ပြည့်စုံခြင်းဖြင့် အောင်မြင်နိုင်သော ကျွန်ုပ်တို့ဘဝ


ပြည့်စုံခြင်းဖြင့် အောင်မြင်နိုင်သော ကျွန်ုပ်တို့ဘဝ
ကျွန်ုပ်တို့ လူသား(သတ္တ၀ါ)တိုင်း လူရယ်လို့ ဖြစ်လာလျှင် ခန္ဓာငါးပါး၊ ရုပ်နာမ်နှစ်ပါးကို ခဏတာ ပိုင်ဆိုင်ခွင့် ရကြမည် ဖြစ်ပါသည်။ ဤသို့သော ပိုင်ဆိုင်ခွင့်ကို မြတ်ဗုဒ္ဓသည် သူ၏ လေးအသင်္ချေနှင့် ကမ္ဘာတစ်သိန်းတိုင်တိုင် ကြာမြင့်စွာသော ကာလပတ်လုံး ပါရမီဆယ်ပါး အပြားသုံးဆယ်တို့ကို ခတ်ခတ်ခဲခဲ ပင်ပင်ပမ်းပမ်း ဖြည့်ကျင့် ဆည်းပူးတော်မူပြီးမှ ရရှိအပ်သော သဗ္ဗညုတ ရွှေဉာဏ်တော်မြတ်ကြီးဖြင့် ‘မနုဿတ္တဘာဝေါ ဒုလ္လဘော’ - ဟူ၍ မိန့်ကြားတော် မူခဲ့ပါ၏။ မိမိတို့သည် အလွန့်အလွန် ရခဲလှစွာသော လူ့ဘ၀ကို ရရှိခဲ့ပါပြီ၊ လူ့ဘ၀သို့ ခေတ္တခဏ ရရှိ၊ ရောက်ရှိနေစဉ် ကိုယ်စီကိုယ်စီ လုပ်ဆောင်ကြရမည့် ကျင့်ဝတ်တရားများကို သန္ဓေတည်သည်မှစ၍ စုတေသည့်တိုင်အောင် ကျင့်ဆောင်ကြရမည် ဖြစ်သည်။ ထိုသို့ ဘ၀ခရီးကြမ်းကို လျှောက်လှမ်း ဖြတ်သန်းသောအခါ ကောင်းသည့် အရာများကို တွေ့ရလျှင် စိတ်ချမ်းသာကြမည်၊ မကောင်းသည့် အရာများကို တွေ့ရလျှင် စိတ်ဆင်းရဲကြမည်၊ ဒါဟာ ‘လောက သဘာဝ’ ပင်ဖြစ်ပါသည်။ ‘လောက သဘာဝတရား’ တစ်နည်းအားဖြင့် ‘လောကဓံတရား’ သည် (၈)ပါး ရှိပါသည်။ ထို(၈)ပါးသည် -
၁။     လာဘ =      လာဘ်ရရှိခြင်း၊
၂။     အလာဘ      =      လာဘ်မရရှိခြင်း၊
၃။     ယသ  =      အခြွေအရံ ပေါများခြင်း၊
၎။     အယသ        =      အခြွေအရံ နည်းပါးခြင်း၊
၅။     ပသံသာ       =      ချီးမွမ်းခံရခြင်း၊
၆။     နိန္ဒာ   =      ကဲ့ရဲ့ခံရခြင်း၊
၇။     သုခံ    =      ချမ်းသာခြင်း၊
၈။     ဒုက္ခံ    =      ဆင်းရဲခြင်း၊
                    တို့ဖြစ်၏။
          ထိုရှစ်ပါးတို့တွင် လာဘ၊ ယသ၊ ပသံသာ၊ သုခံ - ဟူသော အကောင်း လောကဓံ လေးပါးတို့အား မဆိုထားဘိဦး၊ အလာဘ၊ အယသ၊ နိန္ဒာ၊ ဒုက္ခံ - ဟူသော အဆိုး လောကဓံတရား လေးပါးတို့နှင့် တွေ့မိလျှင်ကား သတ္တ၀ါတို့သည် ထိုတရားလေးပါးအား လိုချင်တပ်မတ်ခြင်း ရာဂတည်းဟူသော လောဘသည် ဖြစ်၏။ ထိုလောဘသည် တဖြေးဖြေး လိုချင်မှု အားကြီးလာ၍ “အလိုကြီးတော့ အရနည်း၏” ဟူသကဲ့သို့ “လိုတာမရ၊ ရတာမလို” ဖြစ်ကြရ၏။ လိုအပ်သော အရာတို့ကို မရသောအခါ ခတ်ထန်ကြမ်းတမ်းမှု = ဒေါသသည် ဖြစ်လာ၏။ ဒေါသ ဖြစ်လာလျှင် အာရုံကို မသိ တွေဝေမှု = မောဟလည်း ဖြစ်တော့၏။ ဤကဲ့သို့ လောဘ၊ ဒေါသ၊ မောဟ ဟူသော အကုသိုလ် ဟိတ်သုံးပါးတို့သည် ကောင်းသော ပဋိသန္ဓေ အကျိုးကို မပေးချေ၊ မကောင်းသော ပဋိသန္ဓေ အကျိုးကိုသာ ပေး၏။ မိမိတို့သည် မကောင်းသော ပဋိသန္ဓေ အကျိုးကိုသာ ပေးတတ်သော ထိုအကုသိုလ် ဟိတ်သုံးပါးကို အထူးပင် ဖယ်ရှားသင့်လှ၏။
          ထိုမကောင်းသော ဟိတ်သုံးပါးကို ဖယ်ရှားဖို့ရန်အတွက် ဤကဲ့သို့ နှလုံးသွင်းကြရမည်။ “ ‘ငါ’ ဟု သမုတ်ထားအပ်သော ‘ခန္ဓာနှင့်စိတ်’ တနည်းအားဖြင့် ‘ရုပ်နှင့်နာမ်’ တို့သည် အချိန်မရွေး ကင်းကွာ သွားနိုင်၏။ ပျက်ဆီးသွားနိုင်၏။” ဟု နှလုံးသွင်း ကြည့်လိုက်လျှင် မိမိ၏ စိတ်သည် ခန္ဓာနှင့် ခဏတာ ကင်းကွာသွားပါလိမ့်မည်။ ထိုအချိန်ဝယ် လောကတခွင်၌ ရှိအပ်၊ ထားအပ်သော အရာတို့သည်လည်း မိမိနှင့် ကင်းလွတ်နေသဖြင့် မိမိ၏စိတ်သည် စင်ကြယ်သွား၏။ သန့်ရှင်းသွား၏။ ထိုနည်းအတူပင် သတ္တလောက၊ သင်္ခါရလောက၊ သြကာသလောက ဟူသော လောကကြီးနှင့် တစ်ဘ၀ တစ်ခဏသာ တွေ့ကြရ၊ ဆုံကြရသည် ဖြစ်၏။ တစ်နေ့တွင် လမ်းခွဲကြရပေဦးမည်။ ထိုသို့ ခဏတာ ဆုံတွေ့ကြရသည့် ဘ၀မှာ အဘယ့်ကြောင့် လောဘစိတ်၊ ဒေါသစိတ်၊ မောဟစိတ် ဟုဆိုအပ်သော မကောင်းသော အကုသိုလ် ဟိတ်တို့ကို မိမိတို့၏ ဖြူစင်သန့်ရှင့်သည့် စိတ်သဘောတွင်းသို့ ထည့်သွင်းထားနေဦးမည်နည်း။ ဖယ်ရှားသင့်သည်သာ ဖြစ်၏။
          ထိုသို့သော ‘ခန္ဓာနှင့်စိတ်’ ကို ခဏတာ ကင်းကွာအောင် ဉာဏ်ဖြင့် ကြည့်၍၊ ကင်းသောအတိုင်း သိသော ခဏ၌ ချမ်းသာမှုသည် ဖြစ်၏။ ထိုချမ်းသာကား လောကီချမ်းသာပင် ရှိသေး၏။ ထိုချမ်းသာကိုပင် ၀ိပဿနာပေါ် တင်၍ ဖြစ်၊ပျက် အနိစ္စ၊ ဒုက္ခ၊ အနတ္တ ရှုမှတ်မှသာလျှင် လောကုတ္တရာ ချမ်းသာအစစ်သို့ ရောက်နိုင်ပေ၏။ လောကီချမ်းသာနှင့် လောကုတ္တရာ ချမ်းသာတို့ကို “အတတ်ပညာကို ဖြည်းဖြည်း သင်ရာ၏” ဟူသော လောကနီတိကျမ်းလာအရ သိ၊ သိသော ခဏတို့ များလာသောအခါတွင် ဖြည်းဖြည်းချင်း တည်မြဲလာမည် ဖြစ်သည်။ တပါးသူတို့ ပြောစမတ်ပြုကြသည့် တရားထိုင်ခြင်း၊ တရားရှုမှတ် ပွားများခြင်းဟု ဆိုခြင်းသည် တင်ပလ္လင်ခွေထိုင်ပြီး ဘယ်ဘက်လက်ပေါ် ညာဘက်လက်တင်၍ ၀င်လေ - ထွက်လေ ရှုမှတ်ပွားများပါမှ တရားထိုင်သည်၊ တရားရှုမှတ် ပွားများသည်ဟု ခေါ်သည်မဟုတ်။ လျောင်း၊ ထိုင်၊ ရပ်၊ သွား စသည့် မည်သည့် ဣရိယာပုထ်နှင့်မဆို ဖြစ်ပေါ်လာသမျှသော အာရုံတွေမှာ သတိကပ်ပြီး နေနေသမျှ အချိန်တိုင်းကို တရားထိုင်သည်၊ တရားရှုမှတ် ပွားများအားထုတ်သည်ဟု ခေါ်ဆိုရပါသည်။
          မိမိတို့၏ ဘ၀တစ်လျှောက် ဖြတ်သန်းလာခဲ့သော အတိက်တို့ကို ပြန်လည်၍ တွေးတော နေမည့်အစား ယခု ပစ္စုပ္ပန်အချိန်တွင် ဘာလုပ်သင့်သလဲ၊ ဘယ်လိုတွေးသင့်သလဲ၊ သတိကပ်လျက် မှန်ကန်သည့်အတိုင်း စဉ်းစား၊ ဖြောင့်မတ်သည့်အတိုင်း လုပ်ဆောင်နေပါမည်ဆိုလျှင် မိမိတို့၏ ဘ၀သည် တန်ဖိုးရှိသောဘ၀၊ ပြီးပြည့်စုံသောဘ၀ ဖြစ်နေပါပြီ။ မြတ်ဗုဒ္ဓက ပြီးဆုံးခဲ့သည့် အတိက်ကိုလည်း ပြန်မကြည့်နှင့်၊ ရောက်မလာသေးသည့် အနာဂတ်ကိုလည်း မမျှော်မှန်းနှင့်၊ ယခုလက်ရှိ ဖြစ်ပျက်နေသည့် ပစ္စုပ္ပန် တည့်တည့်မတ်မတ်ကို ကြည့်ပြီး မိမိတို့ လုပ်သင့် လုပ်ထိုက်သည်ကို လုပ်၊ ပြောသင့် ပြောထိုက်သည်ကို ပြော၊ ကြံသင့် ကြံထိုက်သည်ကို ကြံ၊ တွေးသင့် တွေးထိုက်သည်ကို တွေး၍၊ အကြောင်းအကျိုး စဉ်းစား၊ အမှားအမှန် ဝေခွဲ၊ ကောင်းမကောင်း ဆုံးဖြတ်၊ ကောင်းလျှင်လုပ်၊ မကောင်းလျှင် မလုပ်နှင့်၊ မိမိအတွက် အကျိုးရှိလျှင် လုပ်၊ သူတစ်ပါးအတွက် အကျိုးရှိလျှင် လုပ်၊ မိမိအတွက်လည်း အကျိုးမရှိ သူတစ်ပါးအတွက်လည်း အကျိုးမရှိလျှင် မလုပ်နှင့် ထိုသို့ဆိုလျှင် မိမိတို့၏ ဘ၀သည် အေးချမ်းသာယာသော ဘ၀ ဖြစ်တော့သည်။
          မိမိတို့သည် လောကကြီးအတွင်းမှ မရုန်းထွက်နိုင်သေးသ၍ လောကကြီးတွင် ဖြစ်ပျက်သမျှသော အရာအားလုံးနှင့် တွေ့ရ၊ ကြံရ၊ ဆုံရမည် ဖြစ်သည်။ ဤသို့ တွေ့ရ၊ ကြံရ၊ ဆုံရသည့်အခါ အမြဲတမ်းသာလျှင် လောကကြီးနှင့် ဆက်သွယ်နေရမည် ဆိုပေမယ့် အချုပ်အားဖြင့် ဆင်ခြင်ကြည့်သောအခါ မြင်မြင် သမျှသော=ရူပါရုံ၊ ကြားကြား သမျှသော=သောတာရုံ၊ အနံ့နံ သမျှသော=ဂန္ဓာရုံ၊ အရသာ မှန်သမျှသော=ရသာရုံ၊ အတွေ့အထိ မှန်သမျှသော=ဖောဋ္ဌဗ္ဗာရုံ၊ ဤအာရုံငါးပါးကို သိသိသမျှသော=ဓမ္မာရုံ၊ တည်းဟူသော အာရုံခြောက်ပါးတို့သည် ဖြစ်နေကြသည်၊ ပျက်နေကြသည်၊ မြင်အပ်သည့် ရူပါရုံတွေလည်း ပျက်မည်၊ မမြင်အပ်သည့် ဓမ္မာရုံ(သဘောတရား)တွေလည်း ပျက်မည် ဖြစ်ပါသည်။
          ထို့ကြောင့် လောကကြီး၏ အကြောင်းကို တွေးရမည်၊ ကြံရမည်၊ ပြောရမည်၊ လုပ်ဆောင်ရမည်၊ သို့ပေမယ့်လည်း လောကကြီးနှင့် ဆက်နွယ်မှု မရှိရဘူး။ “လောကကြီး၏ အကြောင်းကို ပြောရမည်၊ လောကကြီးနှင့် ပတ်သက်ဆက်နွယ်မှု မရှိစေရဘူး” ဟုဆိုခြင်းသည် မိမိတို့၏ စိတ်ကို အသန့်ရှင်းဆုံး၊ အဖြူစင်ဆုံး ဖြစ်အောင် ‘သဘာဝဓမ္မ’ နှင့် ချုပ်ကိုင်လိုက်ခြင်း ဖြစ်သည်။ သို့ရာ၌ ဘယ်အရာဝတ္ထုမှ အမှန်တကယ် မရှိဘူး၊ ခဏတာ အတွင်းသာ ဖြစ်ကြခြင်း ဖြစ်သည်။ မိမိတို့၏ ခန္ဓာကိုယ်လည်း တစ်ခဏသာလျှင် ဖြစ်သည်။ စိတ်လည်း တစ်ခဏသာလျှင် ဖြစ်သည်။ ဤသို့ စဉ်းစားဆင်ခြင်ပြီး အခါအားလျော်စွာ ‘သဘာဝဓမ္မ’ များကို သိနေမည်ဆိုလျှင် မိမိတို့၏ ဘ၀ဟာ တစတစ ပြည့်စုံသွားမည် ဖြစ်သည်။
          မိမိတို့၏ ဘ၀ကို အောင်မြင်ချင်လျှင် -
(၁)    မခံချင်စိတ်    =      မာန မွေးရမည်၊
(၂)    ထိုမာနကို ချိုးနှိမ်နိုင်သည့်    =      ပကတိစိတ် မွေးရမည်၊
(၁) မခံချင်စိတ် မွေးခြင်းသည် တပါးသူတို့ တော်သလို မိမိသည်လည်း တော်ရမည်ဟု နှလုံးသွင်းမိခြင်း ဖြစ်သည်။ တပါးသူတို့ ပညာတတ်သလို မိမိသည်လည်း ပညာတတ်ရမည်ဟု နှလုံးသွင်းမိခြင်း ဖြစ်သည်။ ဒါဟာ ပြိုင်ဘက်ရှာလိုက်သည့် သဘောပင်ဖြစ်သည်။ ပြိုင်ဘက်ဆိုသည်မျိုးက ဘယ်နည်းနှင့်ပင် ဖြစ်ဖြစ် သူပြိုင်ကိုယ်ပြိုင် အနိုင်ရဖို့ကိုပဲ ကြိုးစားသည်။
(၂)     ကိုယ်က အနိုင်ရချင်လို့ ပြိုင်ပြီဆိုကတည်းက ထောင်လွှားတက်ကြွတတ်သည့် မာနက ဖြစ်နေပြီ၊ သို့ပေမယ့် မကောင်းသော မာနတော့ မဟုတ်တန်ရာ။
          ထိုမခံချင်စိတ် မာနသည် မိမိက ရှေးဦးစွာ လုပ်သင့် လုပ်ထိုက်တာကို တွေးပြီး နည်းမှန်လမ်းမှန်ဖြင့် လုပ်ဆောင်မည် ဖြစ်သည့်အတွက် ဖြစ်သည်။ မာန၏ ပင်ကိုယ်သဘောသည် မောက်မာခတ်ထန်သည့်အတွက် ဤမာနကိုပင် ချိုးနှိမ်ဖျက်ဆီးနိုင်မည့် ပကတိစိတ် ဖြစ်ပေါ်လာအောင် မွေးကို မွေးရမည် ဖြစ်သည်။ ပကတိစိတ်ဆိုသည်က မူလရင်းမြစ်ကတည်းက ဖြူစင်သည့်သဘော ရှိသည်။ ဤသို့ ဖြူစင်သည့်သဘော ရှိသည့် ပကတိစိတ်မှသာလျှင် မာနကို ချိုးနှိမ်ဖျက်ဆီးနိုင်မည် ဖြစ်သည်။ ထို့ကြောင့် မခံချင်စိတ်မာနနှင့် ဖြူစင်သည့် သဘောရှိသည့် ပကတိစိတ်တို့ကို အမြဲတမ်း လက်ခံကျင့်သုံးနိုင်လျှင် မိမိတို့၏ ဘ၀သည် အောင်မြင်ပြီဟု ရဲရဲကြီး ပြောလိုက်ရပေသည်။
          ထိုကဲ့သို့ အောင်မြင်သည်ဖြစ်စေ၊ မအောင်မြင်သည်ဖြစ်စေ ယနေ့ခေတ် လူငယ်တို့သည် လူငယ်များပီပီ ဘယ်လို အလုပ်မျိုးပဲ ဖြစ်ဖြစ် စိတ်အား ထက်သန်စွာဖြင့် လုပ်ချင်ကြသည်ချည်း ဖြစ်ပါသည်။ အထူးသဖြင့် သူတစ်ပါးအကျိုး ဆောင်ရွက်ရသည့် ပရဟိတ လုပ်ငန်းစဉ်တို့၌ ဖြစ်သည်။ ဤကဲ့သို့ လုပ်ဆောင်ခြင်းသည် ကောင်းသည် ဆိုပေမယ့် ကိုယ့်ဘက် ကိုယ့်အခြေကို ပြန်လည်၍ ဆန်းစစ်ကြည့်သောအခါ အဘယ်သို့သော ပညာမှ မရှိသေးပေ။ မိမိ၌ အကျိုးတစုံတရာ မရှိသေးဘဲနှင့် တပါးသူတို့၏ အကျိုးများကို ဆောင်ရွက်ရခြင်းသည် အဘယ်သို့သော နည်းဖြင့် အောင်မြင် ထွန်းပေါက်နိုင်မည်နည်း။ မအောင်မြင်တန်ရာ။
          ထို့ကြောင့် မြတ်ဗုဒ္ဓက မိမိအတွက် အကျိုးများစေဖို့၊ မိမိ၏ ဆွေမျိုးမိဿင်္ဂဟ တို့အတွက် အကျိုးများစေဖို့၊ တပါးသူတို့အတွက်၊ လောကအတွက် အကျိုးများစေဖို့ဟု ရည်ရွယ်၍၊
(၁)    ဗုဒ္ဓတ္ထစရိယ    = မိမိကိုယ်ကျိုးအတွက် ဆောင်ရွက်ခြင်း၊
(၂)    ဉာတတ္ထစရိယ =      မိမိ ဆွေမျိုးမိဿင်္ဂဟတို့၏ အကျိုးအတွက် ဆောင်ရွက်ခြင်း၊
(၃)    လောကတ္ထစရိယ      =      သူတစ်ပါးအကျိုး၊ လောကအကျိုးအတွက် ဆောင်ရွက်ခြင်း၊
          - ဟူသော စရိယသုံးပါးကို အဆင့်ဆင့် ကျင့်ဆောင်နိုင်ရန် ရတနသုတ်ထဲတွင် ထည့်သွင်း ဟောကြားခဲ့သည် မဟုတ်ပါလား။ ထိုစရိယသုံးပါးတို့တွင် ပထမဦးဆုံး ဖြစ်သော ဗုဒ္ဓတ္ထစရိယ=မိမိကိုယ်ကျိုးကို ပြည့်စုံနိုင်သမျှ ပြည့်စုံအောင် ကြိုးစား အားထုတ်ရမည် ဖြစ်သည်။ မိမိ၌ ပြုလုပ်တီထွင်နိုင်သော ဉာဏ်ပညာ အကျိုးစီးပွား ရှိသင့်သလောက် ရှိပါမှ ဒုတိယဖြစ်သည့် ဉာတတထစရိယ=မိမိ၏ ဆွေမျိုးသားချင်း အပေါင်းအဖော် မိဿင်္ဂဟတို့၏ အကျိုးများစွာတို့ကိုလည်း ဆောင်ရွက်နိုင်မည် ဖြစ်သည်။
          ထိုကဲ့သို့ မဟုတ်၊ ကိုယ့်အကျိုးစီးပွား မရှိပါဘဲ၊ ဆွေမျိုး မိဿင်္ဂဟတို့၏ အကျိုးကိုဖြစ်စေ၊ တပါးသူတို့၏ အကျိုးကိုဖြစ်စေ ဆောင်ရွက်မည်ဆိုလျှင် အဆင်မပြေနိုင်ပါဘူး။ မိမိတွင်လည်း အကျိုးစီးပွား ပြုလုပ်နိုင်စွမ်း ရှိမည်၊ ဆွေမျိုး မိဿင်္ဂဟ များစွာတို့ကိုလည်း အကျိုးပြုမည်ဆိုလျှင် မိမိတို့၏ ဘ၀သည် အတော်အသင့် ပြည့်စုံပြီး အောင်မြင်နေသည်ဟု ဆိုရမည် ဖြစ်သည်။ ထိုနောက် တတိယဖြစ်သော လောကတ္ထစရိယ=သူတပါးတို့၏ အကျိုးစီးပွား၊ လောက၏ အကျိုးစီးပွားတို့ကို ဆောင်ရွက်နိုင်မည် ဆိုလျှင်ဖြင့် မိမိတို့၏ ဘ၀သည် အတော်ကြီးကို အောင်မြင် ထွန်းပေါက်နေပြီဟု ဆိုရမည် ဖြစ်ပါသည်။
          အဲဒါကြောင့် ခဏတာ ရလာသည့် ဘ၀တွင် မြတ်ဗုဒ္ဓ ဟောကြားတော်မူခဲ့သည့်အတိုင်း မြတ်ဗုဒ္ဓ အလိုကျ နည်းလမ်းကောင်းတွေ များစွာထဲမှ ဗုဒ္ဓတ္ထစရိယ၊ ဉာတတ္ထစရိယ၊ လောကတ္ထစရိယ ဟူသော တရားသုံးပါးကို မိမိတို့၏ ဘ၀နှင့် တစ်ထပ်တည်းကျအောင် ကြိုးစား အားထုတ်၍ အကျိုးရှိရှိ အသုံးချသွားလျှင် မိမိတို့၏ ဘ၀သံသရာ တစ်ခရီးတော့ အေးချမ်းသာယာလိမ့်မည် ဖြစ်ပါသည်။ နိဂုံးချုပ်သော် မိမိတို့၏ ကိုယ်စီကိုယ်စီ ဘ၀တို့ကို ပြည့်ပြည့်စုံစုံ အောင်မြင်လိုသူတိုင်းသည် “(၁) မခံချင်စိတ်မာနနှင့် ပကတိစိတ်ထားပြီး၊ (၂) စရိယသုံးပါးကို လက်ကိုင် တောင်ဝှေးပမာ ဆွဲကိုင်လျက်၊ (၃) လောက သဘာဝဓမ္မ တို့ကို ထင်ထင်ရှားရှား မြင်ရပြီးလျှင် မြတ်ဗုဒ္ဓ၏ ပရိယတ္တိ သာသနာ၊ ပဋိပတ္တိ သာသနာ၊ ပဋိဝေဓ သာသနာ ဟူသော သာသနာတော် မြတ်သုံးပါးတို့ကို အရှည်တည်တံ့အောင် ကြံဆောင်ကြိုးကုတ် စွမ်းအားထုတ်နိုင်သော သာသနာပြု သူတော်ကောင်းများ ဖြစ်နိုင်ကြပါစေ” ဟုဆန္ဒပြုရင်း ဤဆောင်းပါးကို နိဂုံးချုပ်အပ်ပါသတည်း။    ။

အရှင်သုစိတ္တ(၀မ်းသာ)

1-5-2017

ရှင်ဥပဂုတ္တ ရှင်းတမ်း

ရှင်ဥပဂုတ္တ ရှင်းတမ်း =========== (၂၀၀၈- ခုနှစ်၊ ဧပြီလထုတ် မြတ်ပန်းရဂုံ စာစောင်ပါ မောင်ဇေယျာ (ရန်ကုန်)၏ မေးခွန်းကို ဖြေကြားထားခြင်း ဖြစ...