အိပ်မက်ကမ္ဘာလေး
သဘာဝ ရှုခင်းလှလှလေးတွေ ကြည့်ရင်း
အတူတူ လက်တွဲကာ လျှောက်လှမ်းခဲ့ရဖူးတဲ့
အိပ်မက်ကမ္ဘာလေး…။
နေမင်းကြီးလည်း မထွက်
လမင်းကြီးလည်း မသာ
သဘာဝ လေနုအေးအေးလေးတွေနဲ့အတူ
ပါလာတဲ့ အလင်းတန်းလေးတွေအကြား
ကတ္တီပါကော်ဇောကြီးအလား
စိမ်းနုနု မျက်ခင်းပြင်ပေါ်မှာ
အတူတူ ထိုင်နေရင်း
တီတီတာတာ စကားတွေနဲ့
ချွဲနွဲ့ကာ အပြန်ပြန်အလှန်လှန်
စကားတွေ ပြောခဲ့ကြတဲ့
အိပ်မက်ကမ္ဘာလေး…။
ထိုကမ္ဘာလေးမှာ
မင်းမှုထမ်းလို့ ချီမွမ်းမည့်သူမရှိ၊
မင်းအစေခံလို့ ကဲ့ရဲ့မည့်သူမရှိ၊
အရာရာတိုင်း သူ့သဘာဝနှင့်သူ
ဖြစ်တည်နေကြတယ်
တိတ်ဆိတ်ငြိမ်သက်ပြီး
နှစ်ယောက်အတူ
ချစ်တင်းတွေ နှောလိုက်ကြတာများ
အသည်းယားလောက်အောင်
ပျော်ခဲ့ရဖူးတဲ့
အိပ်မက်ကမ္ဘာလေး…။
ပြောချင်တာတွေ
ဖြစ်ချင်တာတွေ အားလုံးကို
ခွင့်ပြုပေးပြီး
လူသားတိုင်းကို
နူးညံ့သိမ်မွေ့စေသည့်
အိပ်မက်ကမ္ဘာလေး…။
ထိုကမ္ဘာလေးမှာ
ဘယ်လိုပဲ တွေးတွေး
ဘယ်လိုပဲ ရေးရေး
တွေးသမျှ ရေးသမျှ
အကုန်မျှတ လှပစေတဲ့
အိပ်မက်ကမ္ဘာလေး…။
ထိုကမ္ဘာလေးမှာ ပျော်ရွှင်ခြင်းတွေ ရှိတယ်၊
ထိုကမ္ဘာလေးမှာ သိမ်မွေ့ခြင်းတွေ ရှိတယ်၊
ထိုကမ္ဘာလေးမှာ နူးညံ့ခြင်းတွေ ရှိတယ်၊
ကြံသမျှ၊ ပြောသမျှ၊ လုပ်သမျှကို
အဟုတ်မက ဖြစ်စေတယ်၊
လောကမှာ မရှိဘူးဆိုတဲ့ အရာတွေ
ထိုကမ္ဘာလေးမှာ ရှိတယ်၊
ထိုကမ္ဘာလေးက
တို့နှစ်ယောက်အတွက်
အမြဲထာဝရ
ပျော်ရွှင်မှုတွေ
ကြည်နူးမှုတွေ
ပေးစွမ်းနိုင်တဲ့
အိပ်မက်ကမ္ဘာလေး…။
အို… ကြည်နူးမိ၍ ပျော်ရွှင်မိသည်၊
အို… သာယာမိ၍ ရွှင်လန်းမိသည်၊
အို… ပီတိဖြစ်မိ၍
ဘယ်တော့မှ မေ့လို့မရသည့်
အိပ်မက်ကမ္ဘာလေး…။ ။
