တောင်းအုပ်ကြွက် မှန်းချက်ဖြင့်တွက် ဝက်ဖြစ်နေတတ်သည်

တောင်းအုပ်ကြွက် မှန်းချက်ဖြင့်တွက် ဝက်ဖြစ်နေတတ်သည်

အမှောင်ကြားသွား လောကသားတို့သည်  အကောင်းထင် လုပ်မိနေသေးသမျှ ဆိုးစကိုသာ ချဉ်နင်းမိကြချေရာ
အရှေ့ကိုပြောလျက်က အနောက်သို့သာ ထွက်နေသည့်ပမာသာ ရှိချေ၏
အထက်ကို ပြောလျက်က အောက်သို့သာ ယက်နေသည့်ပမာသာ ရှိချေ၏

တောင်းဖြင့်အုပ်ထားသောကြွက်ကို ဝက်ပဲဟူ၍ ဟောကိန်းထုတ်လေသူပမာ အထင်နှင့် အမြင်ကား ကါစင်ကျယ် လွဲမှားလျက်ကသာ ရှိချေ၏ သို့ကြောင့် …
အစွဲကိုစားလျက်က အစားကို စွဲသောဘဝသို့ လှလှကြီး ရောက်ကြရရှာချေပြီ စိတ်စွဲဖြင့် ကဲတိုင်းလည်း စွဲစိတ်ချည်း ထပ်တလဲလဲ ဖြစ်ကြရရှာချေပြီ

ထိုစွဲစိတ်များဖြင့်ပင် …
တစ်ဦးနှင့်တစ်ဦး ရစ်ပတ်ချည်နှောင် အမှောင်ချပေးထားခြင်း
တစ်ဦးနှင့်တစ်ဦး မုန်းငြိုးပြစ်မှား အာဃာတထားခြင်းများမှသည်  ရန်လိုခြင်း အကြိုက်ချင်းဖက် ဖျက်ဆီးခြင်း ယှဉ်ပြိုင်တုဖက် လုယက်ခြင်းစသည့် စိတ်မည်းတို့ချည်း ခိုစွဲကုန်ကြတောရာ …

မည်းသလောက်မိုက် မိုက်သလောက် တိုက်မိခိုက်မိ နေကြကုန်လေပြီ  တိုက်ခြင်းသည်  အတိုက်ခံရာ၏ လမ်းစဖြစ်ပြီး တစ်ဖန် အတိုက်ခံရခြင်းသည်လည်း တိုက်ခြင်း ခိုက်ခြင်းသို့သာ လမ်းစဆုံးစေ၏
ထိုသူတို့သည် တစ်ဦးသည် တစ်ဦးသို့ ငါပိုင်ဟူသော အစွဲကြိုးတို့ဖြင့် တုပ်နှောင်ထားကြပြီး တဏှာရေယဉ်ကြောထဲသို့ မျှောလျပေးနေကြရာ …

နှစ်ဦးစလုံး ကြိုးတုပ်မိလျက်သားဖြင့် တဏှာရေစီးကြောင်းကြီးအတိုင်း စုန်တစ်ချီ ဆန်တစ်လှည့် မျောပါနေကြရရှာကုန်၏
မည်မျှ ခြေကုန်လက်ပန်းကျနေစေ  ယက်စရာလည်း လက်မရှိ တက်စရာလည်း ကမ်းမထိဖြင့် နှစ်လေင်းပြိုင်ဖက်လျက်က အထက်တက်ခွင့် မရကြလေရာ နစ်လျက်က မွန်းနေရုံမှတစ်ပါး အခြားမရှိတော့ချေ

 နစ်မွန်းကြမှန်းသိနေကြ၍ အထက်တက်လိုကြ၏
သို့တစ်စေလည်း  တက်ခွင့်မရချေ
တက်ခွင့်မရသည့်နည်းတူ ဖျက်ခွင့် (နစ်မွန်းမှုဒုက္ခ ပယ်ဖျက်ခွင့်) လည်း ခွင့်မသာချေ ထိုအခါ ကြိုးတုပ်သူကိုလျှင် ကြိုးရှုပ်သူအထင်ဖြင့် အချင်းချင်း အားကိုးအားထားမှု ပြုကြရချေတော့၏ ကြိုးတပ်သူကိုလျှင် ကြိုးဖြတ်ပေးမည့်သူအသွင်ဖြင့် ထင်မိမှားလာကြချေ၏  ဘဝတူ ထောင်သား ကယ်တင်သူအလား  အထင်ထားခြင်းတည်း

`ဘဝခရီးသွားဖေါ်´
ထိုစကားသည် နစ်မွန်းနေသူ ကြိုးတုပ်ခံသမားနှစ်ဦး၏ လေသံပင် မဟုတ်လော
`ကြင်ဖေါ်သက်ပေး´
ထိုစကားသည်လည်း နစ်မွန်းနေသူ ကြိုးတုပ်ခံသမားနှစ်ဦး၏ အော်ဟစ်သံပင် မဟုတ်လော
ဤကား … ဝေနေယျတို့၏ထုံး

              မဟာဗောဓိမြိုင်ဆရာတော်

ရှင်ဥပဂုတ္တ ရှင်းတမ်း

ရှင်ဥပဂုတ္တ ရှင်းတမ်း =========== (၂၀၀၈- ခုနှစ်၊ ဧပြီလထုတ် မြတ်ပန်းရဂုံ စာစောင်ပါ မောင်ဇေယျာ (ရန်ကုန်)၏ မေးခွန်းကို ဖြေကြားထားခြင်း ဖြစ...