သီရိလင်္ကာသို့ ပညာသင်လိုသော် To Approach Studying in Srilanka

သီရိလင်္ကာသို့ ပညာသင်လိုသော်
To Approach Studying in Srilanka
***************************************
သီရိလင်္ကာသို့ ပညာတော်သင် ကြွရောက်လိုသော ရဟန်းတော်များနှင့် ပညာသင်ကြားလိုသူများအတွက် သိထိုက်တာများကို အကျဉ်းချုပ် ဖြေကြားပေးလိုက်ပါတယ်။
သီရိလင်္ကာတွင် မြန်မာရဟန်းတော်များ ရွေးချယ်တက်ရောက်နိုင်သော အဓိက တက္ကသိုလ် ၄-ခုရှိပါတယ်။ အဲဒါတွေကတော့…….
၁။ ကေလနိယ တက္ကသိုလ် (Kelaniya University)
၂။ ဘီပီယူ တက္ကသိုလ် (Buddhist and Pali University) (B.P.U)
၃။ ပေရာဒေနိယ တက္ကသိုလ် (Peradeniya University)
၎။ ဆီးဘား တက္ကသိုလ် (Sri Lanka International Buddhist Academy) (SIBA) တို့ပဲဖြစ်ပါတယ်။
မြန်မာရဟန်းတော် အများစုကတော့ ကေလနိယတက္ကသိုလ်ကို ရွေးချယ် တက်ရောက်ကြတာ များပါတယ်။ နှစ်စဉ် မြန်မာရဟန်းတော် အပါး ၁၀၀ ၀န်းကျင်ခန့် တတ်ရောက်နေကြပါတယ်။ ကျောင်းက တစ်ပတ်လျှင်  အင်္ဂါ၊ ဗုဒ္ဓဟူး၊ ကြာသပတေး၊ သောကြာ လေးရက်တက်ရပါတယ်၊ (ယေဘုယျပါ) အင်္ဂါနေ့တစ်ရက်ကား ကျောင်းစာမဟုတ်ဘဲ စာမေးပွဲအတွက် အထောက်အကူပြု အင်္ဂလိပ်စာကို သီးသန့် သင်ပေးပါတယ်။
ကျောင်းကြေးက တစ်နှစ်ကို US ဒေါ်လာ ၈၀၀ ရှိပါတယ်။ (အင်္ဂလိပ်စာသင်တန်းကြေး၊ စာကြည့်တိုက်ကြေးအပါအ၀င် ထည့်တွက်ထားတာပါ) ကျောင်းကြေးအပါအ၀င် စားစရိတ်၊ နေစရိတ်စတဲ့ အထွေထွေ အသုံးစရိတ် အားလုံးဆိုလျှင် တစ်နှစ်စာအတွက် ပျမ်းမျှ US ဒေါ်လာ ၃၀၀၀ ၀န်းကျင်ခန့် ကုန်ကျပါတယ်။ တက္ကသိုလ်မှ အဆောင်မပေးပါဘူး၊ အိမ်ခန်း ငှါးနေရပါတယ်။ သို့မဟုတ် သီရိလင်္ကာဘုန်းကြီးကျောင်းတွင် နေနိုင်ပါတယ်။ သီရိလင်္ကာဘုန်းကြီးကျောင်းများတွင် နေထိုင်ပါက စားစရိတ် နေစရိတ် သက်သာပါတယ်။ အိမ်ခန်းငှါးနေပါက အိမ်ရဲ့ အကောင်းအဆိုးပေါ်မူတည်ပြီး အိမ်ခန်းငှါးခ ဈေးကွာဟမှု ရှိပါတယ်။ အလယ်အလတ်စားဆိုလျှင် ပျမ်းမျှအားဖြင့် တစ်လလျှင် မြန်မာငွေ ငါးသောင်း ၀န်းကျင်ခန့် ရှိပါတယ်။ အတိအကျမဟုတ်ပါဘူး။
တက်ရောက်နိုင်တဲ့ အတန်းများကတော့
၁။ ဒီပလိုမာတန်း (Dipaloma) (တစ်နှစ်) ပထမကြီးအောင်။
၂။ ဘီအေတန်း (B.A) (သုံးနှစ်) ပထမကြီးအောင်။
၃။ အမ်အေတန်း (M.A) (တစ်နှစ်) ဓမ္မာစရိယအောင် နှင့် ဘာသာရေး တက္ကသိုလ်တစ်ခုခုမှ B.A ဘွဲ့ရပြီးများနှင့် လူတက္ကသိုလ်မှ မြန်မာစာအထူးပြုဖြင့် B.A ဘွဲ့ရများ ဖြစ်ပါတယ်။ လူတက္ကသိုလ်များမှ မြန်မာစာအထူးပြုမဟုတ်ဘဲ အခြားဘာသာများဖြင့် B.A အောင်ပြီးဖြစ်ပါက၊ ဘွဲ့လွန် Dipaloma (တစ်နှစ်) ကနေစပြီးတက်ရပါတယ်။
ရဟန်းတော်များအပြင်၊ ဆရာလေးများနှင့် လူပုဂ္ဂိုလ်များလည်း တက်ရောက်နိုင်ပါတယ်။ ကျောင်းသားအသစ်ခေါ်ယူချိန်ကား 12 လပိုင်းမှစပြီး ခေါ်ယူပါတယ်။ 2 လပိုင်းကုန်အထိ ကျောင်းအပ်လို့ရပါတယ်။
ကျောင်းအပ်မည်ဆိုလျှင် သီရိလင်္ကာရှိ သူငယ်ချင်း တစ်ပါးပါးထံ ဆက်သွယ်ပြီး လိုအပ်သည့် အချက်အလက်များကို အီးမေးမှ ပေးပို့ကာ ကျောင်းအပ်ခိုင်းလို့ရပါတယ်။ ကျောင်းအပ်ပြီး ကျောင်းသား ခေါ်စာထွက်လာမှ ကိုယ်တိုင် လာရမှာဖြစ်ပါတယ်။ ကျောင်းအပ်ထားတဲ့ ကျောင်းသားများကိုသာ ကျောင်းသားဗီဇာ ထုတ်ပေးမှာဖြစ်ပါတယ်။ အလယ်ဗီဇာဖြင့်လာပြီး ကျောင်းအပ်လျှင် ဗီဇာအခက်အခဲ ဖြစ်နိုင်ပါတယ်။ သူ့နိုင်ငံစည်းမျဉ်းအရတော့ အလယ်ဗီဇာဖြင့် လာသူများကို ကျောင်းသား ဗီဇာထုတ်မပေးပါဘူး။
ဒါကြောင့် သူငယ်ချင်းတစ်ပါးပါးကို ဆက်သွယ်ပြီး မိမိတက်ချင်တဲ့ တက္ကသိုလ်၊ တက်ချင်တဲ့အတန်းကို ရွေးချယ်ပြီး ကျောင်းအပ်ခိုင်းပါ။ ပြီးလျှင် ကျောင်းသာခေါ်စာကို ပြန်စောင့်နေပါ။ ကျောင်းသားခေါ်စာ ထွက်လာလျှင် သူငယ်ချင်းမှ အကြောင်းကြားပါလိမ့်မယ်။ ခေါ်စာကိုလည်း ပို့ပေးပါလိမ့်မယ်။ ၄င်းခေါ်စာရလျှင် မြန်မာပြည်မှာရှိသော သီရိလင်္ကာသံရုံးသို့သွားပြီး လျောက်လွှာတင်ပါ။ ရပြီဆိုလျှင် လေယျာဉ်လက်မှတ်ဝယ်ပြီး လာလို့ရပါပြီ။ လေယျာဉ်လက်မှတ်ကို အသွားအပြန်ဝယ်စရာမလိုပါ။ ကျောင်းသားခေါ်စာပြပြီး တစ်ကြောင်းစာပဲ ၀ယ်လို့ရပါတယ်။
ကျောင်းအပ်ရန် လိုအပ်သည့် အချက်အလက်များကား…..
၁။ ပတ်စ်ပို့ မိတ္တူ၊ (ဓာတ်ပုံပါသည့် စာမျက်နှာ)
၂။ ဒီပလိုမာတန်းနှင့်၊ ဘီအေတန်းအတွက်ဆိုလျှင် ပထမကြီးတန်းအောင်လက်မှတ် မူရင်း/မိတ္တူ၊ (နိုတြီပြန်ပြီးသား) နှင့် အမှတ်စာရင်း
၃။ အမ်အေတန်းအတွက်ဆိုလျှင် ဓမ္မာစရိယ အောင်လက်မှတ်မူရင်း/ မိတ္တူ၊( နိုတြီပြန်ပြီးသား) နှင့် အမှတ်စာရင်း တို့ပဲဖြစ်ပါတယ်။
၎။ အပြည်ပြည်ဆိုင်ရာထေရ၀ါဒတက္ကသိုလ်၊ နိုင်ငံတော်ပရိယတ္တိသာသနာ့တက္ကသိုလ် (ရန်ကုန်/မန္တလေး)၊ သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်နှင့် ဆရာကြီး ဦးမြင့်ဆွေ (မဟာဝိဇ္ဇာ လန်ဒန်) တည်ထောင်ထားသော ရန်ကုန်-မန္တလေး ဗုဒ္ဓတက္ကသိုလ်တို့မှ B.A အောင်ပြီးဖြစ်ပါက M.A တန်းကို တိုက်ရိုက် တက်နိုင်ပါတယ်။ အောင်လက်မှတ်များကား အင်္ဂလိပ်လို ထုတ်ပေးတာဖြစ်သည့် အတွက်ကြောင့် နိုတြီပြန်စရာမလိုတော့ပါ။ မိမိလာတဲ့အခါတွင်မူ အောင်လက်မှတ်မူရင်းများ ပါအောင်ယူခဲ့ရပါ့မယ်။ အောင်လက်မှတ်မူရင်း မရသေးလျှင် အောင်မြင်ပြီးကြောင်း ခိုင်လုံသည့် အထောက်အထားစာရွက်ဖြင့် ကျောင်းအပ်နိုင်ပါတယ်။ သို့သော် စားမေးပွဲဖြေဆိုရမည့် အချိန်ထိ မူရင်းအောင်လက်မှတ် မပြနိုင်ပါက ဖြေဆိုခွင့် ရမည်မဟုတ်ပါ။
သင်ကြားရမည့်ဘာသာရပ် ၆-ခုဖြစ်ပြီး ဘာသာရပ်တစ်ခုလျှင် Assignment နှစ်ခုရေးတင်ရပါတယ်။ စာမေးပွဲပြီးသည့်အခါတွင်လည်း စာမျက်နှာ ၂၀ ခန့် စကားလုံး ၅၀၀၀ ခန့်ရှိသော ဗုဒ္ဓဘာသာနှင့်ဆိုင်သော မိမိနှစ်သက်ရာ ခေါင်းစဉ်တစ်ခုဖြင့် စာတမ်းတစ်ခု ရေးသားတင်ပြရပါတယ်။ ၄င်းစာတမ်းကိုလည်း ဘာသာရပ်တစ်ခုကဲ့သို့ အမှတ်ပေး ဆုံးဖြတ်ပါတယ်။ ဘာသာရပ် ၆-ခုလုံးလည်းအောင်၊ စာတမ်းလည်းအောင်မြင်မှ အတန်းအောင်အဖြစ် သတ်မှတ်ပေးပါတယ်။ ဘာသာရပ် တစ်ခုခု ကျခဲ့လျင်သော်လည်းကောင်း စာတမ်းကျခဲ့လျှင် သော်လည်းကောင်း အတန်းအောင်အဖြစ် သတ်မှတ်မည် မဟုတ်ပါ။ နောက်တစ်နှစ် စောင့်ဆိုင်းပြီး ဘာသာရပ်ကျလျင် ကျခဲ့သော ဘာသာရပ်ကို ပြန်ဖြေရပြီး စားတမ်းကျလျှင် စာတမ်းကို ပြန်လည်ရေးသားပြီး တင်သွင်းရပါတယ်။ အားလုံးအောင်မြင်ဖို့ လိုအပ်ပါတယ်။
အခြားတက္ကသိုလ် သုံးခုမှာကား ကျောင်းတက်သည့် မြန်မာရဟန်းတော် နှစ်စဉ် ၂၀/ ၂၅ ၀န်းကျင်ခန့်ရှိပါတယ်။ ဤတက္ကသိုလ်များကို မိမိသီရိလင်္ကာရောက်တဲ့အခါ စုံစမ်းပြီး တက်ရောက်နိုင်ပါတယ်။ တက္ကသိုလ်တစ်ခုနှင့် တစ်ခု ကျောင်းဝင်ကြေးများလည်း မတူသလို ကျောင်းတက် နေ့ရက်များလည်း မတူပါဘူး၊ သင်ယူရသည့် ဘာသာရပ်များလည်း အနည်းငယ် ကွာခြားပါတယ်။

မိမိမှာ ရည်ရွယ်ချက်ရှိတယ်ဆိုလျှင် ကြိုင်တင်ပြင်ဆင်ထားရမှာကတော့ အင်္ဂလိပ်စာပါပဲ၊ အင်္ဂလိပ်စာ အားကောင်းလျှင် သင်ကြားပို့ချချက်များကို အလွယ်တကူနားလည်နိုင်ပြီး မပင်မပန်းဘဲ အောင်မြင်နိုင်ပါတယ်။ အင်္ဂလိပ်စာ အားနည်းလျှင်တော့ အခက်အခဲများစွာ တွေ့ရပါလိမ့်မယ်။ အင်္ဂလိပ်စာ အားနည်းလွန်းပါက သင်ကြားပို့ချက်ချက်များကို နားမလည်ခြင်း၊ ဆိုင်ရာဘာသာရပ်များကို assignment မရေးသားနိုင်ခြင်း၊ စာတမ်း မပြုစုနိုင်ခြင်းတို့ကြောင့် အခက်အခဲများစွာ တွေ့ကြုံရမည်ဖြစ်ပြီး စိတ်ညစ်နေရပါလိမ့်မည်။ သူငယ်ချင်းကောင်း မိတ်ဆွေကောင်း ရှိလျှင်တော့ သူငယ်ချင်း မိတ်ဆွေတို့၏ အကူအညီဖြင့် လွယ်ကူကောင်း လွယ်ကူနိုင်ပါတယ်။ ဘာပဲဖြစ်ဖြစ် အင်္ဂလိပ်စာကို ရနိုင်သမျှ ရအောင်သင်ယူလာခဲ့မည်ဆိုလျှင်တော့ အကောင်းဆုံးပါလို့ အကြံပြုချင်ပါတယ်။
credit - Ven Kittisara

ရှင်ဥပဂုတ္တ ရှင်းတမ်း

ရှင်ဥပဂုတ္တ ရှင်းတမ်း =========== (၂၀၀၈- ခုနှစ်၊ ဧပြီလထုတ် မြတ်ပန်းရဂုံ စာစောင်ပါ မောင်ဇေယျာ (ရန်ကုန်)၏ မေးခွန်းကို ဖြေကြားထားခြင်း ဖြစ...