အရာအားလုံးသည် တန်ဖိုးဖြတ်မရပါ
ဘယ်လို အကြောင်းအရာ ကြောင့်ပဲဖြစ်ဖြစ် ကိုယ်ဖြစ်ချင်တာ
မဖြစ်ရ၍ စိတ်တွေ ထွေနေသောအခါ - သင်၏စိတ်ကို ထိမ်းချုပ်မထားပါနှင့် သွားချင်ရာသွား လွှတ်ထားလိုက်ပါ၊
စိတ်သွားရာနောက်ကို "အသိ" ဆိုသည့်
"သတိ" လေးနှင့်သာ လိုက်ကြည့်ပြီးနေပါ၊
သူ ဘယ်သွားသနည်း၊ သူ ဘာလုပ်သနည်း၊ သူ ဘာတွေ
ဘယ်လို ကြံစည်သနည်း၊ - စသည်ဖြင့် အလွတ်မခံပဲ "သတိ"
နှင့် သေချာစွာ လိုက်ကြည့်နေပါ၊ စိတ်ကလေး ပြန်ရောက်လာသောအခါ - စိတ်ကလေး ဘယ်တွေသွား၍
ဘယ်သူနှင့်တွေ့သနည်း၊ ဘာတွေပြော၍ ဘာတွေလုပ်ခဲ့ပြီး ပြန်လာခဲ့သနည်း၊ နောက်ပြီး ဘာလက်ဆောင်များ
ပါခဲ့သနည်း မေးကြည့်လိုက်ပါ။ အဖြေ ဘာရမည်နည်း ? သေချာပါသည် ရလာသောအဖြေက "အသိတရား"။
ဥပမာ ပြောရလျှင် မိမိ၏ လုပ်ငန်းခွင်တွင် အလုပ်လျှောက်မည်
ဆိုပါစို့၊ အလုပ်လျှောက် မသွားစဉ်တွင် မန်နေဂျာနှင့် တွေ့ဖို့ရန် စဉ်းစားပါလိမ့်မည်။
ငါ မန်နေဂျာနှင့်တွေ့လျှင် အလုပ်ရဖို့အတွက် ဘယ်လိုပြောသင့်သနည်း၊ ဘာလုပ်သင့်သနည်း၊
ဘယ်လိုပြောလျှင် အဆင်ပြေပြေ အလုပ်ရနိုင်မည်နည်း၊ ငါ ဤသို့ စဉ်းစားပြီး ဤသို့ပြောလိုက်လျှင်
အလုပ်ရနိုင်မည်၊ ဤသို့ လုပ်လိုက်လျှင် အဆင်မပြေနိုင်ဘူး။ - စသည်ဖြင့် စဉ်းစားသောအခါ
အဖြေတစ်ခု ရမည်ဖြစ်ပါသည်။ ထိုသို့ စဉ်းစာလိုက်ခြင်းသည် မိမိကိုယ်တိုင် မလျှောက်ဖူးသည့်
လမ်းတစ်ခုကို မိမိ၏စိတ်နှင့် ရှေးဦးစွာလျှောက်လိုက်ခြင်းပဲ ဖြစ်ပါသည်။ တစ်ကြိမ်တစ်ခါ
လျှောက်ဖူးထားသော လမ်းသည် ဆူးငြောင့်ခလုပ်များ ရှင်းနေပြီးသား ဖြစ်သည့်အတွက် လက်တွေ့ကျကျ
လျှောက်လှမ်းသောအခါတွင်မူ ရဲရဲကြီးလျှောက်လှမ်းနိုင်မည် ဖြစ်ပါသည်။ မိမိကိုယ်တိုင်
မလျှောက်ဖူးသေးသော လမ်းကို စိတ်နှင့် ရှေးဦးစွာ လျှောက်ကြည့်လိုက်ခြင်းသည် အမှန်တကယ် လျှောက်ရမည့် လမ်းအတွက် "ငါ ဘယ်လို
နည်းဖြင့် ဘယ်လို ဖြတ်သန်းလိုက်လျှင် အဆင်ပြေမည်" ဆိုသည့် "အသိတရား" တစ်ခု ရရှိလိမ့်မည်ဆိုတာ
စဉ်းစားကြည့်လိုက်ပါ။ ဤဟာသည် အလုပ်နဲ့ပတ်သက်သည့် ဥပမာ ပေးလိုက်တာ ဖြစ်ပါသည်။
ထို့အတူပါပဲ အခြားအကြောင်းအရာတွေကို မပြုလုပ်မီ မပြောဆိုမီ
စဉ်းစားဆင်ခြင်ပြီး ပြုလုပ်ခြင်း ပြောဆိုခြင်းသည် အပြစ်လည်းကင်း အမှားလည်းနည်းပါလိမ့်မည်။
နည်းနည်းလောက် အဆင့်မြင့်ကြည့်ရမည်ဆိုပါလျှင် မိမိတို့၏ မွေးရပ်ဇာတိဖြစ်သည့် ကျေးလက်ဒေသတွင်ရှိသော
ရွာကလေးကို အာရုံပြုလိုက်ပါ။ ရွာကလေးတွင် ဘာတွေရှိမည်နည်း ? ပုံဖော်လိုက်မည်၊ ရွာသူရွာသားများ
အထွဋ်အမြတ်ထားကြသည့် စေတီတော်ကြီး တစ်ဆူ၊ ရွာဦးဘုန်းတော်ကြီးကျောင်း၊ ဆရာတော် သံဃာတော်
အရှင်သူမြတ်များ၊ ကိုရင် ကျောင်းသား ကပ္ပိယများ၊ ရွာသူရွာသား ဒကာ၊ ဒကာမများ၊ အခြေခံပညာမူလတန်းကျောင်း၊
ကျောင်းသူ ကျောင်းသား ကလေးသူငယ်များ၊ ကျွဲ နွား ကြက် ဝက် ခွေး ကြောင် ကြွက် ငှက် ဆိတ်
သိုး စသည့် တိရစ္ဆာန်များ၊ ရေတွင်း ရေကန်ကြီးများ၊ သီးနှံစပါး စိုက်ခင်းများ ရှိမည်ဖြစ်သည်။
လူကြီး လူရွယ် လူငယ် အရွယ်သုံးပါးလုံး မိမိတို့ ကိုယ်စီ သင့်တော်တဲ့အလုပ်များကို လုပ်ကြရသည်၊
ဘဝတစ်လျှောက်လုံး လူနေမှုဘဝ မြှင့်တင်ရေး၊ ကျန်းမာရေး၊ ပညာရေး၊ စီးပွားရေး - စသော အရေးများကို
အမြဲတမ်း လုပ်နေကြရမည်ဖြစ်သည်။ သဘာဝအလျှောက် ဤအရာတွေက အမြဲတမ်း ရှိနေမှာဖြစ်ပါသည်၊
မိမိကိုယ်တိုင် လူဘဝလူလောကကို မရောက်သေးသော အချိန်၌လည်း ဤအရာများသည် ရှိနေလျက်ဖြစ်ပါသည်၊
လူဘဝရောက်လာပြီဆိုသော်လည်း ရှိနေလျက်ဖြစ်သည်၊ မိမိတို့အသက်ငယ်စဉ် အရွယ်ကလည်း ရှိနေဆဲဖြစ်သည်၊
ယခု အသက်အရွယ် ကြီးရင့်လာသော်လည်း ရှိနေလျက်ဖြစ်သည်။ အမြဲတမ်း ရှိနှင့်သော ရှိနေသောအရာများကို
ခြံငုံပြီး သုံးသပ်ကြည့်လျှင် ဘယ်အရာများသည် အမြဲထာဝရ ကျန်ရှိမည်နည်း၊ တည်ရှိမည်နည်း။
စေတီတော်၊ ဘုန်းတော်ကြီးကျောင်း၊ ဆရာတော် သံဃာတော်၊ ကိုရင် ကျောင်းသား ကပ္ပိယ၊ ဒကာ ဒကာမ၊
အခြေခံပညာမူလတန်းကျောင်း၊ ကျောင်းသား ကျောင်းသူ ကလေးသူငယ်၊ ကျွဲ နွား ကြက် ဝက် ခွေး
ကြောင် ကြွက် ငှက် ဆိတ် သိုး တိရစ္ဆာန်၊ ရေတွင်း ရေကန်၊ ကောက်ပဲသီးနှံ လယ်ယာစိုက်ခင်း၊
ဘယ်အရာများသည် အမြဲထာဝရ ကျန်ရှိမည်နည်း၊ တည်ရှိမည်နည်း ?
အဖြေဘာရမည်နည်း ပြောကြည့်မည်ဆိုပါလျှင် သေချာပါသည် ပကတိမျက်စိနှင့်
မြင်အပ်သော အရာမှန်သမျှ ပျက်ဆီးသွားသည့်အရာတို့သည် ပျက်ဆီးနေကြသည်၊ ဖြစ်လာသည့်အရာတို့သည်လည်း
ဖြစ်လာနေကြဆဲဖြစ်သည်။ ဤကဲ့သို့ ဖြစ်၊ ပျက် နေသောအရာများသည် မိမိတို့ကို အမြဲတမ်း "အသိပညာတွေ" ပေးနေပါလိမ့်မည်။ မိမိတို့၏ခန္ဓာကိုယ်ကြီးသည်လည်း
ဖြစ်ပျက်ဆဲ ဖြစ်သောကြောင့် "အသိပညာ"
များကို မိမိတို့၏စိတ် တနည်းအားဖြင့် "ဉာဏ်ပညာ"
နှင့် သိမ်းဆည်းရပါလိမ့်မည်၊ ယူတတ်ရပါလိမ့်မည်။ တဖန် ထို အသိပညာများကို ခွဲခြမ်းစိတ်ဖြာပြီး
မေးခွန်းထုတ်ကြည့်ရပါမူ - ကလေးဘဝ အချိန်တုန်းက ဘာတွေတွေးခဲ့သနည်း၊ ဘာတွေလုပ်ခဲ့သနည်း၊
ဘာတွေပြောခဲ့သနည်း၊ ရွာဦးကျောင်းမှ ဘာတွေသင်ခဲ့ရသနည်း၊ မူလတန်းကျောင်းမှ ဘာတွေသင်ပေးလိုက်သနည်း၊
မိမိကိုယ်တိုင်ကရော ဘာတွေ ဘယ်လောက် သိသနည်း၊ ဘယ်လောက်အထိ တတ်မြောက်သနည်း၊ ငယ်ရွယ်စဉ်က
မိမိတို့၏ ဘဝသမိုင်း ဘာတွေဘယ်လိုချန်ခဲ့သနည်း၊ ဘယ်လိုကျန်ခဲ့သနည်း။ မိမိကိုယ်ကိုယ်
မေးခွန်းထုတ်ပြီး မိမိဘာသာ ဖြေကြည့်လိုက်ပါလျှင် အဖြေသည် "သြော် _ ဒီလိုပါလား" လို့ဆိုသည့် "သဘောတရား" ကလေး မိမိတို့၏နှလုံးသားထဲသို့ စီးဝင်သွားပါလိမ့်မည်။
အခြားမြို့ရွာများသို့ မရောက်ဖူးသေးမီက ဒီရွာကလေးကို အထင်ကြီး
အမွှန်းတင်ခဲ့သည်။ ( တံငါနားနီး တံငါ၊ မုဆိုးနားနီး မုဆိုး - ဆိုသလိုပေါ့။ ) မွေးရပ်မြေဇာတိလည်းဖြစ်
ကျေးဇူးများပြီး တန်ဖိုးလည်း ကြီးပါပေသည်။ ယခု ဒီရွာကလေးအကြောင်း စဉ်းစားနေမိသည့် စိတ်ကိုယ်တိုင်ကိုက
ဒီရွာကလေးက ပေးလိုက်သော "အသိဉာဏ်"
ဆိုတာ သေချာပါသည်။ ဤသို့ မွေးရပ်မြေအကြောင်း စဉ်းစားလိုက်ခြင်းသည် ယဉ်ကျေးမှု ဓလေ့ထုံးစံ၊
လူမှုဆက်ဆံရေး၊ စားဝတ်နေရေး၊ စီးပွားရေး - စသော ရွာနှင့်သက်ဆိုင်သည့် "အသိပညာ" တို့ကို ရရှိလိုက်ခြင်းဖြစ်ပါသည်။
ထိုကဲ့သို့ နောက်ထပ်တစ်ဆင့်တက်ကြည့်လိုက်လျှင် အရာအရာတိုင်းတွင်
တန်ဖိုးတွေ အသီးသီး ရှိနေကြပါသည်၊ အဘယ်ကြောင့်ဆိုသော် ရှင်တော်ဗုဒ္ဓသည် ဘဝသံသရာခရီးကြီးက
ရှည်လျားလွန်း၍ "လောကကြီးတွင်ရှိသော သတ္တဝါအားလုံးသည်
မတွေ့ကြုံ မဆုံကြရသည့် ဘဝဟူ၍ မရှိစကောင်းဘူး" ဟု ဟောကြားတော်မူခဲ့ပါသည်၊ ထို့ကြောင့်
မိဘ မတော်စပ်ဘူးသူ၊ သားသ္မီး မတော်စပ်ဘူးသူ၊ ဆရာ မတော်စပ်ဘူးသူ၊ တပည့် မတော်စပ်ဘူးသူ၊
ညီအစ်ကို မောင်နှမ မတော်စပ်ဘူးသူ၊ သူငယ်ချင်း မိတ်သင်္ဂဟ မတော်စပ်ဘူးသူ - စသည်ဖြင့် လူ့ဘဝတွင်ဖြစ်စေ၊
နတ်ဘဝတွင်ဖြစ်စေ၊ တိရစ္ဆာန်ဘဝတွင်ဖြစ်စေ တစ်ဘဝမဟုတ် တစ်ဘဝ၌ တွေ့ခဲ့ကြရသည်။ ယခု ဘဝမှာလည်း
ဆုံတွေ့ကြရပြန်သည်၊ ဘဝသံသရာလမ်းခရီးကြီး ရှည်လွန်သည်က တစ်ကြောင်း၊ တွေ့ကြုံခဲ့ရသော
ဘဝတို့သည် များလွန်းသည်က တစ်ကြောင်း၊ ဝိပဿနာဉာဏ် မရင့်သန်သေးသည်က တစ်ကြောင်း သာမာန်လူတစ်ယောက်
အနေဖြင့် မိမိတို့၏ အတိက်မှဘဝတွေကို မမှတ်မိနိုင်ပါဘူး။ သို့ဖြစ်၍ တစ်ဦးနှင့်တစ်ဦး
ကျေးဇူးတရားတွေ အပြန်ပြန် အလှန်လှန် ရှိခဲ့ဖူးကြပါသည်၊ ယခုဘဝ၌ နိုင်ငံတွေ ဘယ်လောက်ပင်ခြားခြား
အရပ်ဒေသတွေ ဘယ်လောက်ပင်ဝေးဝေး အကြောင်းသင့်လျှင် သင့်သည့်အားလျော်စွာ တွေ့ကြ ဆုံကြ၍
အတူတူ လုပ်ကိုင်စားသောက်ကြရပြီး ဘဝသံသရာခရီးကြီး လျှောက်လှမ်းကြရသည် မဟုတ်ပါလော။
ထို့ကြာင့် ယခုဘဝတွင် လူဘဝလည်းရရှိသည် ဗုဒ္ဓမြတ်စွာ၏ သာသနာတော်နှင့်လည်းကြုံကြိုက်သည်
ဗုဒ္ဓဟောကြားခဲ့သော တရားဓမ္မများကိုလည်း ကြားနာခွင့်ရ၍ ဗုဒ္ဓဘာသာလည်းဖြစ်ခဲ့ပြီ၊ ဤကဲ့သို့
အခွင့်အခါကောင်းကို ရနေပါလျက် သံသရာဝဋ်ကြီးမှ လွတ်မြောက်ကြောင်းဖြစ်သော ဗုဒ္ဓ၏တရားဓမ္မများကို
မပွားများအားမထုတ်ပဲ သည်အတိုင်း စုတေခဲ့လျှင် သံသရာစက်ရဟတ်ကြီး လည်ပတ်နေဦးမည်သာဖြစ်၏။
သည်လိုစဉ်းစားလိုက်ခြင်းအားဖြင့် သတ္တဝါတို့၏ သံသရာလမ်းခရီးတစ်လျှောက်တွင် အချိန်ခဏလေးမျှသာ
တွေ့ဆုံကြရသည့် အရာအားလုံးဝယ် "တန်ဖိုးဖြတ်မရသော
ကျေးဇူးတရားတွေနှင့် ပြည့်နှပ်နေပါလား" ဆိုသည့် "အသိဉာဏ်ပညာတွေ" ရယူလိုက်ခြင်းဖြစ်ပါတော့သည်။ ။
9-2-2017 အရှင်သုစိတ္တ(ဝမ်းသာ)
