တောထွက်
* ကာမဂုဏ် အာရုံတောမှ ထွက်ခွါလာခဲ့ခြင်း
* ဝနာစုံ ရဂုံတောဘက် ထွက်ခွါလာခဲ့ခြင်း
တောထွက်လုပ်ငန်း၌ လမ်းနှစ်မျိုးရှိရာ ကာမနောမှ ထွက်ရန်ကိုကား စိတ်လုပ်ငန်း ငန်းတိုက်လျက် လုပ်မှသာ လမ်းပီပြင်စရာရှိသည်
ဝနာတောသို့ ထွက်ခွါလာခဲ့ခြင်းကိုကား ကိုယ်နှင့် ခြေလှမ်း ငန်းတိုက်လျက် ထွက်ခဲ့မှသာဟလမ်းပီပြင်စရာရှိသည်
ထိုတော နှစ်တောစလုံး အန္တရာယ်ထူပြောခြင်း အပိတ်အဆီးများခြင်း အခြောက်အလှန့်များခြင်းများဖြင့် ရှုပ်ယှက်ခတ်လျက်ကချည်းသာ
တောထွက်ခြင်းသည် ရန်သူနှင့် စစ်ကစားခြင်း တစ်မျိုးပင်ဖြစ်ရာ ဘဝဘဝါ ကမ္ဘာ့ကမ္ဘာ မြောက်များစွာကပင် မိမိအပေါ် စီးပိုးဖြားယောင်း အလိုကျသော် ဖားပေါင်း ပေါင်း အလိုမကျ ဓားပြပေါင်းဖြင့် ခြယ်လှယ်ထားသုကို ယနေ့မှ မိတ်ကောင်းကိုမှီ၍ အမြင်ကြည်လာသော မိမိက ထ၍ တော်လှန်ရသည်မှာ အတော်အလျော့ စိတ်ဓာတ် ဇွဲ စည်းကမ်း တို့ဖြင့် အောင်ပွဲမရနိုင် အောင်ပွဲရဖို့ နေနေသာသာ ထိုသုံးချက် အကွက်မလည်က - - -
* ပရိယာယ်ကြွယ်လှသော ရန်သူ့ထောင်ကွက်ကို ကျော်တက်နိုင်လမ်းပင် မမြင်
* အင်အားကောင်းလှသော ရန်သူ့တပ်၏ ဝိုင်းပတ်ခြင်းကို ကပ်ဖြတ်ရန်
* နေရာစုံ အဆက်အသွယ်ရှိသော ရန်သူ့စက်ကွင်းကို ဖယ်ရှားရန်လမ်းလည်း မမြင်
မင်းကို မကျေနပ်သူသည် တောကို ခြေကုပ်ယူကာ မင်းအား ပုန်ကန်ရန် ထွက်ခွါလာလေ့ရှိ၏ ရန်သူကို မကျေနပ်သော မင်းကလည်း ရန်သူကို တောသို့ခြေက်လှန့်ထုတ်ကာ လုက်လံသုတ်သင်လေ့ရှိ၏ တောထွက်ခြင်းသည် သူပုန်နှင့် မင်း တစ်ဦးနှင့်တစ်ဦး စစ်မျှားခြင်းတည်း
သို့ကြောင့် တောထွက်လုပ်ငန်းသည် အန္တရာယ်ထူပြော၏ အပိတ်အဆီးများ၏ အခြေက်အလှန့်လည်းစုံလှ၏ စိတ်လုပ်ငန်း ငန်းတိုက်မလုပ်နိုင်သမျှ အာရုံတောကလည်း ခြောက်လှန့်မည် ရဂုံတောကလည်း ခြောက်လှန့်ဦးမည် စည်းမလုံ အစုံ စွတ်ဝင်မြဲပင်တည်း
စိတ်လုပ်ငန်း ငန်းတိုက်လုပ်ပြန်ကလည်း လူအတား လာဘ်အတား နတ်အတားတို့က ဖြားယောင်းခြင်း မြှောက်ခြင်း ခလောက်ခြင်းများစွာဖြင့် တားဆီးခြင်းခံရမည် စည်းလုံ အစုံချောင်းမြဲတည်း
အတားအဆီးကို အတားအဆီးမှန်းသိ၍ လှည့်မကြည့်ပြန်ကလည်း အတွင်းတိုက် အပြင်းတိုက်များ၏ ရန်စခြင်းကို ခံရပြန်ဦးတော့မည်
မသိယောင်ဆောင် မယောင်ရာ ဆီလူးပေးမြဲတည်း
* တောထွက်လိုလျှင် မထွက်မီက လေ့ကျက် တောရောက်မှ မှင်သက်မလေနှင့်
* တောထွက်လိုလျှင် မထွက်မီက တောကျွမ်း လမ်းရောက်မှ စမ်းမနေလေနှင့်
၁၃၆၄ခုနှစ် နတ်တောလဆန်း ၂ ရက်
စံရိပ်ငြိမ် ကျော်တော
မဟာဗောဓိမြိုင်ဆရာတော်