို့ရာတွင်
အနောက်နိုင်ငံများ၌ ထိုတရားနှစ်ပါး၏အစား ‘သိပ္ပံပညာ၊ ခေတ်ပညာ’ တွေကို အစားထိုးလာကြသည့်
အတွက်ကြောင့်၎င်း၊ ဘာသာ အယူဝါဒ မတူညီကြ၍၄င်း၊ တရားစစ် တရားမှန် ဖြစ်သော သဘာဝ ယဉ်ကျေးမှု၊
ဓလေ့ထုံးစံတို့သည် ပျက်ပြားပျောက်ဆုံး ကုန်လေသည်။ (န ဟိရီ = ရှက်သင့်သည့် နေရာ၌ မရှက်တတ်၊
န သြတ္တပ္ပ = ကြောက်သင့်သည့် နေရာ၌ မကြောက်တတ်ကြတော့ပေ။)
ထိုအနောက်နိုင်ငံများမှ
အကျင့်စရိုက်၊ ဓလေ့ထုံးစံ တို့သည် ဖြေးဖြေးချင်း ချဲ့ထွင်ပေါက်ဖွားလာခဲ့ရာ ဗုဒ္ဓဘာသာ
မြန်မာနိုင်ငံသို့ ရောက်လာနေပြီဖြစ်၏။ မြန်မာနိုင်ငံသားတို့သည် ယေဘုယျအားဖြင့် ခေတ်ရေစီးကြောင်းကို
လိုက်၍ ကိုယ်အမူအရာ၊ နှုတ်အမူအရာ၊ အနေအထိုင်၊ အကျင့်စရိုက်များပါ ပြောင်းလဲ၍ ကျင့်သုံးလာကြသည်။
ထို့ကြောင့် မြန်မာလူမျိုးတို့သည် ဗုဒ္ဓဘာသာ ဖြစ်သည့်အားလျော်စွာ အနောက်နိုင်ငံများမှ
ထွန်းကားပြန့်ပွား၍ ရောက်လာသော ပညာအရပ်ရပ်ကို လိုအပ်လျှင် ယူသုံးပြီး မလိုအပ်လျှင်
ဖယ်ရှား၍ လောကပါလတရားဖြစ်သည့် ‘ဟိရီ၊ သြတ္တပ္ပ’
တရားနှစ်ပါးကို လက်ကိုင်ထားသင့်ပေသည်။
မြန်မာနိုင်ငံတွင်ရှိသော မြို့ရွာဒေသ အသီးသီး၌ ထိုလောကပါလတရားနှစ်ပါးသည်
တစတစ ပျက်ပြားဆုတ်ယုတ်လာနေပြီ ဖြစ်၏။ ထိုကြောင့် မိမိတို့သည် ဟိရီ, သြတ္တပ္ပ တရားနှစ်ပါးကို
ကောင်းစွာ စောင့်ရှောက်ပြီး နောင်လာနောက်သား ကလေးသူငယ်များ အတုယူ မမှားရလေအောင် အထူးပင်
သတိပြုသင့်၏။ သို့မှသာ ရင်သွေးရတနာများ၊ ငယ်ရွယ်သူများအား မိမိတို့လိုရာကို ပုံဖော်ပြီး
ဆုံးမရာတွင် အဆင်ပြေပြေ ဖြစ်ပါလိမ့်မည်။ အစဉ်အဆက် လူကြီးသူမများသည် သူတော်ကောင်းတရားများကို
တစ်သွေမတိမ်း ကျင့်သုံးကာ အနေရိုးသားပြီး ခေတ်ဆန်သော အတွေးအမြင်များဖြင့် ငယ်ရွယ်သူများ၊
ရင်သွေးရတနာများကို ပြောဆိုဆုံးမလာခဲ့ရာ ယနေ့အချိန်ထိ ခိုင်မြဲစွာ တည်ရှိနေလျှက် ဖြစ်သည်။
သို့ရာတွင် ကလေးသူငယ်တို့၏ အကျင့်စရိုက်ကို ကောင်းကောင်းမသိပဲ ဆုံးမလျှင်ကား အနာနှင့်ဆေး
မတည့်သလို မိမိတို့လိုရာကို ဆွဲဆောင်ပြီး ဆုံးမလို့မရ ပို၍သာ ဆိုးနေပေလိမ့်မည် ဖြစ်၏။
ထိုကြောင့် တစ်ဖန် လောက၌
မြောက်များလှစွာသော အကောင်း - အဆိုး သတ္တ၀ါအမျိုးမျိုး ရှိသည့်အားလျော်စွာ စိတ်ကောင်း
- စိတ်ဆိုး အမျိုးမျိုး ရှိကြရာဝယ် ယခုဘ၀နှင့်သာ သက်ဆိုင်သည်မဟုတ်၊ ရှေးရှေးဘ၀များက
အမြဲမပြတ် လေ့ကျက်ဆည်းပူးခဲ့သော အထုံဝါသနာတို့နှင့်လည်း သက်ဆိုင်ပါသေးသည်။ ရှေးရှေးဘ၀များက
ကောင်းသော အထုံဝါသနာ စရိုက်များ ပါလာခဲ့လျှင် ယခုဘ၀၌လည်း မိမိပင်ကိုယ် ကောင်းသော အထုံဝါသနာ
အကျင့်စရိုက်များ ပါရှိနေ၍ စိတ်ကောင်းရှိတတ်၏။ ရှေးရှေးဘ၀များက မကောင်းသော အထုံဝါသနာ
အကျင့်စရိုက်များ ပါလာခဲ့၍ ယခုဘ၀တွင်လည်း ပင်ကိုယ်ကပင် အထုံဝါသနာ အကျင့်ဆိုးများ ပါလာတတ်၍
စိတ်ကောင်းထားဖို့ရန် ပညာရှိသူတော်ကောင်းတို့က ပြုပြင်ဆုံးမ၍ ရသော်လည်း ပညာရှိသူတော်ကောင်းတို့နှင့်
ဝေးသွားသောအခါ ရုန့်ရင်းကြမ်းတမ်းသော ‘ပင်ကိုယ်စိတ်ရိုင်း၊
စိတ်ယုတ်မာ’ တို့သာ ပြန်လည် ပေါ်လာတတ်၏။
“ခွေးမြီးကောက် ကျည်တောက်စွပ်”
ဟူသကဲ့သို့ ကောက်မြဲ ကောက်နေပေလိမ့်မည်။ ခွေးမည်သည် အစာကောင်းကောင်း ကျွေးမွေး၍ အစာဝနေသော်လည်း
နမ်းကြည့်ရမှ ကျေနပ်သကဲ့သို့၊ သန္ဓေဆိုးအထုံပါလာ၍ ၀ါသနာဓာတ်ခံညံ့နေသူသည် ဆိုင်ရာပညာရှိတို့က
ပြောဆိုဆုံးမသော်လည်း ထိုသူတို့၏ ယုတ်ညံ့သည့် ၀ါသနာမှာ မပျောက်နိုင်ပဲ ရှိနေတတ်သည်။
ထို့ကြောင့် ‘မိမိကိုယ်ကိုဖြစ်စေ၊ သူတစ်ပါးတို့ကိုဖြစ်စေ’ မည်သည့် အထုံဝါသနာ အကျင့်စရိုက်တို့
ပါရှိသနည်း ဟု စဉ်းစားနိုင်ဖို့ရာ စရိုက်သည် အချုပ်အားဖြင့် ‘ရာဂ(လောဘ) စရိုက်၊ ဒေါသစရိုက်၊ မောဟစရိုက်၊ သဒ္ဓါစရိုက်၊ ဗုဒ္ဓိ(ပညာ)စရိုက်၊
ဝိတက်စရိုက်’ - ဟူ၍ ၆-မျိုး ရှိပါသည်။ သတ္တ၀ါတစ်ဦး၌ စရိုက်(၆)ပါးတို့သည် ၁-ပါး,၂-ပါး၊
၂-ပါး,၃-ပါး စသည်ဖြင့် တစ်ပါးချင်းဖြစ်စေ ရောလျက်ဖြစ်စေ ရှိတတ်ပါသည်။ သတ္တ၀ါတစ်ဦး၏
အသွားအလာ၊ အနေအထိုင်၊ အလုပ်အကိုင်၊ အစားအသောက် စသည်တို့ကို ကြည့်ရှုအကဲခတ်လျှင် မည်သူသည်
မည်သို့သော စရိုက်လက္ခဏာမျိုး ရှိလိမ့်မည်ဟု ခန့်မှန်း၍ သိနိုင်ပါသည်။
ထိုစရိုက်အမျိုးမျိုး
ရှိသူတို့တွင် (က) ရာဂစရိုက်နှင့် သဒ္ဓါစရိုက်ရှိသူ၊ (ခ) ဒေါသစရိုက်နှင့် ဗုဒ္ဓိစရိုက်ရှိသူ၊
(ဂ) မောဟစရိုက်နှင့် ၀ိတက်စရိုက်ရှိသူတို့သည် သွားလာနေထိုင်၊ အစားအသောက်၊ လုပ်ကိုင်ဆောင်ရွက်မှုမှစ၍
သဘောအားဖြင့် တူညီတတ်ကြပါသည်။
(က) ရာဂစရိုက်ရှိသူနှင့်
သဒ္ဓါစရိုက်ရှိသူသည် ၂-ဦးစလုံးပင် အသွားအလာ၊ အနေအထိုင်၊ ယဉ်ကျေး၏။ အ၀တ်ဖွပ်မှု၊ တံမြက်လှဲမှု
စသော အလုပ်တို့၌ သေသေသပ်သပ် ရှိတတ်၏။ ချိုဆိမ့်,မွှေးကြိုင် နူးညံ့သည့် အစားအစာ, အသုံးအဆောင်ကို
နှစ်သက်တတ်၏။ ထိုသူ၂-ဦးတို့တွင် ရာဂစရိုက်ရှိသူသည် ကာမဂုဏ်အာရုံများကို လွန်စွာတပ်မက်တတ်၏။
ပရိယာယ် မာယာများတတ်၏။ ကောက်ကျစ်စဉ်းလဲမှုများတတ်၏။ လောဘကြီး၏။ မာနကြီး၏။ သဒ္ဓါစရိုက်ရှိသူသည်
မာယာမများ,ကောက်ကျစ်စဉ်းလဲမှု နည်း၏။ လောဘ,မာန်မာန မကြီးတတ်။ စွန့်ကြဲပေးကမ်း,လှူဒါန်းတတ်၏။
ဝတ်ကျောင်း,ဘုရား,သံဃာ များကို ၀ပ်တွားဆည်းကပ် လေးမြတ်ပူဇော်,တရားနာလေ့ရှိ၏။
(ခ) ဒေါသစရိုက်ရှိသူနှင့် ဗုဒ္ဓိစရိုက်ရှိသူသည်
၂-ဦးစလုံးပင် ရုန့်ရင်းကြမ်းတမ်းသော အသွားအလာ,အနေအထိုင်,အပြောအဆို ရှိတတ်၏။ အ၀တ်ဖွပ်မှု,တံမြက်လှဲမှု
စသော အလုပ်တို့၌ ကျနသေသပ်မှုမရှိ၊ ချဉ်-ငံ-စပ်-ခါး စူးရှသည့် အရသာများကို ကြိုက်နှစ်သက်တတ်၏။
မကောင်းသော အဆင်း,အသံ စသည့် ကာမဂုဏ်အာရုံ တရားများနှင့် တွေ့ကြုံလျှင် အောင့်အီးသည်းခံ၍
မချုပ်တည်းနိုင်ပဲ၊ ဆဲဆိုငေါက်ငန်း ကြမ်းတမ်းခတ်ထန်သော ဒေါသဖြစ်တတ်၏။ ထိုသူနှစ်ဦးတို့တွင်
ဒေါသစရိုက်ရှိသူသည် ရန်ငြိုးဖွဲ့မှု ‘အာဃာတ’,
ငြူစူခြင်း ‘ဣဿာ’, ၀န်တိုခြင်း ‘မစ္ဆရိယ’, သူတစ်ပါး၏ဂုဏ်ကျေးဇူးကို ဖျက်ဆီးလိုခြင်း
‘မက္ခ’, ဂုဏ်တုဂုဏ်ပြိုင်ခြင်း ‘ပဠာသ’, အဆုံးမခတ်ခြင်း ‘ဒုဗ္ဗစ’ သဘောတရားများ
ရှိတတ်၏။ ဗုဒ္ဓိစရိုက်ရှိသူသည် ရန်ငြိုးဖွဲ့ခြင်းစသော သဘောတရားများမရှိ၊ ဆိုဆုံးမ၍ လွယ်၏။
အစားအသောက်များ၌ နှိုင်းနှိုင်းချိန်ချိန် ပြုလေ့ရှိ၏။ နောင်ရေး-နောင်တာ သံသရာအတွက်
မြော်မြင်မှု သတိပညာရှိ၍ ပါရမီကုသိုလ်များကို ကြိုးစားဆည်းပူးလေ့ရှိသည်။
(ဂ) မောဟစရိုက်ရှိသူနှင့် ၀ိတက်စရိုက်ရှိသူနှစ်ဦးတွင်
မောဟစရိုက်ရှိသူသည် မေ့မေ့လျော့လျော့ ပေါ့ပေါ့ဆဆရှိ၏။ အမှုကိစ္စ အမျိုးမျိုး ရှုပ်ပွေလိမ်နေတတ်၏။
ဘယ်အစားအစာ နှစ်သက်၏ဟု အမြဲမရှိ။ အကြောင်း-အကျိုး၊ အကောင်း-အဆိုး၊ အမှား-အမှန်ကို ခွဲခြား၍မသိ။
သူများက ချီးမွမ်းသောသူကို မိမိကလည်း လိုက်၍ ချီးမွမ်းတတ်ပြီး သူများက ကဲ့ရဲ့သော သူကိုလည်း
လိုက်၍ ကဲ့ရဲ့တတ်၏။ သတိပညာ ကင်းမဲ့၍ ထိုင်းမှိုင်းခြင်း ‘ထိနမိဒ္ဓ’၊ စိတ်ပျံ့လွင့်ခြင်း ‘ဥဒ္ဓစ္စ’၊
သို့လောသို့လော ယုံမှားမှု ‘၀ိစိကိစ္ဆာ’
တို့နှင့်သာ အချိန်ကုန်နေတတ်၏။ ၀ိတက်စရိုက်ရှိသူသည်လည်း ထွေရာလေးပါး အကြံများလျက် ထိုထိုကိစ္စ၌
စကားပေါပြီး ကိစ္စမချောပဲ ရှိနေတတ်၏။ ကောင်းသောလုပ်ငန်း-ကုသိုလ်မှုတို့၌ တက်ကြွစွာ မလုပ်ဆောင်ပဲ
ပျင်းရိနေတတ်၏။ မိမိကဲ့သို့ လူ့ပေါက်ပန်း,လူ့ဘော်ကြော့တို့နှင့် ပျော်မွေ့ကာ လူအား-လူပိုသာ
ဖြစ်ချေသည်။ ထိုသို့လျှင် မိမိတို့သည် အဘယ်စရိုက်ထဲ၌ ပါဝင်သနည်း၊ အဘယ်စရိုက်တို့သည်
မိမိတို့၏ နှလုံးသားတွင် ကိန်းအောင်းနေသနည်း ပြန်လည်ဆန်းစစ်၍ ကောင်းသော စရိုက်တွေ့လျှင်
ကောင်း၏။ မကောင်းသော စရိုက်တွေ့လျှင် မကောင်းဟု ဆင်ခြင်စဉ်းစားကာ မကောင်းသော စရိုက်ဆိုးများကို
ပယ်ဖျောက်သင့်ပေသည်။ (ထိုမကောင်းသော ၀ါသနာ စရိုက်ဆိုးများကို ပယ်ဖျောက်နည်းသည် အဘိဓမ္မတ္ထသင်္ဂဟကျမ်း
ကမ္မဋ္ဌာန်းပိုင်းထဲမှ သပ္ပါယဘေဒ အခန်းတွင် ဖော်ပြထားပါသည်။)
ဟိုးရှေးယခင် မြတ်ဗုဒ္ဓမှစ၍ ယခုနောက်နောင် အစဉ်အဆက်
ဆရာများသည် လောကီ လောကုတ္တရာ နှစ်ဖြာကောင်းကျိုးကို ပေးတတ်သော သီလ၊ သမာဓိ၊ ပညာ ဟူသော
သိက္ခာသုံးရပ်ကို အခြေခံ၍ ဓမ္မနှင့်စပ်လျင်းသော စကားများကို ဟောပြောလေ့ရှိသောကြောင့်
ဤသို့သော တရားစကားတို့သည် “ဆရာပြောသော ဆရာ့စကားများ”
ပင် ဖြစ်ပါသည်။ ထို့ကြောင့် မိမိတို့၏ နှလုံးသားဝယ် သူတော်ကောင်းတရား(၇)ပါးကို ကျင့်သုံး၍
မကောင်းသော စရိုက်ဆိုးများကို ပယ်ဖျောက်ကာ၊ ကောင်းသော စရိုက်ကောင်းများကို ကိန်းဝပ်စေလျက်
မျက်မှောက်ပစ္စက္ခဘ၀၌ မြတ်ဗုဒ္ဓ၏ သာသနာတော်ကြီး အဓွန့်ရှည်ကြာအောင် ကြံဆောင်ကြိုးကုတ်
အားထုတ်နိုင်ကြပါစေကုန်သတည်း.....။ ။
11-2-2017 အရှင်သုစိတ္တ(၀မ်းသာ)
