#လူငယ်နှင့်ပတ်ဝန်းကျင်
#အင်ပင်သန်းဌေးအောင်
★ သူဖန်တီးခဲ့သောဝန်းကျင်က သူ့မျိုးနွယ်ဆက်များ၏ဘ၀ကို ပြဋ္ဌာန်းပေးခဲ့ခြင်းဖြစ်သည်။ ထို့အတူ သူဖန်တီးခဲ့သောဝန်းကျင်ကြောင့် အခြားအခြားသော လူပုဂ္ဂိုလ်တို့၏ မျိုးနွယ်ဆက်များစွာတို့၏ ဘ၀တွေလည်း နစ်မွန်းခဲ့ရပြီးဖြစ်ပါသည်။ ★
ပတ်ဝန်းကျင်နှင့်ပတ်သက်၍ သတ္တိဂုမ္ဗဇာတ်(ကျေးညီနောင်) ၀တ္ထုကို ဖတ်ဖူးကြပါလိမ့်မည်။ လေပြင်းမုန်တိုင်းကြောင့် ကျေးညီနောင်တို့ တကွဲတပြားစီဖြစ်ခဲ့ရာ တစ်ကောင်က ရသေ့တို့၏ကျောင်းသို့ရောက်သည်။ တစ်ကောင်က လူဆိုးသူခိုးတို့၏ဒေသသို့ ရောက်သည်။ ညီအစ်ကိုအရင်းပင်ဖြစ်သော်လည်း ပတ်ဝန်းကျင်၏ လွှမ်းမိုးရိုက်ခတ်မှုကြောင့် သူတော်ကောင်းတို့ဝန်းကျင်မှ ကျေးငှက်သည် ယဉ်ကျေးလိမ္မာ၍ သူယုတ်မာတို့ဝန်းကျင်မှ ကျေးငှက်သည် ဆိုးသွမ်းမိုက်ရိုင်းခဲ့ပါသည်။ ထို့ကြောင့် မျိုးဆက်သစ်လူငယ်များအတွက် ပတ်ဝန်းကျင်ကောင်းများဖန်တီးရန် အရေးကြီးလှပါသည်။
သို့သော် ကျွန်တော်တို့သည် ဥစ္စာငွေကြေးတိုးတက်ရေးအတွက် အဓိကထား ရုန်းကန်လှုပ်ရှားနေရသောကြောင့် မျိုးဆက်သစ်လူငယ်တို့အတွက် ပတ်ဝန်းကျင်ကောင်းများ ဖန်တီးမှုတွင် လစ်ဟာသွားတတ်ပါသည်။ လူငယ်တို့အတွက် ပတ်ဝန်းကျင်ကောင်းဖန်တီးနိုင်မှု အားနည်းသောကြောင့် ဘ၀ရေတိမ်နစ်ခဲ့ရသော ဖြစ်ရပ်မှန်ဇာတ်လမ်းတစ်ခုကို တင်ပြလိုပါသည်။
သူ၏အမည်မှာ ဦးသန်းစိန်ဖြစ်ပါသည်။ ကျွန်တော့်အစ်ကိုနှင့် ဦးသန်းစိန်တို့သည် ကျောင်းနေဖက်သူငယ်ချင်းများ ဖြစ်ကြပါသည်။ အစ်ကိုအား အကြောင်းပြု၍ ကျွန်တော်နှင့် ဦးသန်းစိန်တို့ ရင်းနှီးခင်မင်ခဲ့ကြပါသည်။ ဦးသန်းစိန်သည် သူ့ဘ၀ရဲ့ သောကဗျာပါဒ နောင်တများကို ကျွန်တော့်အား အကြိမ်ကြိမ်အခါခါ ဖွင့်ဟပြောပြခဲ့ပါသည်။ ဦးသန်းစိန်တို့မိသားစု၏ မူလပထမ စီးပွားရေးလုပ်ငန်းမှာ အကြော်ဆိုင်ဖြစ်ပါသည်။ ဟိုယခင်ခေတ်က ကုန်သွယ်လယ်ယာစပါးအ၀ယ်ဒိုင်များတွင် အကြော်ဆိုင်ထွက်၍ ရောင်းချခြင်းဖြစ်ပါသည်။ ထို့နောက် ထန်းရည်အရက်တွေပါ ရောင်းချခဲ့ပါသည်။
ဦးသန်းစိန်၏ အရည်အချင်းမှာ ထန်းရည်အရက်ရောင်းချနေသော်လည်း ထန်းရည်အရက်တို့ကို လုံးဝမသောက်သုံးခြင်း ဖြစ်ပါသည်။ ထိုသို့ဖြင့် ဦးသန်းစိန်တို့မိသားစုသည် လိုင်စင်ရအရက်ဆိုင်တစ်ဆိုင်ကို တည်ထောင်နိုင်ခဲ့ပါသည်။ စီးပွားရေးကို အောက်သက်ကျေသောကြောင့် ဦးသန်းစိန်တို့မိသားစုမှာ ရွှေငွေတိုက်တာများဖြင့် ပြည့်စုံလာခဲ့ပါသည်။ ထိုအချိန်မှာပင် ဦးသန်းစိန်တို့၏ တစ်ဦးတည်းသောသားလေး မောင်ထွန်းထွန်းကို ဖွားမြင်ခဲ့ပါသည်။ ဦးသန်းစိန်တို့အနေဖြင့် မောင်ထွန်းထွန်းအတွက် အ၀တ်အစား အသုံးအဆောင် စတာတွေကို ပြည့်စုံအောင် ဖန်တီးပေးနိုင်ခဲ့သော်လည်း မောင်ထွန်းထွန်း၏၀န်းကျင်ကို သတိမပြုမိခဲ့ပါ။ ဦးသန်းစိန်အနေဖြင့် သူကိုယ်တိုင် အရက်မသောက်သုံးဘဲ အရက်ရောင်းချနေသလို သူ့သားကိုလည်း အရက်မသောက်တန်ရာဟု ပေါ့ပေါ့လျော့လျော့ တွေးထင်ခဲ့ပါသည်။
မောင်ထွန်းထွန်းသည် အခြားအခြားသော လူငယ်များထက် ဥစ္စာငွေကြေးအသုံးအဆောင်များကို စောစောစီးစီး ပိုင်ဆိုင်ရသလို အရက်သေစာနှင့်လည်း စောစောစီးစီး ရင်းနှီးခဲ့ရပါသည်။ ထို့ပြင် အရက်ဆိုင်ကို အကြောင်းပြု၍ လောင်းကစားကိစ္စ၊ မိန်းမကိစ္စပညာရပ်များကိုလည်း စောစောစီးစီး တတ်မြောက်လာခဲ့ပါသည်။ ဤသို့ဖြင့် မောင်ထွန်းထွန်းတစ်ယောက် အသက်ငယ်ငယ်မှာပင် အိမ်ထောင်ကျခဲ့ပါသည်။
ဦးသန်းစိန်အနေဖြင့် သားဖြစ်သူမောင်ထွန်းထွန်းကို ဂရုမစိုက်အားပေ။ အရက်ဆိုင်ကိုသာ အဓိကထား၍ စီးပွားရေးတိုးချဲ့နေခဲ့သည်။ ပြောင်းလဲလာသောခေတ်နှင့်အညီ KTV တွေကို တည်ထောင်နိုင်ခဲ့သည်။ သည်အချိန်မှာပင် မောင်ထွန်းထွန်းတို့ ဇနီးမောင်နှံမှ အတူးဆိုသော သားလေးတစ်ယောက် ဖွားမြင်လာသည်။ “သားအချစ် မြေးအနှစ်”ဆိုသလို ဦးသန်းစိန်မှာ မြေးလေးအတူးကို အလွန်ချစ်မြတ်နိုးပါသည်။ မြေးကလေးအတွက် ရွှေငွေပစ္စည်းဥစ္စာအသုံးအဆောင်များဖြင့် ဖြည့်ဆည်းပေးနိုင်ခဲ့သည်။
မြေးဖြစ်သူ အတူးမှာ တစ်စတစ်စဖြင့် လူလားမြောက်လာသလို သားဖြစ်သူ ထွန်းထွန်းမှာလည်း တစ်စတစ်စဖြင့် အရက်သမား၊ လောင်းကစားသမားဘ၀က ပို၍ပို၍ပီပြင်လာသည်။ ဦးသန်းစိန်သည်ပင်လျှင် အသက် ၆၀ ၀န်းကျင်ကို ရောက်ရှိလာပြီဖြစ်သည်။ ဆံပင်တွေ ဖြူလာပါပြီ။ မျက်မှန်ဆောင်လာရပါပြီ။ သို့သော် ငွေကြေးဥစ္စာကလွဲ၍ သားဖြစ်သူ၊ မြေးဖြစ်သူအတွက် ပတ်ဝန်းကျင်ကောင်းကို အလေးမထားနိုင်ခဲ့ပါ။ ထိုသို့ဖြင့် ဦးသန်းစိန်၏ဘ၀တွင် အကြီးအကျယ် ထိတ်လန့်တုန်လှုပ်ရသော နေ့တစ်နေ့ကို စတင်ကြုံတွေ့လာရပါတော့သည်။
အထက်တန်းကျောင်းသား အတူးတစ်ယောက် အရက်သေစာသောက်စား၍ ကျောင်းသို့ ဓားမြှောင်ယူလာသည့်ကိစ္စကြောင့် ကျောင်းအုပ်ဆရာကြီးက အုပ်ထိန်းသူ ဦးသန်းစိန်အား ခေါ်ယူတွေ့ဆုံခြင်းဖြစ်ပါသည်။ ကျောင်းအုပ်ဆရာကြီးက အတူးအနေဖြင့် နောက်နောင်တွင် ဤကဲ့သို့မကျူးလွန်ရန်၊ ထပ်မံကျူးလွန်ပါက ကျောင်းထုတ်မည်ဖြစ်ကြောင်း သတိပေးပါသည်။ ဂြိုဟ်ဆိုးကြမ္မာဆိုးတို့သည် အဖော်အပေါင်းနှင့် လာတတ်စမြဲဖြစ်သည်။ ဦးသန်းစိန်အနေဖြင့် မြေးဖြစ်သူအတွက် ပူပန်နေရသည့်အထဲ သားဖြစ်သူအတွက်ပါ တစ်ပူပေါ်နှစ်ပူဆင့်၍ လာပြန်သည်။ ထွန်းထွန်း သွေးတွေအန်သောကြောင့် ဆေးရုံတက်ရသည်။ အသည်းတွင် ပြဿနာရှိနေပြီဖြစ်ကြောင်း၊ အရက်ကို လုံးဝရှောင်နိုင်ပါမှ သက်သာရာရမည်ဖြစ်ကြောင်း သိရသည်။
ထွန်းထွန်း ဆေးရုံက ဆင်းလာသည်။ မိဘများက အရက်မသောက်ရန် ပြောသော်လည်း မရပေ။ အရက်ကို သောက်ဖြစ်အောင် သောက်သည်။ အရက်ရောင်း၍ စီးပွားရှာသောမိဘများက သားသမီးကို အရက်မသောက်ဖို့ တားမြစ်ခြင်းမှာ လွယ်ကူသောအလုပ် မဟုတ်ပါပေ။ ဦးသန်းစိန်သည် သူတစ်သက်လုံး ရှာဖွေစုဆောင်းလာခဲ့သော ဓနဥစ္စာများဖြင့် သား၏အသက်ကို ကယ်သည်။ မြေး၏အရှက်ကို ဆယ်သည်။ သို့သော် မကောင်းမှုဒုစရိုက်အကျင့်ဆိုးတို့က သူ့သားနှင့်သူ့မြေးတို့၏ဘ၀တွင် အမြစ်တွယ်ရှင်သန်ကြီးထွားနေကြလေပြီ။
သူကိုယ်တိုင်ဖန်တီးခဲ့သော မကောင်းမှုပတ်ဝန်းကျင်ကြောင့် သူ၏မျိုးနွယ်ဆက်များ ပျက်စီးရခြင်းဖြစ်ကြောင်းကို ဦးသန်းစိန်ကိုယ်တိုင် သိမြင်လာခဲ့ပါသည်။ နောင်တဟူသည် နောင်မှရကြစမြဲဖြစ်သည်။ အတူးသည် အခြားသောကျောင်းသားတစ်ယောက်ကို ကိုယ်ထိလက်ရောက် ထိုးကြိတ်ရန်ရှာသောကြောင့် ကျောင်းထုတ်ခြင်းကို ခံရလေပြီ။ ထွန်းထွန်းမှာလည်း လုံးဝသတိလစ်သွားသောကြောင့် ဆေးရုံတက်ရပြန်သည်။ နောက်ဆုံးတော့ ထွန်းထွန်းတစ်ယောက် အသက် ၃၀ ကျော်အရွယ်လေးဖြင့် လူ့လောကကို စွန့်ခွာခဲ့ရပါသည်။
ဦးသန်းစိန်တစ်ယောက် ကမ္ဘာပျက်သောနေ့ရက်များကို ရင်ဆိုင်နေရလေတော့သည်။ သူဖန်တီးခဲ့သောဝန်းကျင်က သူရဲ့မျိုးနွယ်ဆက်များ၏ဘ၀ကို ပြဋ္ဌာန်းပေးခဲ့ခြင်းဖြစ်သည်။ ထို့အတူ သူဖန်တီးခဲ့သောဝန်းကျင်ကြောင့် အခြားအခြားသော လူပုဂ္ဂိုလ်တို့၏ မျိုးနွယ်ဆက်များစွာတို့၏ ဘ၀တွေလည်း နစ်မွန်းခဲ့ရပြီးဖြစ်ပါသည်။
အဆိုပါ ရင်နင့်ဖွယ်ဇာတ်လမ်းများ ရပ်တန့်သွားစေရေးအတွက် ကျွန်တော်တို့အားလုံး၏ ကြိုးစားအားထုတ်မှုများကို မြှင့်တင်ရန် လိုအပ်နေပြီဖြစ်သည်။ ဆေးလိပ်၊ အရက်၊ မူးယစ်ဆေးဝါးနှင့် လောင်းကစားဒုစရိုက်လက်တံများက လူငယ်တို့၏၀န်းကျင်ကို ရှည်လျားစွာ ဖြန့်ကျက်နေကြပါသည်။ လူငယ်များကိုယ်တိုင်က ပတ်ဝန်းကျင်အမှန်၊ အကျင့်စရိုက်အမှန်များကို သိရှိနားလည်လာစေရန် ကြိုးစားဆောင်ရွက်ပေးရမှာ ဖြစ်ပါသည်။ ထို့အတူ အနာဂတ်လူငယ်များ၏ ဘ၀မြင့်မားရေးအတွက် ပတ်ဝန်းကျင်ကောင်းများကို ဖန်တီးရာတွင် ဥပဒေနှင့် ဥပဒေကို အသက်ဝင်အောင် ဖော်ဆောင်နိုင်ခြင်းများမှာလည်း အဓိကကျပါကြောင်း တင်ပြအပ်ပါသည်။
#အင်ပင်သန်းဌေးအောင်
Eternal Light Magazine
December 2017
#လူငယ်တွေကသားကောင်ဖြစ်နေပြီလား
➳ ➳ ➳ ➳ ➳
Eternal Light မဂ္ဂဇင်းကို City Mart နှင့် အမြို့မြို့အနယ်နယ်ရှိ စာအုပ်ဆိုင်များတွင်လည်းကောင်း၊ Mobile Phone ဖြင့် စာဖတ်သူများအတွက် Wun Zinn application တွင်လည်းကောင်း၊ နယ်မှ အိမ်တိုင်ရာရောက်စနစ်ဖြင့် တစ်အုပ်ချင်း မှာယူလိုသူများအတွက် WE Distribution ဖုန်း ၀၉ ၂၅၀၀၉၁၉၁၃ တွင်လည်းကောင်း အားပေးဝယ်ယူဖတ်ရှုနိုင်ပါသည်။ စာကြည့်တိုက်များ၊ အခြေခံပညာကျောင်းများနှင့် တက္ကသိုလ်များမှ Message ပို့ပြီး ဆက်သွယ်အလှူခံနိုင်ပါသည်။