" သာသနာ့အာဇာနည် "
******************
🙏မင်းကွန်းဆရာတော်ကြီးနှင့်ခေတ်ပြိုင် တိပိဋက စာပြန်+စာဖြေဘက် ဘဒ္ဒန္တကောဝိဒထေရ်မြတ် 🙏
“သမိုင်း” ဆိုတဲ့ အမည်ဟာ “သိမိုင်း” ဆိုတဲ့ မြန်မာစကားဟောင်းကနေ ဆင်းသက်လာတဲ့ မြန်မာစကား သက်သက်လို့ ပညာဝန်ထောက်မင်း ဦးဖိုးစိန်က ဆိုသွားပါတယ်။ “မိုင်း” ဆိုတဲ့ စကားက “အကြီး” ဆိုတဲ့ အဓိပ္ပာယ်ကို ထွန်းပြတဲ့ ရှေးဟောင်းပေါရာဏ စကားဖြစ်လို့ “သိမိုင်း=သမိုင်း” ဆိုတာ “ သိဖွယ်ကြီး” လို့ ဆိုလိုပါတယ်တဲ့။
သမိုင်းမှာ အချို့ပုဂ္ဂိုလ်မြတ်တွေဟာ ထင်ရှားကျော်ကြားခဲ့ကြပေမယ့် ထုတ်ဖော်ပေးမယ့်သူမရှိတဲ့အခါ သိဖွယ်ကြီးတွေ တိမ်မြုပ်နေတတ်ပါတယ်။ တကယ်တော့ မမေ့ကောင်းစရာ ထူးချွန်တဲ့ပုဂ္ဂိုလ်တွေကို ထုတ်ဖော်ပေးပါမှသာ သမိုင်းဟာ သိစရာ ယူစရာတွေနဲ့ ရသပြည့်ဝနေမှာ ဖြစ်ပါတယ်။ ခု တိမ်မြုပ်နေသလောက် ဖြစ်နေတဲ့ ဆရာတော်ကြီးတစ်ပါးအကြောင်းကို ဝေမျှပေးပါ့မယ်။ အဲဒီ ဆရာတော်ကြီးကတော့.....
သာသနာတော်ကြီးမှာ မင်းကွန်းဆရာတော်ကြီးလို့ဆိုရင် မသိသူ မရှိသလောက်ပါပဲ။ မသိသူ မရှိသလောက်ဆို ဂုဏ်ကြီးသလောက် မာန်မာနအလျင်းမရှိတဲ့ ဆရာတော်ကြီး ဖြစ်လို့နေတာက အဓိကအရာပါပဲ။ မင်းကွန်းဆရာတော်ကြီးနဲ့ ခေတ်ပြိုင် တိပိဋကအတူတူလုပ်ဘက် ဆရာတော်ကြီးတစ်ပါး ရှိခဲ့ပါတယ်။ မင်းကွန်းဆရာတော်ကြီးကိုယ်တိုင် သူ့ထက်ဉာဏ်သာကြောင်း ချီးမွမ်းပေးခဲ့တဲ့ ဆရာတော်ကြီးပါ။ အဲဒီ ဆရာတော်ကြီးရဲ့ ဘွဲ့အမည်ကတော့... ဘဒ္ဒန္တကောဝိဒလို့ ခေါ်ပါတယ်။
မင်းကွန်းဆရာတော်ကြီး ချီးမွမ်းလောက်စရာ ဆရာတော်ဘဒ္ဒန္တကောဝိဒရဲ့ ဉာဏ်ပညာတော်ဟာ... ပါဠိကိုမြင်လိုက်တာနဲ့ ဒီပါဠိက ဘယ်အနက် ဘယ်အဓိပ္ပယ် ဘယ်ဘာဝတ္ထကို ဆိုလိုတယ်ဆိုတာ လျင်မြန်စွာသိပါသတဲ့။
ကျက်ရခက်တဲ့ အဘိဓာန်ဂါထာ တစ်မျက်နှာကို မီးခြစ်ဆံ တစ်ခြစ်စာနဲ့ရတော်မူသလို မြတ်ဘုရားနှုတ်တော်ထုတ် ပါဠိတော်ဘုတ်အုပ်တွေကိုသာ အဓိကထားကြည့်ရှုပြီး အဋ္ဌကထာ,ဋီကာတွေကိုတော့ ပါဠိတော်ကြည့်ရင်း မှန်းဆပြီး အဓိပ္ပာယ်ဖော်နိုင်တဲ့ အလွန်ဉာဏ်ကောင်းတော်မူတဲ့ ဆရာတော်ကြီးပါ။
ဆရာတော်ကြီးဟာ အသက်ရှစ်ဆယ်ကျော်တော်မူတဲ့အထိ စကားပြောရင်... ဟိုး...... ငယ်စဉ်ကလေးဘဝက အခြေအနေတွေကို ခုထိ မမေ့မပျောက်ပါဘဲ ခုနစ်တွေ သက္ကရာဇ်တွေ အဖြစ်အပျက်တွေနဲ့ အမှတ်တရ ပြောပြလေ့ရှိတဲ့ ဆရာတော်ကြီး ဖြစ်တာမို့ မင်းကွန်းဆရာတော်ကြီး ချီးမွမ်းတဲ့ ဆရာတော်ကြီးရဲ့ဉာဏ်ပညာကို ခန့်မှန်းမိလောက်ပြီလို့ ထင်ပါတယ်။
ရေစကြိုနယ်သား ဆရာတော်ဘဒ္ဒန္တကောဝိဒဟာ မင်းကွန်းဆရာတော်ကြီးထက် သက်တော် (၂)နှစ် ကြီးပါတယ်။ သက်တော်ကြီးပေမယ့် မင်းကွန်းဆရာတော်ကြီး တတိယအကြိမ်မြောက် တိပိဋကဓရရွေးချယ်ရေး စာမေးပွဲကြီးမှာ အစဦးဆုံးဝင်ရောက်ပြန်ဆိုဖြေဆိုကာ ပိဋကတစ်ပုံအောင်မြင်ပြီးလို့ နောင်တစ်နှစ် တစ်နှစ်ခြားအဖြစ် စတုတ္ထအကြိမ်မြောက်မှာမှ တိပိဋကစာပြန်စာဖြေပွဲကို ဝင်ရောက်ဆင်နွဲခဲ့ပါတယ်။
ဆရာတော် ဘဒ္ဒန္တကောဝိဒဟာ သက်တော် (၄၅)နှစ်အရွယ်မှာ ပခုက္ကူမြို့ သာသနာ့ဝိပုလာရာမကျောင်းတိုက်ကြီးကနေ ၁၃၁၃ခုနှစ် စတုတ္ထအကြိမ် တိပိဋကဓရရွေးချယ်ရေး စာမေးပွဲကြီးကို ဝင်ရောက်ပြန်ဆို,ဖြေဆိုတော်မူခဲ့ရာမှာ... မင်းကွန်းဆရာတော်ကြီးနည်းတူ ဝိနည်းငါးကျမ်းကို အာဂုံရော ရေးဖြေပါ တစ်နှစ်တည်းနဲ့ ပြန်ဆိုဖြေဆို အောင်မြင်တော်မူခဲ့ပါတယ်။ ဒါပေမယ့်.. ရေးဖြေမှာ ဂုဏ်ထူးရလို့ မဟာရပေမယ့် အာဂုံပြန်မှာ ဂုဏ်ထူးမရလို့ ဝိသိဋ္ဌတော့ မရပါဘူး။ သို့သော်.. တစ်နှစ်တည်းနဲ့ အာဂုံရော ရေးဖြေပါ အောင်ပန်းဆင်နိုင်တဲ့ ပုဂ္ဂိုလ်ရှားပါးတာမို့... သမိုင်းမှာ အလွန်တော်တဲ့ ပုဂ္ဂိုလ်ထူးစာရင်းထဲမှာ ပါဝင်ခဲ့ပါတယ်။ (ဒီနှစ်မှာ မင်းကွန်းဆရာတော်ကြီးက အဘိဓမ္မာရှေ့ပိုင်း အာဂုံနဲ့ရေးဖြေ ဂုဏ်ထူးနဲ့ အောင်မြင်ပါတယ်)
နှစ်မခြားဘဲ နောက်တစ်နှစ် ၁၃၁၄ခုနှစ်မှာ အဘိဓမ္မာရှေ့ပိုင်း အာဂုံနဲ့ရေးဖြေကို မင်းကွန်းဆရာတော်ကြီးနည်းတူ တစ်နှစ်တည်းနဲ့ အောင်မြင်တော်မူပြန်ပါတယ်။ ဂုဏ်ထူးမပါပေမယ့် ဒီလို တစ်နှစ်တည်းနဲ့ အာဂုံရောရေးဖြေပါ အောင်မြင်ဖို့ မလွယ်ကူတာမို့ သမိုင်းမှာ တကယ်ကျော်တဲ့ ပုဂ္ဂိုလ်ထူးစာရင်းထဲမှာ ကမ္ဗည်းတင်ခံခဲ့ရပါတယ်။ (ဒီနှစ်မှာ မင်းကွန်းဆရာတော်ကြီးက အဘိဓမ္မာနောက်ပိုင်း အာဂုံနဲ့ရေးဖြေ ဂုဏ်ထူးနဲ့ အောင်မြင်ပါတယ်)
တတိယအကြိမ် ၁၃၁၃ခုနှစ်မှာ ဆရာတော်ဘဒ္ဒန္တကောဝိဒနဲ့အတူ ဆရာတော်ဘဒ္ဒန္တသာဂရလည်း ဝိနည်းငါးကျမ်းကိုအာဂုံနဲ့ ရေးဖြေ တစ်နှစ်တည်း အောင်မြင်တော်မူခဲ့ပါတယ်။ ဆရာတော်ဘဒ္ဒန္တကောဝိဒနည်းတူ ရေးဖြေမှာ ဂုဏ်ထူးရလို့ မဟာရပေမယ့် အာဂုံပြန်မှာ ဂုဏ်ထူးမရလို့ ဝိသိဋ္ဌတော့ မရပါဘူး။ ဒါပေမယ့် နောက်ထပ် ဆက်လက် မပြန်ဆို မဖြေဆိုတော့တာမို့ မင်းကွန်းဆရာတော်ကြီးရဲ့ နောက်မှာ မင်းကွန်းဆရာတော်ကြီးနဲ့ခေတ်ပြိုင်အဖြစ် ဆရာတော်ဘဒ္ဒန္တကောဝိဒသာ ထင်ရှားခဲ့ပါတယ်။
ဒီလို မင်းကွန်းဆရာတော်ကြီးနဲ့ခေတ်ပြိုင်အဖြစ် ထင်ရှားကျော်ကြားတော်မူခဲ့ပါတဲ့ ဆရာတော်ဘဒ္ဒန္တကောဝိဒဟာ ၁၃၁၅ခုနှစ် ပဉ္စမအကြိမ်မြောက်မှာတော့ လေနာရောဂါ စွဲကပ်လာတာကြောင့် အဲဒီနှစ်ကစလို့ တိပိဋကစာမေးပွဲကြီးကို နှုတ်ဆက်ခဲ့ရပါတယ်။ တကယ်တော် တကယ်ကျော်ပေမယ့် ကျန်းမာရေးကြောင့် နှုတ်ဆက်ခဲ့ရတဲ့ ဆရာတော်ဘဒ္ဒန္တကောဝိဒဟာ နောင်အခါမှာ မုံရွာမြို့ စန်းမြရောင်ခြည်ကျောင်းတိုက်ကြီးဆီ ပြောင်းရွေ့ပြီး စာချဆရာတော်အဖြစ် စာဝါတွေကို နေ့မအား ညမနား ပို့ချရင်း သာသနာပြုတော်မူခဲ့ပါတယ်။ မြန်မာ နှစ်ဆန်းတစ်ရက်နေ့တိုင်း မုံရွာမြို့တွင်းလှည့်လည်ကာ ပရိတ်တော်တွေ ရွတ်ဖတ်ချီးမြှင့်ပေးတော်မူပါတယ်။ မုံရွာသူ/မုံရွာသားတွေကတော့ ဆရာတော်ဘဒ္ဒန္တကောဝိဒကို ဆရာတော်ဦးကောလို့သာ အဖျားဆွတ်ခေါ်ဝေါ်ကြကာ ကြည်ညိုဂါရဝထားကြပါတယ်။
တိပိဋကဖြစ်ဖို့ရာ ကျန်းမာရေးဟာလည်း အဓိကအရာမှာပါတာမို့ တကယ်လို့များ ဆရာတော်ဦးကောသာ ကျန်းမာရေးကောင်းမွန်မယ် ဆိုပါက တိပိဋကဆိုတာ မြေကြီးလက်ခတ်မလွဲ ဧကန်အမြဲ ဖြစ်မယ်ဆိုတာ ဆရာ့တော်ရဲ့ဉာဏ်ပညာကို နှိုင်းဆကြည့်ရင် တွေ့မြင်ယုံကြည်ကြရမှာပဲ ဖြစ်ပါတယ်။ ဒါပေမယ့်...။
တကယ်တော့.. အာဂုံရေးဖြေ နှစ်ထွေစလုံး တစ်နှစ်တည်း အောင်မြင်တဲ့ပုဂ္ဂိုလ်ဆိုတာ အတော်ကြာကြာ ပျောက်ကွယ်လာခဲ့ပြီဖြစ်သလို ဝိနည်းငါးကျမ်းကို တစ်နှစ်တည်းနဲ့ ပြန်ဆိုနိုင် ရေးဖြေနိုင်တဲ့ ပုဂ္ဂိုလ်တွေလည်း ရှားပါးလာတာ ကြာမြင့်ခဲ့ပြီ ဖြစ်ပါတယ်။ ဒါ့ကြောင့် ခေတ်နဲ့ညီစွာ ဉာဏ်ရည်နိမ့်လာမှုနဲ့အတူ ဝိနည်းငါးကျမ်း အာဂုံနဲ့ရေးဖြေကို ရှေ့ပိုင်း နောက်ပိုင်းအဖြစ် လေးပိုင်းခွဲကာ ကျင်းပလာခဲ့တာလည်း ကြာမြင့်ခဲ့ပြီ ဖြစ်ပါတယ်။
ကျန်းမာရေးကြောင့် တိပိဋကဓရ တိပိဋကကောဝိဒ မဖြစ်လိုက်ရတဲ့ ဆရာတော် ဘဒ္ဒန္တကောဝိဒရဲ့ စကားတော်က.... “ တိပိဋကဖြစ်ဖို့ရာ ဘုန်းကံ ဉာဏ်ပညာ ပါရမီထူးတွေနဲ့ ပြည့်စုံဖို့ လိုတယ်။ ဦးဝိစိတ္တကတော့ အားလုံး ပြည့်စုံတဲ့ပုဂ္ဂိုလ်ပါ။ သူဟာ.. မသေချာတဲ့အလုပ်ကို ဘာမှ မလုပ်ဘူး။ ဘာအလုပ်ကို လုပ်လုပ် သေချာမှသာ လုပ်ပါတယ်”လို့ တိပိဋကဖြစ်ဖို့ရာနဲ့ သူ့ကို ချီးကျူးပေးခဲ့တဲ့ မင်းကွန်းဆရာတော်ကြီးနဲ့စပ်ပြီး မှတ်ချက်ပေးကာ ချီးကျူးစကား ဆိုသွားခဲ့ပါတယ်။
ဆရာတော်ဘဒ္ဒန္တကောဝိဒ မထေရ်မြတ်ဟာ သက်တော် (၉၀)ကျော်မှာ ဘဝနတ်ထံ စံလွန်တော်မူခဲ့ပါတယ်။ ခု ဆရာတော်ဘဒ္ဒန္တကောဝိဒထေရ်မြတ် သီတင်းသုံးတော်မူခဲ့ရာ မုံရွာမြို့ စန်းမြရောင်ခြည်ကျောင်းတိုက်ကြီးမှာ မိမိတို့ရဲ့ နောင်တော်ကြီးဖြစ်တဲ့ အဂ္ဂမဟာအကျော်ဘွဲ့ရ အဘိဝံသဘွဲ့ရ သုတ္တန်နဲ့အဘိဓမ္မာရှေ့ပိုင်း အာဂုံပြန်မှာ ဝိသိဋ္ဌ-အထူးရရုံမက ပိဋကနှစ်ပုံခွဲဆောင်ဘွဲ့ရ ရေစကြိုနယ်သား ဘဒ္ဒန္တသြဘာသာဘိဝံသဆရာတော် စာဝါများစွာချရင်း သီတင်းသုံးနေတော်မူပါတယ်။ ဆရာတော် ဘဒ္ဒန္တသြဘာသာဘိဝံသ သီတင်းသုံးတော်မူခဲ့ရာ တိပိဋကမဟာဂန္ထဝင်ကျောင်းတိုက်ကြီးက ဆရာတော်သြရဲ့ တပည့်တွေထဲမှာ အရှင်ဝိစိတ္တသာရ အရှင်ပညာဝံသာလင်္ကာရတို့ဟာ တိပိဋကဓရဆိုတဲ့ အမြင့်ဆုံးဘွဲ့ထူးကြီးကို ဆွတ်ခူးကြပြီး ဖြစ်သလို အရှင်သေဋ္ဌဉာဏာလင်္ကာရဟာလည်း ဒီနှစ်မှာ တိပိဋကဓရဘွဲ့ထူးကြီး ဆွတ်ခူးဖို့ တာဆူနေပြီပဲ ဖြစ်ပါတယ်။
အို... မင်းကွန်းဆရာတော်ကြီးနဲ့ခေတ်ပြိုင်က ရေစကြိုနယ်သား ဆရာတော်ကြီး ဘဒ္ဒန္တကောဝိဒ ။ မင်းကွန်းဆရာတော်ကြီး ပြုစုပျိုးထောင်ပေးလိုက်တဲ့ တိပိဋကနိကာယကျောင်းတိုက်ကြီးကနေ ပထမဆုံး တိပိဋကဓရ တိပိဋကကောဝိဒဘွဲ့မြတ်ကို ရတော်မူတာကလည်း ရေစကြိုနယ်သား ဘဒ္ဒန္တဝါယမိန္ဒာဘိဝံသဆရာတော်။ နောက် ရေစကြိုနယ်သား ပိဋကနှစ်ပုံခွဲဆောင် ဘဒ္ဒန္တသြဘာသာဘိဝံသဆရာတော် ။ ရေစကြိုနယ်သား ဆရာတော်နှစ်ပါးက မွေးထုတ်ပေးလိုက်လို့ ပေါ်ထွန်းလာခဲ့တာက တိပိဋကဓရနှစ်ပါးနဲ့ တိပိဋကဓရဖြစ်ဖို့ရာတစ်ပါး။ အို... အားရကြည်နူးဝမ်းသာဂုဏ်ယူစရာပါတကား.....။
🙏 အားလုံး သာယာချမ်းမြေ့ကြပါစေ 🙏
👉မှီးငြမ်း...ဒေါက်တာ တင်အောင်အေးရေးသား “ တိပိဋကဓရ သာသနာဝင်” စာအုပ်👈
🙏မိမိအကူအညီတောင်းလို့ ဆရာတော်ဘဒ္ဒန္တကောဝိဒ ထေရ်မြတ်ရဲ့ ပုံတော်ကို တကူးတက ပို့ပေးတော်မူတဲ့ မိမိကြည်ညိုလေးစားရတဲ့ လက်ရှိ စန်းမြရောင်ခြည်ဆရာတော်ဘဒ္ဒန္တသြဘာသာဘိဝံသကို အထူးကျေးဇူးတင်လျှက်...🙏