#နိဗ္ဗာန်ကို ရှုထောင့် တစ်ခုမှ ချဉ်းကပ်ခြင်း

#နိဗ္ဗာန်ကို ရှုထောင့် တစ်ခုမှ ချဉ်းကပ်ခြင်း

ယနေ့ခေတ်
ရိပ်သာတွေ၊ တရားစခန်းတွေမှာ
တရားသိမြင်ရေးအတွက်
သမာဓိကို ဦးစွာထူထောင်ပြီးမှ
ဝိပဿနာဘက် ကူးကြတာ များပါတယ်။
အချို့သော တရားလိုလားသူတို့
မလုပ်နိုင်ဘူး ဖြစ်နေတယ်။

ဒီလို သမာဓိကို တကူးတက မထူထောင်ပဲနဲ့
သီလကို အရင်းခံထားပြီး
ဝိပဿနာသန့်သန့် အားထုတ်တဲ့နည်းလည်း ရှိပါတယ်။
ဒါကတော့
ရှင်သာရိပုတြာနဲ့ ရှင်မဟာကောဋ္ဌိက တို့
ဆွေးနွေးကြတဲ့ ဝိပဿနာသန့်သန့်ပါပဲ။
ကျွန်တော်တို့ လူဝတ်ကြောင်များနဲ့လည်း
သင့်လျော်တဲ့ ဘာဝနာဖြစ်တဲ့အတွက်
ဒီဆွေးနွေးခန်းလေးကို ဆီလျော်အောင်
တင်ပြပေးလိုက်ရပါတယ်။
အခြေခံထားတာက
သီလလုံဖို့တော့ လိုပါတယ်။
လူတွေဆိုတော့ ငါးပါးသီလတော့
အနည်းဆုံး လုံအောင် စောင့်ထိန်းဖို့ လိုပါတယ်။

တစ်ခုသော ညချမ်းမှာပေါ့၊
အရှင်နှစ်ပါး တရားဆွေးနွေးကြပါတယ်။
အရှင်မဟာကောဋ္ဌိက က မေးတယ်။
"ငါ့ရှင်သာရိပုတြာ,
သီလရှိတဲ့ရဟန်းသည် အဘယ်တရားကို
အသင့်အားဖြင့် နှလုံးသွင်းအပ်ပါသလဲဘုရား"။

"ငါ့ရှင်ကောဋ္ဌိက,
သီလရှိတဲ့ရဟန်းသည်
ဥပါဒါနက္ခန္ဓာ ငါးမျိုးတို့ကို
မမြဲဟူ၍၊
ဆင်းရဲဟူ၍၊
ရောဂါဟူ၍၊
အနာဟူ၍၊
ငြောင့်ဟူ၍၊
ပင်ပန်းမှုဟူ၍၊
သူစိမ်းပြင်ပဟူ၍၊
အပျက်တရားဟူ၍၊
ဆိတ်သုံးသောတရားဟူ၍၊
အနှစ်သာရမရှိဟူ၍
အသင့်အားဖြင့် နှလုံးသွင်းဆင်ခြင်အပ်ပါတယ်ဘုရား"လို့
ရှင်သာရိပုတြာက ဖြေကြားတော်မူပါတယ်။

"ဒီလို အသင့်အားဖြင့် နှလုံးသွင်း ဆင်ခြင်မယ်ဆိုရင်
သောတာပတ္တိဖိုလ်ကို မျက်မှောက်ပြုနိုင်သော
အကြောင်းရှိပါတယ်ဘုရား"လို့ ထပ်ပြောသေးတယ်။

ဆိုလိုတာက သီလရှိတဲ့သူဟာ
ခန္ဓာငါးမျိုးကို မမြဲဘူး စသည်ဖြင့်
မှန်မှန်ကန်ကန် နှလုံးသွင်း ဆင်ခြင်နေမယ်ဆိုရင်
သောတာပန်ဖြစ်ဖို့ အကြောင်းရှိပါတယ်လို့
ဆိုလိုခြင်း ဖြစ်ပါတယ်။

ဒီနေရာမှာ နားလည်ရခက်တဲ့
စကားလုံး ပါနေတယ်။
"ဥပါဒါနက္ခန္ဓာ"တဲ့။
အဲဒါ သိဖို့လိုတယ်။
ဒီအတွက် ဖြေရှင်းချက်ကို
မြတ်စွာဘုရားရှင်က ဟောပြခဲ့ပြီးသားပါ။

ခန္ဓာငါးပါးဆိုတာက
ရုပ်ခန္ဓာတစ်ခု၊
နာမ်ခန္ဓာလေးခု ပေါင်းပြီး
ခန္ဓာငါးပါးလို့ ပြောရတာပါ။
ဥပါဒါန် ဆိုတာ စွဲလန်းတာ။
ဘာကို စွဲလန်းတာလဲ။
ရုပ်ကိုစွဲလန်းတယ်။
ခွဲပြီးပြောရရင်
အဆင်းကို စွဲလမ်းတယ်။
အသံကို စွဲလမ်းတယ်။
အနံ့ကို စွဲလမ်းတယ်။
အရသာကို စွဲလမ်းတယ်။
အထိအတွေ့ကို စွဲလမ်းတယ်။

အဆင်း၊ အသံ၊ အနံ့၊ အရသာ၊ အထိအတွေ့ ဆိုတာတွေက
ရုပ်တရားတွေ။
အဲဒီရုပ်တရားတွေကို စွဲလမ်းမိရင်
စွဲလမ်းမှုနှင့်တကွ အဲဒီရုပ်ကို
"ဥပါဒါနက္ခန္ဓာ" လို့ခေါ်ပါတယ်။

ဒီရုပ်ခန္ဓာကို စွဲလမ်းသလို
နာမ်ခန္ဓာကိုလဲ စွဲလမ်းတာပဲ။
ဥပမာ ၊
ဝေဒနာဆိုတဲ့ ခံစားမှုကို စွဲလမ်းရင်
ဝေဒနုပါဒါနက္ခန္ဓာ စသည် လို့ ခေါ်ပါတယ်။

လွယ်လွယ်ပြောရမယ်ဆိုရင်
ရုပ်ကို မစွဲလမ်းရင်
အဲဒီ ရုပ်ဟာ
ရုပ်သန့်သန့်ပဲ။
စွဲလမ်းမိရင်
ဥပါဒါနက္ခန္ဓာ ဖြစ်သွားတယ်။
ခန္ဓာငါးမျိုး ခွဲလိုက်တော့
ဥပါဒါနက္ခန္ဓာ ငါးမျိုး ဖြစ်သွားတယ်။

အဲဒီရုပ်ဆိုတဲ့ ဥပါဒါနက္ခန္ဓာကို ၊
မမြဲဘူး၊ ဆင်းရဲတယ်၊ အနှစ်သာရမရှိဘူး၊
စသည်ဖြင့် ဆင်ခြင်နေမယ်,
ရောဂါပဲ၊ အနာပဲ၊ နာကျင်မှုပဲ၊ သူစိမ်းပြင်ပပဲ
စသည်ဖြင့် ဆင်ခြင်နေမယ်ဆိုရင်
သောတာပတ္တိ မဂ်ဖိုလ်ကို ရဖို့
အကြောင်းရှိတယ်လို့ ဆိုတာ ဖြစ်ပါတယ်။
ဒီမှာလဲ စကားတွေက များနေတယ်။
ချုပ်ပြီးပြောရရင်
ဒီရုပ်ဆိုတဲ့ ဥပါဒါနက္ခန္ဓာ အပေါ်
အနိစ္စပဲ၊ ဒုက္ခပဲ၊ အနတ္တပဲလို့
ဆင်ခြင်တာကို ပြောတာပါဘဲ။

ဒီလို မိမိစွဲလမ်းတဲ့ ရုပ်တရားတွေအပေါ်မှာ ၊
မိမိစွဲလမ်းတဲ့ အဆင်း၊ အသံ၊ အနံ့၊ အရသာ၊
အထိအတွေ့တွေ အပေါ်မှာ
မမြဲတဲ့ အနိစ္စတရားပဲ၊
ဆင်းရဲတဲ့ ဒုက္ခတရားပဲ၊
အနှစ်မရှိတဲ့ အနတ္တတရားပဲလို့
ဆင်ခြင်ကြည့်ပါ၊ သုံးသပ်ကြည့်ပါ။
အရင်က စွဲလမ်းနေတဲ့ အပေါ်မှာ
တပ်မက်မှု၊ စွဲလမ်းမှု လျော့သွား၊
ကင်းသွားတာ တွေ့ရလိမ့်မယ်။
အဲဒါ လက်ငင်းဒိဋ္ဌ အကျိုးတရားပါပဲ။

အဲဒီလိုတပ်မက်မှု၊ စွဲလမ်းမှု
တဏှာ ဥပါဒါန် ကင်းသွားရင်
အဲဒီစွဲလမ်းမိတဲ့ ရုပ်တရား တစ်ခုခုနဲ့ ပတ်သက်တဲ့
နောက်ဆက်တွဲဒုက္ခတွေ ချုပ်ငြိမ်းသွားတာ
ကိုယ်တိုင် တွေ့ရပါလိမ့်မယ်။
အဲဒါ တရားရတာပါပဲ။

ဥပမာ /
အမေနဲ့ကလေး ဈေးထဲသွားတယ်ဆိုကြပါစို့။
ကလေးက
သူလိုချင်တဲ့ အရုပ်ကလေးတွေ တွေ့ရင်
ဝယ်ပေးဖို့ ပူဆာမယ်။
အမေလုပ်တဲ့လူက ဝယ်မပေးချင်ဘူး။
သားကလဲ သိပ်လိုချင်နေလို့
ဇွတ်ပူဆာနေတယ်ဆိုပါစို့။
အဲဒီအခါ
အမေက ဥာဏ်သုံးရတယ်။
သား၊ အဲဒီဟာက အညံ့စားကြီး၊
ခဏလေးပျက်သွားမယ်၊ ဈေးလဲကြီးတယ်။
သားအတွက် ဘာမှလဲ အသုံးမကျဘူး၊ စသည်ဖြင့်ပေါ့ ။
အဲဒီရုပ် မကောင်းကြောင်း၊
အသုံးမဝင်ကြောင်း၊
အဖိုးမတန်ကြောင်းတွေ
သားနားလည်အောင် ပြောပြလိုက်တော့
သားက လိုချင်စိတ်တွေ လျော့သွားတယ်။
မလိုချင်တော့ဘူးပေါ့။

ဒီလိုပါပဲ ရှင်သာရိပုတြာကလည်း
ဥပါဒါနက္ခန္ဓာငါးပါးရဲ့ အပြစ်တွေကို ပြောပြတယ်။
ဒီခန္ဓာရဲ့အပြစ်တွေကို စနစ်တကျ သိပြီဆိုရင်
ဒီခန္ဓာတွေအပေါ်မှာ
တပ်မက်မှု၊ စွဲလမ်းမှု ကင်းလာမှာပဲ။
ဒီလိုနည်းနဲ့ပဲ
ပုထုဇဉ်မှ သောတာပန် ဖြစ်ရတာပါ။

မိမိ နှစ်သက်တဲ့ အဆင်း၊ အသံ၊ အနံ့၊
အရသာ၊ အထိအတွေ့ တစ်ခုခုအပေါ်မှာ
မမြဲဘူး၊ ဆင်းရဲတယ်၊ အနှစ်သာရ မရှိဘူးလို့
အသင့် နှလုံးသွင်း ဆင်ခြင်ရင်
အဲဒီ အာရုံတွေအပေါ်မှာ
တပ်မက်စိတ် လျော့သွားတယ်၊ ပြေသွားတယ်။
အဲဒီလို ပြေသွားတဲ့အတွက်
သူနဲ့ပတ်သက်တဲ့ နောက်ဆက်တွဲဖြစ်လာမဲ့
ဒုက္ခကလဲ လွတ်လျက်သား ဖြစ်သွားတာပေါ့။

အဲဒါ
ဥပါဒါနက္ခန္ဓာ တစ်ခုအပေါ်မှာ လွတ်မြောက်သွားတာပါပဲ။
ဘဝမှာ မရှိမဖြစ် လိုအပ်တာတွေကို ချန်ထားပြီး၊
မရှိလဲဖြစ်တဲ့ အပိုတပ်မက်မှုတွေ၊ စွဲလန်းမှုတွေကို
ဒီနည်းနဲ့ ဖြေရှင်းလို့ ရတယ်။
အဲဒါ လက်တွေ့ဘဝထဲမှာ
အပိုဒုက္ခတွေက လွတ်ပြီး၊
ချမ်းသာစွာ နေနိုင်အောင်
မြတ်စွာဘုရားပေးတဲ့ အဆုံးအမပါပဲ။

ဘုရားရှင် လက်ထက်တော်ကလည်း
လူဝတ်ကြောင်နဲ့၊ အရိယာတွေ
ဒီလိုပဲ နေသွားကြတာပဲ။
စားဝတ်နေရေးအတွက် ဆင်းရဲတာတွေ ရှိပေမဲ့ ၊
အပို စိတ်ဆင်းရဲမှုတွေက ကင်းဝေးတဲ့
ချမ်းသာကို ရရှိခံစား နေနိုင်ခဲ့ကြတယ်။

ဥပါဒါနက္ခန္ဓာငါးပါး ရှိတဲ့အတွက်
တိုက်ဆိုင်ရာ ဥပါဒါနက္ခန္ဓာ အပေါ်မှာ
အနိစ္စပဲ၊ ဒုက္ခပဲ၊ အနတ္တပဲလို့
အသင့်အားဖြင့် နှလုံးသွင်းနိုင်မယ်ဆိုရင်
သောတာပတ္တိမဂ်ဖိုလ်ကို ရမှာ အမှန်ပါပဲလို့
ရှင်သာရိပုတြာက ဆိုလိုရင်း ဖြစ်ပါတယ်။
 
ရှင်မဟာကောဋ္ဌိက က ထပ်ပြီးမေးပြန်တယ်။
"ငါ့ရှင်သာရိပုတြာ
သောတာပန်ရဟန်းကရော
ဘယ်တရားကို
အသင့်အားဖြင့် နှလုံးသွင်း
ဆင်ခြင်အပ်ပါသလဲဘုရား"တဲ့။
အဲဒီအခါမှာ ရှင်သာရိပုတြာက
"ငါ့ရှင်ကောဋ္ဌိက,
သောတာပန်ရဟန်းသည်
ဥပါဒါနက္ခန္ဓာငါးမျိုး၌
မမြဲဟူ၍၊
ဆင်းရဲဟူ၍၊
အနှစ်သာရမရှိဟူ၍
အသင့်အားဖြင့်
နှလုံးသွင်းဆင်ခြင်အပ်ပါတယ်ဘုရား"လို့
အရင်အတိုင်းပဲ ပြန်ဖြေတော်မူပါတယ်။
ဒီလို ဆင်ခြင်မယ်ဆိုရင်
သကဒါဂါမိမဂ်ဖိုလ်ကို
မျက်မှောက်ပြုနိုင်ရာသော အကြောင်းရှိပါတယ်"လို့
ထပ်ပြီးပြောတယ်။

သဘောကတော့ 
ဥပါဒါနက္ခန္ဓာငါးမျိုးကို
အနိစ္စအခြင်းအရာ၊
ဒုက္ခအခြင်းအရာ၊
အနတ္တအခြင်းအရာအားဖြင့်
အသင့် နှလုံးသွင်းဆင်ခြင်မယ် ဆိုရင်
သောတာပန်မှ သကဒါဂါမ် ဖြစ်နိုင်တယ်လို့
ဆိုလိုတာပါ။

ဒီလိုပါပဲ ရှင်မဟာကောဋ္ဌိက က
သောတာပန်မှ သကဒါဂါမ်၊
သကဒါဂါမ်မှ အနာဂါမ်၊
အနာဂါမ်မှ ရဟန္တာအထိ
အဆင့်ဆင့်တက်ပြီး မေးလျှောက်တော့လဲ
ဒီအတိုင်းပဲ ထပ်ထပ်ပြီး ဖြေတယ်။

ရှင်သာရိပုတြာ ဆိုလိုတာက
သီလနဲ့ ပြည့်စုံတဲ့ရဟန်းဟာ 
ဥပါဒါနက္ခန္ဓာငါးမျိုးကို
အနိစ္စအခြင်းအရာ၊
ဒုက္ခအခြင်းအရာ၊
အနတ္တအခြင်းအရာ အားဖြင့်
အသင့်နှလုံးသွင်း ဆင်ခြင်မယ်ဆိုရင်
သောတာပန်မှ သကဒါဂါမ်၊
သကဒါဂါမ်မှ အနာဂါမ်၊
အနာဂါမ်မှ ရဟန္တာအထိ ရောက်ရန်
အကြောင်းရှိတယ်လို့ ဆိုလိုခြင်းဖြစ်တယ်။

ရဟန္တာပုဂ္ဂိုလ်များသော်မှလည်း
ဥပါဒါနက္ခန္ဓာငါးမျိုးကို
အနိစ္စ၊ ဒုက္ခ၊ အနတ္တ အခြင်းအရာအားဖြင့်
နှလုံးသွင်း ဆင်ခြင်ပါသေးတယ်တဲ့။
ဘာကြောင့်လဲဆိုရင်
အဲဒီလို ဆင်ခြင်ရင်
မျက်မှောက်ဘဝမှာ ချမ်းသာစွာ နေရတယ်။
သတိသမ္ပဇဉ်နဲ့လည်း ပြည့်စုံပါတယ်တဲ့ခင်ဗျာ။

ဝိပဿနာ တရားအားထုတ်တယ်ဆိုတာ
ခန္ဓာငါးပါး၊ ရုပ်တရား ၊ နာမ်တရား တို့ အပေါ်၌
"အနိစ္စ ၊ ဒုက္ခ ၊ အနတ္တ"
အခြင်းအရာအားဖြင့်
အထူးထူးအပြားပြား ရှုမြင်သုံးသပ်ခြင်း၊
ဆင်ခြင်ခြင်း ဖြစ်တယ်ဆိုတာ သိလောက်ပါပြီ။

အဲဒီတော့
ခန္ဓာငါးပါးရဲ့
အနိစ္စလက္ခဏာ၊
ဒုက္ခလက္ခဏာ၊
အနတ္တလက္ခဏာ သဘောတရားတွေကို
ထင်ထင်ရှားရှား သိဖို့ရန်အတွက်
"အနတ္တလက္ခဏသုတ်တော်"ကို
ဝေဖန်သုံးသပ်
အကဲဖြတ်ကြည့်ကြရအောင် ...... !

♡ ရွှင်လန်းချမ်းမြေ့ ၊ တရားတွေ့ကြပါစေ ♡

- အရှင်ဝိဝေက ၏
  "အိမ်တွင်းဝိပဿနာ"
  (ဓမ္မဒါန) တရားစာအုပ် မှ
  ကောက်နှုတ် ကူးယူ ပူဇော်ပါသည်။
Credit...

ရှင်ဥပဂုတ္တ ရှင်းတမ်း

ရှင်ဥပဂုတ္တ ရှင်းတမ်း =========== (၂၀၀၈- ခုနှစ်၊ ဧပြီလထုတ် မြတ်ပန်းရဂုံ စာစောင်ပါ မောင်ဇေယျာ (ရန်ကုန်)၏ မေးခွန်းကို ဖြေကြားထားခြင်း ဖြစ...