ရွှေတိဂုံစေတီတော်ကြီးဆီမှ အလင်းတန်းများ
ရန်ကုန်မြို့သည် မြန်မာနိုင်ငံ၏
ဒုတိယ အကြီးဆုံး မြို့တော် ဖြစ်သည်။ ကျွန်ုပ်သည် ရန်ကုန်မြို့ကြီးတွင် (၂၀၀၉) - ခုနှစ်မှ
စတင်၍ နေထိုင်ခဲ့ပါသည်။ ယခုဆိုလျှင် ကျွန်ုပ် နေထိုင်လာခဲ့ခြင်းသည် (၇) - နှစ်ကျော်မျှ
ရှိခဲ့ပြီ ဖြစ်သည်။ ကျွန်ုပ်သည် ရန်ကုန်မြို့ကို စတင်၍ ရောက်ရှိခဲ့သည့် အချိန်မှစ၍
တွေ့တွေ့သမျှ၊ မြင်မြင်သမျှ၊ ကြားကြားသမျှ၊ အရာတိုင်းကို လူငယ်ပီပီ စူးစမ်းဆင်ခြင်စိတ်
ဖြစ်သည့်အားလျော်စွာ နေ့စဉ်နှင့်အမျှ လှည့်လည်သွားလာရင်း ရှာဖွေစုဆောင်း မှတ်သားခဲ့ပါသည်။
ထို့ကြောင့် ရန်ကုန်မြို့နှင့်သက်ဆိုင်သည့် ကျန်းမာရေး၊ လူမှုရေး၊ စီးပွားရေး၊ ပညာရေး၊
အိမ်ထောင်ရေး၊ လမ်းပမ်းဆက်သွယ်ရေး၊ ကုန်စည်ရောင်းဝယ်ရေး၊ ဘာသာရေး၊ သာသနာရေး အစရှိသည်တို့ကို
ကျွန်ုပ် မှတ်သလောက် သိသလောက် ပညာဖြင့် ရှုထောင့် အမျိုးမျိုးမှနေ လေ့လာဖြစ်ခဲ့ပါသည်။
ကျွန်ုပ် လေ့လာမှတ်သားမိသမျှ များစွာထဲမှ တစ်နေ့တွင်
သူငယ်ချင်းကို ဆူးလေဘုရား တ၀ိုက်နားမှ ဟန်းဆက်တစ်လုံး လိုက်ဝယ်ပေးပြီး ရွှေတိဂုံဘုရား
ဘက်ကိုအပြန် ကားပေါ်မှဆင်းပြီး ဗဟန်း(၃)လမ်းထဲမှနေ အရှေ့မုခ်သို့ ခပ်သွက်သွက် လျှောက်လှမ်းခဲ့ပါသည်။
ဘုရားတည့်တည့်သို့ ရောက်သောအခါ လမ်းလျှောက်နေရင်းမှ ကျွန်ုပ်၏မျက်လုံးအစုံတို့သည် ရွှေတိဂုံစေတီတော်ကြီးပေါ်သို့
ကြည့်လိုက်မိသည်။ ထိုအချိန်၌ ရွှေတိဂုံစေတီတော်မြတ်ကြီး၏ နောက်တော်ပါး၌ ရောင်ခြည်တော်များ
ကွန့်မြူးသည့်အလား အလင်းရောင်များ ဖြာထွက်နေခြင်းသည် သတ္တလောကကြီး တစ်ခုလုံးကို အလင်းအတိ
ပေးစွမ်းနိုင်သည့် သူရိန်နေမင်းကြီးက သူ၏အလင်းတန်းများနှင့်အတူ ၀ပ်စဉ်းခစားလျက် ပူဇော်မှုပြု၍
နေသောကြောင့်ပင် ဖြစ်ပါသည်။ ဖူးမျှော်သူတို့က စေတီတော်ရင်ပြင်တော်ပေါ်သို့ တက်ရောက်ကြပြီး
ပူဇော်သက္ကာရပြု၍၊ ကြည်ညိုဖူးမျှော်၍ သဒ္ဓါတရား ပွားများပြီးသူတို့ကလည်း ပြန်ဆင်းလာနေလျက်
ရှိကြသည်။ ကျွန်ုပ်သည် အရှေ့ဘက်ဆောင်းတန်းအတွင်းရှိ လှေကားထစ်များမှတစ်ဆင့် ဓာတ်လှေကားများရှိရာဘက်သို့
တစ်ထစ်ခြင်း တက်သွားရင်းဖြင့် စဉ်းစားလိုက်မိသည်က “သြော်… တို့ဗုဒ္ဓဘာသာတွေရဲ့ သဗ္ဗညုတဉာဏ်တော်ပိုင်ရှင်ဖြစ်တော်မူသော
ဂေါတမဗုဒ္ဓ ဘုရားရှင် ထားရှိတော်မူခဲ့သည့် ဓာတုစေတီတော်သည်ပင် လူသားများစွာ၏အလယ်၊ ပုဂ္ဂိုလ်များစွာ၏အလယ်၊
ဘာသာများစွာ၏အလယ်၊ နိုင်ငံများစွာ၏အလယ် အလွန်ပင် တင့်တယ်လှပေစွတကား…၊ သံသရာတည်းဟူသော
ဒုက္ခ၀ဋ် အနှောင်အဖွဲ့ကြီးမှ လွတ်မြောက်သည့်တိုင် အကျိုးကြီးမားပေစွတကား…၊ အတုယူဖွယ်
ကောင်းပေစွတကား…၊ လောကီ,လောကုတ္တရာ နှစ်ဖြာကောင်းကျိုးတို့ကို ရယူနိုင်ပေစွတကား…၊ ကျွန်ုပ်သည်
ရွှေတိဂုံစေတီတော်မြတ်ကြီး၏ ရင်ဝယ်အတွင်းသို့ သူရိန်နေမင်းကြီး ရောက်ရှိနေသည့် အခြင်းအရာကို
မြင်ရ၍ ဤမျှလောက်သော သတိတရားကို ရရှိပါမူ၊ အကယ်၍ ဘုရားရှင်သည် ယနေ့ခေတ်ကြီးမှာ သက်တော်ထင်ရှား
ရှိမည်ဆိုလျှင် အဘယ်သို့သော အခြင်းအရာဖြင့် စံပါယ်တော်မူမည်နည်း၊ ဤသို့သော အခြင်းအရာဖြင့်
စံပါယ်တော်မူသည်ကို ကျွန်ုပ်အဖို့ တွေ့မြင်ရလျှင် အဘယ်မျှသော သဒ္ဓါတရားများဖြစ်ကာ သံသရာခရီးကြီး
ဆုံးမည်လော” ဟူ၍ ကျွန်ုပ်၏ နှလုံးသားထဲသို့ စီးမျောဝင်ရောက်လာသော အတွေးတစ်စုကို သတိထားမိလိုက်သည်။
ထိုမှ ဆက်လက်၍ ဓာတ်လှေကားဖြင့် တက်သွားရင်းမှ
“အရှင်အာနန္ဒာသည် ဘုရားရှင်ထံသို့ သွား၍
‘ဘုရားရှင်သည် သံဃာနှင့်စပ်လျဉ်း၍ တစုံတရာ
မိန့်မှာခြင်း မပြုသေးသမျှ ပရိနိဗ္ဗာန်ပြုတော်မူမည်မဟုတ်-ဟု စဉ်းစားမိပါ၏’- ဟု လျှောက်ထားလေ၏။
ထိုအခါ ဘုရားရှင်က ‘ချစ်သား အာနန္ဒာ၊ ရဟန်းသံဃာသည်
ငါဘုရားထံမှ ဘာကိုမျှော်လင့်နေသနည်း။ ငါသည် အတွင်း-အပြင်မထားပဲ တရားကို ဟောခဲ့၏။ ဆရာ့လက်ဆုပ်(အာစရိယမုဋ္ဌိ)
ပြုထားသော လျှို့ဝှက်ချက်မရှိ၊ ချစ်သား အာနန္ဒာ၊ ရဟန်းသံဃာကို ငါသာလျှင် သိမ်းယူအံ့၊
ရဟန်းသံဃာသည် ငါ့ကိုသာလျှင် အားကိုးခြင်းရှိစေ’- ဟု လိုလားသူသာလျှင်၊ ရဟန်းသံဃာနှင့် စပ်လျဉ်း၍ တစုံတရာ မှာကြားခြင်း ပြုရာ၏။
ငါဘုရားသည်ကား ဤသို့သော လိုလားခြင်း မရှိ။ ထို့ကြောင့် ရဟန်းသံဃာနှင့်စပ်လျဉ်း၍ တစုံတရာ
မှာကြားရန်လည်း မရှိချေ။” ဘုရားရှင် ဟောကြားတော်မူခဲ့သော တရားတော်တို့သည် အစ, အလယ်,
အဆုံး သုံးပါးလုံး ကောင်းမြတ်၍ သီလ, သမာဓိ, ပညာ သိက္ခာသုံးပါးနှင့် လွတ်သောတရား မရှိ။
သတ္တလောက, သင်္ခါရလောက, သြကာသလောက သုံးပါးသော လောကနှင့်လည်း မဆန့်ကျင်၍ အလုံးစုံသော သတ္တဝါတို့သည်
ကျင့်ကြံ,ပွားများ ကြိုးစား,အားထုတ် ထိုက်ပါပေ၏။ “ချစ်သား အာနန္ဒာ၊ ယခုအခါ ငါဘုရားသည် အသက်ရှစ်ဆယ် ရှိနေပြီ။ လှည်းအိုသည် ဖွဲ့စည်းတုတ်နှောင်ခြင်းဖြင့် တည်တံ့သကဲ့သို့
ငါဘုရား၏ ကိုယ်တော်သည်လည်း ဖွဲ့စည်းတုတ်နှောင်ခြင်းဖြင့် တည်တံ့နေ၏။” ဘုရားရှင်၏
ကိုယ်တော်သည် သတ္တဝါအသင်္ချေယျအတွက် ဤသို့သောအားဖြင့် တည်တံ့နေ၏။ ကျွန်ုပ်တို့၏ ခန္ဓာကိုယ်ကြီးကား
အဘယ်သို့သော အခြင်းအရာအတွက် တည်တံ့နေသနည်း။ မိမိကိုယ်ကို သုံးသပ်ဆင်ခြင်၍ ပြင်သင့်လျှင်
ပြင်ရပေမည်။ သို့မှသာ မိမိတို့၏ သံသရာခရီးကြီး ကောင်းမွန်ပေလိမ့်မည်။ “ချစ်သား အာနန္ဒာ၊ ငါဘုရားသည် အာရုံနိမိတ် အားလုံးကို
နှလုံးမသွင်းခြင်း၊ အချို့သော ဝေဒနာတို့၏ ချုပ်ခြင်းကြောင့် သင်္ခါရနိမိတ်ကို အာရုံမပြုသည့်
သမာဓိသို့ရောက်၍ နေသောအခါ ငါဘုရား၏ ကိုယ်တော်သည် သာလွန်၍ ချမ်းသာ၏။” ဘုရားရှင်သည်
သူ၏သာသနာပြုအလုပ်မှ နားနေသော အချိန်တွင် ဤသို့သော သမာဓိကို ဖြစ်စေလျက် နိရောဓသမာပတ်၏
လောကုတ္တရာ ချမ်းသာ(အစစ်)ကို ခံစားတော်မူ၏။ မိမိတို့သည် အလုပ်မှ နားနေသော အချိန်၌ လောကီချမ်းသာ(အတု)၊
လောကုတ္တရာချမ်းသာ(အစစ်) နှစ်မျိုး အဘယ်ချမ်းသာကို ခံစား၍ နေသည်က များသနည်း။ “ချစ်သား အာနန္ဒာ၊ သင်တို့သည် မိမိကိုယ်ကိုသာ
မှီရာပြု၍ နေကြလော့။ တရားကိုသာ ကိုးကွယ်ရာပြု၍ နေကြလော့။” ဘုရားရှင်သည် မိမိကိုယ်ကို
မှီရာပြု၍ တရားကို အားထုတ်ကာ တပည့်သား ရဟန်းသံဃာ သတ္တဝါတို့အားလည်း ဤသို့နေကြလော့- ဟု
မိန့်တော်မူ၏။ မိမိတို့သည် ဘယ်သူ့ကို အမှီပြု၍ အဘယ်သို့သော တရားကို အားကိုး၍ နေသနည်း။ “ယခုအခါ၌ဖြစ်စေ, ငါဘုရား ကွယ်လွန်သောအခါ၌ဖြစ်စေ
တရားကိုသာ ကိုးကွယ်ရာပြုသော ရဟန်းသည် အကျင့်သိက္ခာကို လိုလားသော ရဟန်းတို့တွင် အမြတ်ဆုံး
ဖြစ်လတံ့”- ဟူ၍ မိန့်တော်မူခဲ့သော ဘုရားရှင် ပရိနိဗ္ဗာန်ပြုခါနီး၌ ဝေဠုဝရွာသို့
ရောက်၍ ၀ါဆိုဝါကပ်ပြီး၊ ၀ါတွင်းလွန်သော် ဘုရားရှင်အား ပြင်းထန်ကြမ်းတမ်းသော ဝေဒနာကို
ခံစားရလေရာ၊ ထိုဝေဒနာကို သတိသမ္ပဇဉ်ဖြင့် ဆင်ခြင်လျက် ပင်ပန်းသည်ဟု မှတ်ယူခြင်းမပြုပဲ
သည်းခံ၍၊ အသက်ရှည်စေသော သမာပတ်ကို ၀င်စားလေရာ၊ ရောဂါငြိမ်းအေးသောအခါတွင် အရှင်အာနန္ဒာက
ဤသို့ လျှောက်ထားပုံ၊ ဘုရားရှင်က ဤသို့ ဖြေကြားတော်မူပုံတို့ကို ကျွန်ုပ် စဉ်းစားမိလိုက်ပါသည်။
သဗ္ဗညုတဉာဏ်တော်ပိုင်ရှင် ဖြစ်တော်မူသော ဘုရားရှင်သော်မှ ဘဝနောက်ဆုံးတွင် မိမိ၏ အနိစ္စ
= မမြဲသော ခန္ဓာ, ဒုက္ခ = ဆင်းရဲသော ခန္ဓာ, အနတ္တ = အစိုးမရသော ခန္ဓာကိုယ်ကြီးအား စွန့်၍
ပရိနိဗ္ဗာန် ပြုသွားရသေး၏။ ကျွန်ုပ်တို့၏ ခန္ဓာများကား အဘယ်မှာ ဆိုဖွယ်ရာ ရှိပါအံ့နည်း။
“ဘုရားရှင် သက်တော်ထင်ရှား မရှိတော့ပေမယ့်လည်း ဘုရားရှင် ထားရှိတော်မူခဲ့သည့် သာသနာတော်မြတ်ကြီး
ထင်ရှားရာ ဗုဒ္ဓဘာသာ မြန်မာနိုင်ငံတွင် လူဖြစ်ခွင့်လည်းရသည်၊ ဓာတုစေတီ၊ ဓမ္မစေတီ၊ ဥဒ္ဒိဿစေတီ၊
ပရိဘောဂစေတီတော်တို့ကို ပူဇော်ရသော အကျိုးတရားများကိုလည်း သိကြရလျက်၊ ဤဘ၀၌ မိမိတတ်နိုင်သ၍
ဗုဒ္ဓဟောကြားခဲ့သော မဂ္ဂင်ရှစ်ပါး လမ်းစဉ်တို့ကို ပွားများအားထုတ်ကာ နေသွားပါမှ မိမိ၏
သံသရာခရီးကြီး ကောင်းမွန်ပေလိမ့်မည်”- ဟု နှလုံးသွင်းလိုက်ရင်း ဘုရားခြေရင်းတန်းဆောင်း
အတွင်းသို့ ရောက်ရှိကာ ၀ပ်စဉ်းခစားလျက် ၀န်ချကန်တော့လိုက်ပါတော့သည်။ ။
နိုင်ရာတာဝန်ယူကြစို့
·
ဘုရားရှင်တော်၊
မပွင့်ပေါ်လျှင်၊ လူတော်အများ၊ စိတ်ကောင်းထားလည်း၊ ဤကားကုသိုလ်၊ အကုသိုလ်နှင့်၊ ထိုထိုဘုံဘဝ၊
မသိရ၊ များလှအပြစ်တွေ။
·
ဘုရားရှင်တော်၊
ပွင့်ထွန်းပေါ်၍၊ လူတော်အများ၊ စိတ်ကောင်းထားလည်း၊ ဤကားကုသိုလ်၊ အကုသိုလ်နှင့်၊ ထိုထိုဘုံဘဝ၊
သိကြရ၊ များလှကျေးဇူးပေ။
·
ကျေးဇူးတော်ရင်၊
ဘုရားရှင်ကို၊ ဦးတင်မပြတ်၊ ကျေးဇူးဆပ်ဖို့၊ အမြတ်ရတနာ၊ သာသနာ၏၊ နိုင်ရာဝန်ထမ်း၊ ကိုယ်စီစွမ်း၊
ကြိုးပမ်းကြပါလေ။
(တောင်မြို့မဟာဂန္ဓရုံဆရာတော် အရှင်ဇနကာဘိဝံသ)
25-2-2017
အရှင်သုစိတ္တ(၀မ်းသာ)