ခေါင်းဆောင်


ခေါင်းဆောင်
ကြာဖြူ ၊ ကြာနီ ၊ ကြာဝါ ၊ ကြာပြာ အစရှိသည့် ကြာပန်းမျိုးစုံတို့ဖြင့် တင့်တယ် ၀ပြောလှသော ကြည်လင် အေးမြသော ရေအလျင်ရှိသော ရေကန်ကြီးသည် ရှိ၏ ။ ထိုရေကန်၌ ရေကို သောက်သုံးသူတို့အား ရေသည် အေးမြချိုမြိန်သော အရသာကို ပေးစွမ်း၏ ။ ကြာပန်း ကြာစေ့တို့ကို ခူးယူ စားသုံးသူတို့အား ဆိမ့်ချိုသော အရသာကို ပေးစွမ်း၏ ။ ထိုရေကန်ကြီးသည်ကား လူတို့ နှစ်သက်အပ်သော အရာပေတည်း ။
ရေကန်ကြီးအား တွေ့မြင်ကြသော ပုဂ္ဂိုလ်တို့ရှိကြ၍ ရေကို သောက်သုံးသူတို့ ရှိကြ၏ ။ အလိုရှိရာ သုံးဆောင်ကြသလို မသုံးဆောင်သော သူများလည်း ရှိကြကုန်၏ ။ ကြာပွင့် ကြာရိုးတို့ကို ချိုးယူ စားသုံးသူတို့ ရှိကြသလို မချိုးယူ မစားသောက်သော သူများလည်း ရှိကြကုန်၏ ။ လောက သဘာဝ ဖြစ်လင့်ကစား ထိုရေကန်ကြီး၌ ခြုံနွယ် မြက်ပေါင်းပင်တို့ ပေါက်ရောက်လာကြ၏ ။ ထိုစဉ်အခါ မြက်ပေါင်းပင်တို့အား ရှင်းလင်း ခုတ်ထွင် ပေါင်းသင်ကြသူတို့ ရှိကြသလို ခုတ်ထွင် ရှင်းလင်း ပေါင်းသင်မှု မပြုသူတို့လည်း ရှိကြ၏ ။
ရေကန်ကြီးသည် လူတို့၏ ကျေးဇူးမဲ့ကို မပြု ၊ အကျိုးကျေးဇူးကိုသာ အထူးပြုလေ၏ ။ ထို့ကြောင့် ရေကန်ကြီး၏ သတင်းသည် မွှေးကြိုင် ပျံ့နှံ့လေ၏ ။ သတင်းကို ကြားသိကြ၍ လူတို့သည် ရောက်လာကြကုန်၏ ။ ရေကို သောက်သုံးကြ၏ ။ ကြာနွယ် ကြာရိုး ကြာပန်းတို့ကို ချိုးယူ စားသောက်ကြ၏ ။ ရေကန်ကြီး၌ ပေါက်ရောက်နေသော မြက်ပေါင်းပင်တို့အား ရှင်းလင်း ခုတ်ထွင်ကြသော သူများကြောင့် ရေကန်ကြီးသည် တင့်တယ် လှပလျှက် ရှိသည်သာတည်း ။
ထို့အတူ ရေကန်နှင့်တူသော ကျွန်တော်တို့၏ ကျောင်းတော် ၊ ကြည်လင် အေးမြသော ရေ - အလွန် လှပသော ကြာရိုး ကြာနွယ် ကြာပန်း တို့နှင့် တူသော ဆရာများ ၊ ကျောင်းတော်ကြီးကို ၀ိုင်းဝန်းကာ အဖက်ဖက်က ကြည့်ရှု စောင့်ရှောက်သူများ ရှိကြသည် ။ ကျွန်တော်တို့၏ ကျောင်းတော်ကြီး၌ မိမိကိုယ်တိုင် တွေ့ရှိ၍ ပညာရည်နို့ သောက်စို့သူတို့ ရှိကြသလို သတင်းကြားရုံဖြင့် လာရောက်ကာ ပညာနို့ရည် သောက်သုံး သူတွေကလည်း အမြောက်အများ ရှိကြ၏ ။ အမှိုက်သရိုက် ခြုံနွယ် ပိတ်ပေါင်းပင်များကို အမြဲ ရှင်းလင်း ဖယ်ရှားမှုပြုမှ သာယာလှပတဲ့ ရေကန်ကြီးလို ပေါ်လာသော ကောင်းသော မကောင်းသော ကိစ္စကြီးငယ် ဟူသမျှကို အမြဲ ပြုပြင်ထိန်းသိမ်းနိုင်မှ တိုးတက်ပြန့်ပွားပြီး သမိုင်းလှတဲ့ ကျောင်းတော်ကြီး ဖြစ်မှာမို့ ကျောင်းတော်သား တစ်ယောက် အမြင်ဖြင့် ဖော်ပြအပ်ပါသည် ။
Ø  အဘယ်ကို ခေါင်းဆောင် ဟု ခေါ်သနည်း ?
Ø  အသိပညာ အရာ၌သော်လည်းကောင်း အတတ်ပညာ အရာ၌သော်လည်းကောင်း
Ø  လူအများထက် သာလွန်ရမယ် ၊
Ø  အလုပ်လုပ်ရာ၌ ကျွမ်းကျင် သိမ်မွေ့ရမယ် ၊
Ø  စကားပြောရာ၌ လိုရင်း အချုပ်ကို တိကျစွာ ပြောဆိုနိုင်ရမယ် ၊
Ø  လူအများထက် “ ၀ီရိယ ” ထားရမယ် ၊
Ø  လူအများထက် “ လုံ့လ ” ရှိရမယ် ၊
Ø  လူအများထက် “ ဇွဲ ” ရှိရမယ် ၊
အစရှိတဲ့ ပညတ်ချက်တွေနဲ့ ပြည့်စုံမှ ခေါင်းဆောင်လို့ သက်မှတ်နိုင်တာ မဟုတ်ပါဘူး ။ မိမိရဲ့ ပျော်ရွှင်တဲ့နေရာကို ကျောခိုင်းပြီး မိမိနဲ့ သင့်တော်တဲ့ နေရာဒေသမှာ လာရောက်ပြီး တထောင့်တစ်နေရာကနေ ၀ိုင်းဝန်းကူညီ လုပ်ဆောင်နေသူတို့ကိုရော “ခေါင်းဆောင်” လို့ မခေါ်ထိုက်ဘူးလား ။ သူတို့လုပ်နေတဲ့ အလုပ်တွေမှာ သူတို့ဟာ ခေါင်းဆောင်တွေပါပဲ ။

အိမ်ထောင်ရေး ခေါင်းဆောင်
လောက နိယာမတရားအရ လူတို့သည် အိမ်ထောင်မှုပြုကြသည် အိမ်ထောင်သည်များသည် မိမိရဲ့ မိသားစု စားရေး ၊ ၀တ်ရေး ၊ နေရေး ၊ ထိုင်ရေး ၊ စီးပွားရေး ၊ ကြီးပွားရေး ၊ လူမှုရေး အခြေအနေများ တိုးတက်အောင်မြင်အောင် စတဲ့ လုပ်ငန်းစဉ်များကို မိမိကိုယ်တိုင် အကွက်ကျကျ စီစဉ်ဆောင်ရွက် လုပ်ကိုင်ကြရသည် ။ ဒါမှသာ အိမ်ထောင်သည် မိသားစုတိုင်းရဲ့ ဘ၀ကို စိတ်ချမ်းချမ်းသာသာ အခတ်အခဲမရှိပဲ လွယ်လွယ်ကူကူ ချောမွေ့စွာနဲ့ ဖြတ်သန်းနိုင်မှာ ဖြစ်ပါတယ် ။ အိမ်ထောင်မှု မပြုသူများလည်း ဤသို့ပင် ပြုလုပ်ရသည်သာတည်း ။
လောက၌ မိဘပေါင်းများစွာတို့သည် မိမိရဲ့ ရင်မှဖြစ်သော သားရတနာ သ္မီးရတနာတို့အား ပုံစံအမျိုးမျိုး နည်းမျိုးအဖုံဖုံဖြင့် အကောင်းအဆိုး အကြောင်းအကျိုး ဒွန်တွဲနေတဲ့ နည်းပရိယာယ်တွေ ပြည့်နှပ်နေတဲ့ လောကကြီးရဲ့အလယ်မှာ -
၁။       လာဘ           =       ပစ္စည်းဥစ္စာရရှိခြင်း ၊
၂။       အလာဘ        =       ပစ္စည်းဥစ္စာမရှိခြင်း ၊
၃။       ယသ            =       အခြွေအရံ ပေါများခြင်း ၊
၎။       အယသ                   =       အခြွေအရံ နည်းပါးခြင်း ၊
၅။       ပသံသာ                  =       ချီးမွှမ်းခံရခြင်း ၊
၆။       နိန္ဒာ              =       အကဲ့ရဲ့ခံရခြင်း ၊
၇။       သုခံ              =       ချမ်းသာခြင်း ၊
၈။       ဒုက္ခံ              =       ဆင်းရဲခြင်း ၊
လို့ဆိုတဲ့ လောကဒါဏ်တရား (၈) ပါးရဲ့ အလယ်မှာ လောကရဲ့ ကောင်းဒါဏ် ၊ ဆိုးဒါဏ် ၊ မြင့်ဒါဏ် ၊ နိမ့်ဒါဏ် စတဲ့ ဒါဏ်အမျိုးမျိုးကို အံတုကျော်ဖြတ်ရင်း မွေးမြူ စောင့်ရှောက်လာခဲ့သည် မဟုတ်ပါလား ။ ဒါက “အိမ်ထောင်ရေး ခေါင်းဆောင်” ။
ရပ်ကျေးရွာကျေး ခေါင်းဆောင်
ကျေးရွာတစ်ရွာမှာ ရပ်ရွာအေးချမ်းရေးအတွက် ၊ ရပ်ရွာသာယာရေးအတွက် ၊ ရပ်ရွာဖွင့်ဖြိုး တိုးတက်ရေးအတွက် ရှေ့တန်းက မားမားမတ်မတ် ရပ်တည်မယ့်သူ အုပ်ချုပ်ရေးမှုး ရွေးတယ်ဆိုပါစို့ ။ ဒီကောင်လေးက တော်တယ် လိမ္မာတယ် အသောက်အစားလည်း ကင်းတယ် အလုပ်ကိုလည်း ကြိုးစားပမ်းစား လုပ်တယ် ရိုးလည်းရိုးသားတယ်ဆိုပြီး ရွာသူရွာသား အားလုံးက ၀ိုင်းပြီး မဲပေးကြတယ် အဲဒီတော့ ရပ်ရွာဥက္ကဋ္ဌဖြစ်တဲ့ သူက ကိုယ့်ကျေးရွာမှာ ရှေ့တန်းတင်ရတဲ့ ရွာဦးစေတီတော် ၊ ရွာဦးဘုန်းတော်ကြီးကျောင်း ၊ အခြေခံပညာ မူလတန်းကျောင်းတွေမှာ အေးချမ်းသာယာပြီး ဖွင့်ဖြိုးတိုးတက်ဖို့ ရပ်ရွာမှာ လမ်းပမ်းဆက်သွယ်ရေးကောင်းဖို့ ရောဂါဘယကင်းစင်ဖို့ လျှက်စစ်မီးရရှိဖို့ အစရှိတဲ့ ရပ်ရွာနဲ့ပတ်သက်တဲ့ အလုပ်တွေကို ရပ်ရွာရဲ့ လူကြီးဖြစ်တဲ့ သူကပဲ ဦးဆောင်လမ်းပြရတာ ဦးဆောင်လုပ်ပြရတာ မဟုတ်လား ။ ဦးဆောင်လမ်းပြတဲ့ ပုဂ္ဂိုလ်ဆိုတာ တိုင်းပြည်အုပ်ချုပ် မင်းလုပ်သူ မဟုတ်ပေမယ့်လည်း -
၁။       ဒါန               =       အလှူပေးခြင်း ၊
၂။       သီလ            =       ငါးပါးသီလ ဆောက်တည်ခြင်း ၊
၃။       ပရိစာဂ                   =       ပေးကမ်းစွန့်ကြဲခြင်း ၊
၎။       အဇ္ဇ၀ံ            =       ဖြောင့်မတ်ခြင်း ၊
၅။       မဒ္ဒ၀ံ             =       နူးညံ့ခြင်း ၊
၆။       တပံ              =       ရှစ်ပါးသီလ ဆောက်တည်ခြင်း ၊
၇။       အကောဇံ       =       အမျက်ဒေါသ မထွက်ခြင်း ၊
၈။       အ၀ိဟိ`ံသံ     =       ပြည်သူတို့ကို မနှိပ်စက်ခြင်း ၊
၉။       ခန္တီ               =       သီးခံခြင်း ၊
၁၀။     အ၀ိရောဓနံ    =       ပြည်သူတို့နှင့် မဆန့်ကျင်ခြင်း ၊
တည်းဟူသော မင်းကျင့်တရား (၁၀) ပါးကို ပြုကျင့်ရသည် မဟုတ်ပါလား ။ ဒါက “ကျေးရွာခေါင်းဆောင်” ။

သံဃာ့ခေါင်းဆောင်
သုံးလောကထွဋ်ထား သဗ္ဗညုမြတ်စွာဘုရားရှင် ဟောဖော်ညွှန်ပြတော်မူခဲ့သော သာသနာတော်မြတ်ကြီး အဓွန့်ရှည်ကြာဖို့ အမျိုးဘာသာ သာသနာ တိုးတက်ပြန့်ပွားဖို့ ဘာသာရေး သာသနာရေး အလေးထားလို့ စီစဉ်ဆောင်ရွက်တော်မူကြသော ဆရာတော်ကြီးများနှင့်တကွ သံဃာတော် အရှင်သူမြတ်များက ကိုယ့်အမျိုးဘာသာ သာသနာ မကွယ်ပျောက်အောင် ထိန်းသိမ်းစောင့်ရှောက်ဖို့အတွက် ဗုဒ္ဓရှင်တော်၏ တရားတော်နှင့်အညီ စည်းကမ်းဥပဒေတွေ ထုတ်ပြန်ခဲ့တာ မြန်မာနိုင်ငံမှာ အထင်ကရရှိတဲ့ နိုင်ငံတော် ပရိယတ္တိ သာသနာ့ တက္ကသိုလ်ကြီးတွေ ၊ သီတဂူဆရာတော် ဘုရားကြီး ဒေါက်တာ အရှင်ဉာဏိဿရ တည်ထောင်တော်မူထားသော သီတဂူ ကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်ကြီးတွေ ၊ ဆရာကြီး ဦးမြင့်ဆွေ (မဟာဝိဇ္ဇာ-လန်ဒန်) တည်ထောင်ထားတဲ့ ဗုဒ္ဓတက္ကသိုလ်ကြီးတွေ အစရှိတဲ့ တက္ကသိုလ်ကြီးတွေမှာ ဗုဒ္ဓဓမ္မကျမ်းစာတွေ ပါဠိ ၊ သက္ကတ ၊ ဘာသာဘေဒ ၊ အင်္ဂလိပ် စတဲ့ ဘာသာတွေ သင်ကြားပေးနေတာ အနယ်နယ် အရပ်ရပ်က စာသင်တိုက်ကြီးတွေမှာ စာပေသင်ကြားပို့ချနေတာ သင်ယူနေတာတွေဟာ သံဃာ့ခေါင်းဆောင်တွေပါပဲ ။
နွေရာသီ ကျောင်းပိတ်ရက် ရောက်ပြီဆိုရင် အဲဒီ တက္ကသိုလ်ကြီးတွေ စာသင်တိုက်ကြီးတွေမှာ စာပေသင်ကြားနေကြတဲ့ စာသင်သား ရဟန်းသံဃာတော်တွေဟာ မိမိရဲ့ မွေးရပ်မြေဇာတိကို ပြန်တဲ့သူကပြန် မိမိနဲ့ နီးစပ်ရာ ဒေသအသီးသီးကို သွားတဲ့သူကသွားပြီးတော့ မိမိတတ်တဲ့ပညာနဲ့ အသိအမြင် ဗဟုသုတ အကြားအမြင် ဗဟုသုတ ကျဉ်းမြောင်းလှတဲ့ မြို့ရွာဒေသတွေမှာရှိတဲ့ နောက်လာမယ့် အနာဂါတ် ခေတ်ကြီးထဲမှာ ရှေ့ဆောင်လမ်းပြုပုကြရမယ့် ခေါင်းဆောင် ပုဂ္ဂိုလ်လောင်းလေးတွေ ဖြစ်ကြတဲ့ ကလေးတွေကို အသိပညာတွေ တိုးပွားအောင် အတတ်ပညာတွေ ကျွမ်းကျင်အောင် ယဉ်ကျေးလိမ္မာတဲ့ သားသားမီးမီးတွေ ဖြစ်လာအောင် ရှေ့ဆောင်လမ်းပြ သင်းပေးကြရတယ် ဒါမှလည်း ဘာသာရေးခေါင်းဆောင်ကောင်း သာသနာရေးခေါင်းဆောင်ကောင်း အမျိုးသားရေးခေါင်းဆောင်ကောင်း အိမ်ထောင်ရေးခေါင်းဆောင်ကောင်းတွေ ဖြစ်ခွင့်ရကြမှာ မဟုတ်လား ။ ဒါက သံဃာ့ခေါင်းဆောင် ။
မြန်မာမှာသာမက ကမ္ဘာမှာပါရှိကြတဲ့ ခေါင်းဆောင်တွေ အားလုံးရဲ့ ဂုဏ်တွေကို ပိုပြီးပေါ်လွင်ထင်ရှားအောင် “၀ါနရိန္ဒဇာတ်” လို့ခေါ်တဲ့ ဘုရားလောင်း ပါရမီနုစဉ်အခါက အဖြစ်လေးတစ်ခုကို ဖော်ပြချင်ပါသေးတယ် ။ ဘုရားလောင်းရဲ့ တစ်ခုသော ဘ၀မှာ မျောက်တွေရဲ့ ခေါင်းဆောင် မျောက်မင်း ဖြစ်ခဲ့ဘူးတယ် ။ ဒေ၀ဒတ် အလောင်းအလျာလည်း မျောက်မင်းရဲ့ နောက်လိုက် မျောက်တွေထဲမှာ အပါအ၀င် မျောက်တစ်ကောင် ဖြစ်လာတယ် ။
တစ်ခါမှာ ဘုရားလောင်း မျောက်မင်းနဲ့ နောက်လိုက် မျောက်တွေဟာ သရက်ပင်ကြီး တစ်ပင်ပေါ် တက်ကြပြီး အင်မတန် ချိုမြိန်လှတဲ့ သရက်သီးမှည့်တွေကို ခူးယူစားနေကြတယ် ။ နေ၀င်ချိန်နီးလောက်မှာ အဲဒီ သရက်ပင်ကြီးအောက်မှာ တိုင်းပြည်အုပ်ချုပ် ရှင်ဘုရင်နှင့်တကွ သူ့ရဲ့ နောက်ပါ စစ်သည်ဗိုလ်ပါ အပေါင်းတို့ဟာ ရောက်လာကြတယ် ။ ဒီလို လူတွေ သရက်ပင်ကြီးအောက် ရောက်လာတာကို မျောက်တွေသိတော့ အထိတ်တလန့်ဖြစ်ပြီး သူတို့ရဲ့ ခေါင်းဆောင် မျောက်မင်းကို လူတွေရောက်နေတဲ့ အကြောင်း ပြောကြတယ် ။ နေ၀င်လို့ မှောင်သွားတော့ မျောက်တွေကို သတ်လို့မရတော့ဘူး ။ မနက်မိုးလင်းလာရင်တော့ မျောက်တွေဟာ ဘုရင်ရဲ့ နောက်ပါ စစ်သည်ဗိုလ်ပါ လေးသည်တော်တွေရဲ့ အပစ်အခတ် အသတ်အဖြတ်ကို ခံရမှာ သေချာတယ် ။ ဒါကို သိနေတဲ့ မျောက်မင်းဟာ သူ့နောက်လိုက် မျောက်တွေကို ကယ်တင်ဖို့ သရက်ပင်ကြီးကနေပြီး မြစ်ကို ခုန်ကျော်ခဲ့တယ် ။ ခုန်တဲ့နေရာမှာလည်း သရက်ပင်ကနေ အကွာအဝေးကို သေချာတွက်ချက်ပြီး ခုန်ခဲ့တာ ဖြစ်ပါတယ် ။ သူ့ရဲ့အကြံက တစ်ဖက်ကမ်းကို ရောက်ရင် နွယ်ကြိုး ရှာမယ် ၊ တွေ့တဲ့အခါ သူတွက်ဆခဲ့တဲ့ အလျားအတိုင်း ဖြတ်တောက်ပြီးတော့ နွယ်ကြိုးတစ်စကို ခိုင်ခံ့တဲ့ နေရာတစ်ခုမှာ ချည်နှောင်ထားခဲ့မယ် ၊ ကျန်တဲ့ နွယ်ကြိုးတစ်စကို မိမိရဲ့ ခါးမှာပတ်ချည်ပြီး သရက်ပင်ကြီးဆီကို ပြန်ခုန်မယ် ၊ ရောက်တဲ့အခါ သရက်ကိုင်းမှာ နွယ်ကြိုးစကို ချည်ပြီး ကြိုးတန်းမယ် ၊ အဲဒီကြိုးတန်းကနေပြီး အောက်က စောင့်ဆိုင်းနေတဲ့ ရန်သူတွေရဲ့ လက်က လွတ်မြောက်အောင် မျောက်တွေ အားလုံးကို ဆင်းခိုင်းမယ်ဆိုတဲ့ အကြံအစည် ဖြစ်ပါတယ် ။
မျောက်မင်းဟာ သူကြံစည်ထားတဲ့အတိုင်း ကြိုးကိုရှာတယ် ရတဲ့အခါမှာ သူတွက်ဆထားတဲ့အတိုင်း ဖြတ်တောက်ပြီး ခိုင်ခံ့တဲ့ တစ်နေရာမှာ ကြိုးတစ်စကို ချည်တယ် ကျန်တဲ့ ကြိုးတစ်စကို ခါးမှာ ပတ်ချည်ပြီးတော့ သရက်ပင်ကြီး ရှိရာကို ပြန်ပြီးခုန်တယ် သူစဉ်းစားတွက်ဆတဲ့ အထဲမှာ သူ့ရဲ့ခါးမှာ ပတ်ချည်မည့် ကြိုးရဲ့ အတိုင်းအထွာကို သူထည့်မတွက်မိဘဲ မေ့လျော့သွားတဲ့ အတွက်ကြောင့် မျောက်မင်းအတွက် ၀မ်းနည်း ကြေကွဲဖွယ်ပင် ဖြစ်ခဲ့ရသေးတယ် ။ အဲဒါကြောင့် ပြန်ခုန်လာတဲ့အခါမှာ  သရက်ပင်ကြီးပေါ် သေသေချာချာ ပြန်မရောက်ပဲ သရက်ကိုင်းတစ်ကိုင်းကို ဆွဲမိရုံပဲ ရောက်သွားရတာ ဖြစ်ပါတယ် ။ ဘုရားလောင်း မျောက်မင်းဟာ ကြိုးအသစ်လဲဖို့ ပြန်ပြီး ခုန်လို့တော့ ရပါတယ် ။ ဒါပေမယ့် အင်မတန် ခွန်အားကြီးတဲ့သူဆိုတော့ သူ့ကျောပေါ်ကနေ တစ်ဆင့် ကြိုးတန်းအတိုင်း မျောက်တွေ အကုန်လုံး ဟိုဘက်ကမ်း ရောက်သွားသည်အထိ တောင့်ခံနိုင်မယ်လို့ ယုံကြည်ထားပါတယ် ။ ဒါ့ကြောင့်လည်း နောက်တစ်ခေါက် ကြိုးယူဖို့ ပြန်မခုန်တော့ဘဲ သူ့ကျောပေါ်ကနေ တစ်ဆင့် ကြိုးတန်းအတိုင်း ဆင်းသွားကြဖို့ မျောက်တွေကို အမိန့်ပေးလိုက်ပါတယ် ။ ဒီလုပ်ဆောင်ချက်က မိုးမလင်းမီ လုပ်ဆောင်ရမှာဆိုတော့ အချိန်မကုန်အောင်လို့ နောက်တစ်ခေါက် ကြိုးယူဖို့ ပြန်မခုန်တော့တာ ဖြစ်ပါတယ် ။
မျောက်တွေဟာ ဘုရားလောင်း မျောက်မင်း ညွှန်ကြားတဲ့အတိုင်း ကျောပေါ်မှတစ်ဆင့် ကြိုးတန်းအတိုင်း ဖတ်တွယ်နင်းလျှောက်ပြီး ဆင်းသွားကြတယ် ။ နောက်ဆုံး ကျန်နေတဲ့ မျောက်က ဒေ၀ဒတ်အလောင်း မျောက်ဖြစ်တယ် ။ ဘုရားလောင်း မျောက်မင်းကို နဂိုကတည်းက မနာလို မုန်းတီးနေတဲ့ အဲဒီ ဒေ၀ဒတ်အလောင်း မျောက်က အခုလို ဘုရားလောင်း မျောက်မင်း သစ်ကိုင်းကို ဆွဲထားလျှက်သား ရှိနေရတဲ့ အခြေအနေဟာ သူ့အတွက် ယုတ်မာတဲ့အလုပ် ဘုရားလောင်း မျောက်မင်းအပေါ် လုပ်ဖို့ အခွင့်ရှိတဲ့ အခွင့်ကောင်းကြီးတစ်ရပ် ဖြစ်နေလေတယ် ။ ဒေ၀ဒတ် အလောင်းအလျာမျောက်က တမင်သက်သက် ဘုရားလောင်း မျောက်မင်းရဲ့ ခါးပေါ်ကို အရှိန်ပြင်းပြင်းနဲ့ ခုန်ချလိုက်တယ် ၊ အဲဒီလို ခုန်ချလိုက်လို့ ဘုရားလောင်း မျောက်မင်းရဲ့ခါးဟာ သွင်သွင်ကျိုးသွားပါတယ် ။ အဲဒီလို ခါးကျိုးသွားတဲ့ ဒါဏ်ရာကြောင့်ပဲ ဘုရားအလောင်း မျောက်မင်းဟာ သရက်ပင်ကြီးပေါ်ကကျပြီး အသက်ကုန်ဆုံးခဲ့ရပါတယ် ။ တကယ်လို့သာ ခါးကိုပတ်မည့် ကြိုးအတိုင်းအထွာကို သတိပြုခဲ့မယ် တွေးသိမိခဲ့မယ်ဆိုရင် ဒီလို ကြေကွဲဝမ်းနည်းဖွယ် အဖြစ်မျိုးကို မျောက်မင်း ကြုံရမှာ မဟုတ်ပါဘူး ။ ဒီလို ယုတ်မာတဲ့ နောက်လိုက် မျောက်မျိုး သူ့အဖွဲ့အစည်းထဲမှာ ပါလာနိုင်တယ် ဆိုတာကို ထည့်မတွက်မိလို့ အခုလို ကြုံရတာ ဖြစ်ပါတယ် ။ ခေါင်းဆောင်လုပ်နေသူတိုင်းဟာ မိမိအကျိုးကို မငဲ့ကွက်ပဲ ကိုယ့်ရဲ့ လက်အောက်ငယ်သားတွေအတွက် အများအကျိုးအတွက် ကြည့်ပြီးတော့ လုပ်ရတယ်ဆိုတာ “၀ါနရိန္ဒဇာတ်” ဘုရားလောင်း မျောက်မင်း ဇာတ်တော်က သက်သေပါပဲ ။
ဘာသာရေးခေါင်းဆောင် သာသနာရေးခေါင်းဆောင် အမျိုးသားရေးခေါင်းဆောင် သံဃာ့ခေါင်းဆောင် ရပ်ရွာခေါင်းဆောင် အိမ်ထောင်ရေးခေါင်းဆောင် ဘယ်လိုခေါင်းဆောင်ပဲဖြစ်ဖြစ် အဟောင်းအဟောင်းသော နည်းတွေနဲ့ အသစ်သစ်သော နည်းလမ်းတွေကို ပေါင်းစပ်ရောယှက်ပြီး အကောင်းဆုံးဖြစ်အောင် လုပ်ဆောင်ကြတာဖြစ်လို့ သမိုင်းမော်ကွန်း ကမ္ဗည်းထိုးအပ်ပါကြောင်း …..


                                                                                      အရှင်သုစိတ္တ(၀မ်းသာ)

ရှင်ဥပဂုတ္တ ရှင်းတမ်း

ရှင်ဥပဂုတ္တ ရှင်းတမ်း =========== (၂၀၀၈- ခုနှစ်၊ ဧပြီလထုတ် မြတ်ပန်းရဂုံ စာစောင်ပါ မောင်ဇေယျာ (ရန်ကုန်)၏ မေးခွန်းကို ဖြေကြားထားခြင်း ဖြစ...