♡ ဦးသူရိယနှင့် မစန္ဒာ ♡
•••••••••••••••••••••••••••••••
သူရိယတစ်ယောက် အခန်းဝသို့
စောစောရောက်လာသည်။ မိမိသည်ကား
ကျောင်းပိတ်ရက်မို့ အိပ်ရေး၀၀ အိပ်မည် စိတ်ကူးထားသည်။
" ဟေ့ ..ဘယ်သူလဲဟေ့"
"ခေမိန်...ငါဟ သူရိယ ဟ"
"ဟာ မင်းကလည်း ဘာလဲကွာ၊
မနက်အစောကြီး"
"စောတာတွေ မစောတာတွေ လုပ်မနေနဲ့၊
တံခါးဖွင့်မှာသာ ဖွင့်စမ်းပါ"
အိပ်ချင်မူးတူးနှင့် တံခါးသွားဖွင့်ပေးလိုက်သည်။
မနက်စောစောပင် ဖြစ်သော်လည်း
သူရိယမျက်နှာမှာ မရွှင်လန်း။ အိပ်ရေးဝပုံလည်း မရ။ သူရိယတစ်ယောက် အိပ်မှ အိပ်ပါလေစ။
အရင်ဆို သူငယ်ချင်းဖြစ်သော သူရိယမှာ
နာမည်နှင့်လိုက်အောင် နေမင်းကြီးသဖွယ်
တင့်တင့်တယ်တယ်၊ ခန့်ခန့်ညားညား။
ယခုတော့ မွေးနာမ် ပြန်စီးလေသလား မပြောတတ်။
နေလောင်ထားသည့် ပန်းတစ်ပွင့်ပမာ။
သူ့မျက်နှာကို အကဲခတ်ကြည့်ပြီး မေးလိုက်သည်။
"ကဲ မနက်အစောကြီး ၊ ဘာအကြောင်းလဲ ပြော"
"အေး ပြောမယ်၊ ဒီမှာတော့ မပြောချင်ဘူးကွာ၊
လ္ဘက်ရည်ဆိုင်ရောက်မှ အေးဆေးပြောရအောင်၊
သွား ..မင်း မျက်နှာ သွားသစ်ချေ "
ကျွန်တော်တို့ ကျောင်းသည် တစ်ပါတ်တွင်
ခြောက်ရက် တက်ရသည်။ ကျောင်းဖွင့်ရက်များတွင်
တစ်နာရီပြည့်အောင်ပင် နားရသည့်အချိန်
သိပ်မရှိလှ။ မနက်ခင်း ဆွမ်းစား။
ပြီးလျှင် မနက်ခင်း သင်တန်းစာဝါများ
ဆယ်နာရီအထိတက်။ဆယ်နာရီခွဲလျှင် ဆွမ်းကပ်သည်။
နေ့လည် တစ်နာရီထိုးလျှင် ညနေ လေးနာရီအထိ
နေ့လည်ခင်း သင်တန်းစာဝါများ ထပ်တက်ရပြန်သည်။ညနေခင်းတွင် ငါးနာရီမှ ခြောက်နာရီအထိ
ဘုရားဝတ်တက်ရပြန်သည်။ ညပိုင်း ခုနှစ်နာရီမှ
ကိုးနာရီအထိကို ကွန်ပျူတာသင်တန်း
တက်ရပြန်သေးသည်။
ထို့ကြောင့် ကျောင်းဖွင့်ရက်များတွင် အားလပ်ချိန်ဟူ၍ သိပ်မရှိလှ။ဥပုသ်နေ့တစ်နေ့သာ ကောင်းကောင်း နားရသည်။
မနက်စောစောမို့ (၁၉)လမ်းရှိ ပဲရစ်လ္ဘက်ရည်ဆိုင်မှာ လူသိပ် မကျသေး။ ဆိုင်အဦးတွင်
စကိုင်းနက်( sky net) မှ တရားတော်များကို
ဖွင့်ပြထားသည်။
"ဘာ ဘုန်းပေးကြမလဲ ဘုန်းဘုန်းတို့" ဟု
ဝိတ်တာ(Waiter)ကောင်လေးမှ လာမေးသည်။
" အေး..လောလောဆယ် ကျစိမ့်ရှယ် နှစ်ခွက်
အရင်ချပေးကွာ၊ ကျန်တာ နောက်မှ မှာမယ်"ဟု
သူရိယက မှာလိုက်သည်။ လက်ဘက်ရည်ဆိုင်
အမြဲမထိုင်ဖြစ်သော်လည်း သူရိယသည်
ကျွန်တော် သောက်နေကျ ကျစိမ့်ရှယ်ကို
မေ့ဟန် မတူ။
ဘေးဘီကို နည်းနည်း အကဲခတ်လိုက်ပြီး
သူ့ကို ကျွန်တော်က စမေးလိုက်သည်။
"ကဲ ပြော မနက်စောစောစီးစီး၊
ဘာတွေ ဖြစ်နေတာလဲ၊ မင်းမျက်နှာကြည့်ရတာလည်း လေမရှိတဲ့ ပူပေါင်းကြီး ကျနေတာပဲ"
"မင်းပြောလည်း ငါခံရမှာပဲကွာ။
ငါ ညက တစ်ညလုံး မအိပ်ဘူး သူငယ်ချင်း ။
အိပ်လို့လည်း မရဘူး။ အိပ်လည်း ပျော်မှာ
မဟုတ်ဘူး သူငယ်ချင်း "
သူရိယမျက်နှာမှာ သိသိသာသာ ညှိုးကျသွားသည်။
သူ ရင်ဖွင့်စရာတွေရှိ၍ ကျွန်တော့်ကို ခေါ်မှန်း
ကျွန်တော် ရိပ်မိလိုက်ပါသည်။ စကားလမ်းကြောင်း
ဖွင့်ပေးသည့် အနေဖြင့် ကျွန်တော်ကပင်
ထပ်၍ မေးလိုက်ပြန်သည်။
"ဟုတ်ပါပြီ မင်း အခု ဘာဖြစ်နေတာလဲ၊
ငါ့ကို ပြောစမ်း"
ရှေ့မှာ ချထားသည့် ကျစိမ့်ရှယ်ကို
တစ်ကြိုက်လောက် မော့ပြီး ပြောသည်။
"ငါ လူထွက်တော့မယ် ခေမိန်"
ကျွန်တော့် ခေါင်းကို မိုးကြိုးအကြိမ်တစ်ရာ
ဆက်တိုက်ပစ်ခံလိုက်ရသလို ခံစားမိသည်။
သူနှင့်ကျွန်တော် ပေါင်းလာခဲ့သည်မှာ
ဟိုး..ကိုရင်ဘ၀ မူလတန်း စဖြေကတည်းက။
ခု အကြီးတန်းအောင်လို့
သာသနာ့တက္ကသိုလ်တက်တော့လည်း
အတူတူပင်။ ထို့ကြောင့်
သူနှင့်ကျွန်တော် ပေါင်းလာသည်မှာ
ခုနှစ်နှစ်၊ ရှစ်နှစ်ဝန်းကျင်ခန့် ရှိပြီ ဖြစ်သည်။
မရှိအတူ ရှိအတူမို့ ပို၍ ခင်မိသည်။
ငယ်လတ်ကြီး ဘ၀တွေတုန်းက
ကျွန်တော် နေမကောင်း၍ ဆွမ်းခံမကြွလျှင်
သူနှင့် အတူတူဘုန်းပေးသည်။
သူ နေမကောင်း၍ ဆွမ်းခံ မကြွနိုင်လျှင်
ကျွန်တော်နှင့် အတူတူ ဘုန်းပေးသည်။
ခုလောက်ကြီး ပေါင်းသင်းခင်မင်လာသည့်
သူငယ်ချင်းတစ်ပါးက လူထွက်မည်ဟု
ပြောလာသည့်အခါ ကျွန်တော့်မှာ
ဝမ်းမနည်းဘဲ မနေနိုင်။
သို့သော်လည်း ၀မ်းနည်းတာတွေ ဘေးချိတ်၍
မေးသင့်တာတွေ မေးရလေပြီ။
" မင်း လူထွက်တာတော့ ဟုတ်ပါပြီ။
မင်းက ဘာကြောင့် လူထွက်ချင်ရတာလဲ"
"မင်းလည်း သိနေတာပဲ ခေမိန်ရာ၊
ငါ သူနဲ့ မခွဲနိုင်ဘူးကွာ"
"အင်းပါ မင်းလည်း ပုထုဇဉ်လူသားတစ်ယောက်မို့
ခုလို ဝေဒနာတွေ ခံစားရတာ ငါနားလည်ပါတယ်။
မင်း လူထွက်ပြီးတော့ သူကို ချက်ချင်း ယူမှာလား"
"ဟာ အဲတာတော့ မဖြစ်လောက်ဘူးကွ၊
သူကလည်း ပြောတယ်၊ လူထွက်ပြီး အလုပ်လုပ်၊
သူ့ကို တင့်တောင့်တင့်တယ်ထားနိုင်တဲ့ တစ်နေ့ကျ
လာတောင်းတဲ့"
"ဟ...သူရိယ၊ မင်းဟာက ဖြစ်နိုင်ဖို့နဲ့
မဖြစ်နိုင်ဖို့မှာ မဖြစ်နိုင်ဖို့က (၇၅)%လောက်
ရှိနေတယ် သူငယ်ချင်း ။
မင်းတို့ ငါတို့ဆိုတာက ငယ်ကယ်ကတည်းက
သာသနာ့ဘောင်ကို ၀င်ရောက်လာသူတွေ။
မင်းတို့ငါတို့ ငယ်ငယ်ကတည်းက
ကျင်လည်လာခဲ့ရတဲ့ ပတ်ဝန်းကျင်က
လူ့ပတ်ဝန်းကျင် မဟုတ်ဘူး။ ရဟန်းပတ်ဝန်းကျင်ကွ။ ဒီမှာ သူရိယ၊ မင်းဆို ခု အသက်(၂၅) ၀န်းကျင်ရှိနေပြီ။ မင်း ခုချိန် လူထွက်ပြီး အလုပ်လုပ်ရင်
ပထမဆုံး လူ့လောက၊ လူ့ပတ်ဝန်းကျင် ၊လူ့အသိုင်းအ၀ိုင်းထဲမှာ တိုးရမယ်။ မင်းတိုးနိုင်ပါ့မလား။"
ကျွန်တော်ကသာ ဆရာကြီးဆန်ဆန်
ဆက်၍ဆက်၍ မေးခွန်းတွေ ထုတ်နေသည်။
သူ့ခမျာ ကျွန်တော့်စကားတွေကြောင့်
အတွေးပင်လယ်ကြောမှာ နစ်မျောနေဟန် တူသည်။
"ငါ ဘာပဲဖြစ်ဖြစ် လုပ်မယ် ခေမိန်၊
ငါ သူနဲ့ မဝေးနိုင်ဘူးကွ၊ သူနဲ့ လမ်းခွဲဖို့
ဖုန်းဆက်တဲ့ မနေ့ညကဆို သူရော ငါရော
ငိုလိုက်ရတာကွာ။
ငယ်ငယ်တုန်း အမေရိုက်လို့ ငိုရတာထက်တောင်
ပိုတယ်ထင်တယ်။ သူကလည်း ငါ့ကို အရမ်းချစ်တာကွ"
ကျွန်တော်လည်း ကိုယ်တိုင်မကြုံသေး၍သာ
သူတစ်ပါးကို အားပေးနေရသည်။
ကိုယ်တိုင်ကြုံလာခဲ့လျှင် သူ့လိုပင် ဖြစ်မည်ထင်သည်။
သူရိယ အရူးအမူးဖြစ်မည်ဆိုလျှင်လည်း
ဖြစ်ချင်စရာပင်။ သူကြိုက်သည့် မစန္ဒာဆိုသည့်
ကောင်မလေးမှာ အသက်အားဖြင့်
သူနှင့် မတိမ်းမယိမ်း၊မရှည်လွန်း မပုလွန်း၊
မဖြူလွန်း မမဲလွန်း။
ခန္ဓာကိုယ်အချိုးအစားမှာ မိန်းကလေးတစ်ယောက်၏ ရှိသင့်ရှိထိုက်သည့် ကိုယ်အင်္ဂါတို့နှင့်
ပြည့်စုံသည်။ မန္တလေးသူပီပီ စကားပြောလျှင်
"ကျွန်တော် ကျွန်တော်"ဟု ထည့်ထည့်သုံးတတ်သည်။ ထူးလျှင်လည်း "ဗျာ ဗျာ "ဟု ထူးတတ်သည်။
"အင်းပါ သူငယ်ချင်းရာ။
ငါ မင်းလူထွက်ချင်တာကို အပြစ်မပြောလိုပါဘူး။
ငါတို့ သာသနာ့ဘောင်ကို ၀င်လာတာကလည်း
ခုခေတ် နိုင်ငံခြားတွေ သွားသလို
စာချုပ်စာတမ်းနဲ့မှ မဟုတ်တာ။
ဒါပေမဲ့ သူငယ်ချင်း ၊ မင်းတစ်ခုတော့
ပြန်စဉ်းစားအုံးကွာ၊ အိမ်ခြေ(၂၀၀)လောက်ရှိတဲ့
မင်းတို့ အုန်းတောရွာလေးမှာ စာသင်သား
ရဟန်းဆိုလို့ မင်းတစ်ပါးတည်း ရှိတာဆို။
မင်းရဲ့ ဆရာဘုန်းကြီးမှာ တပည့်ဆိုလို့
မင်းတစ်ပါးတည်း ရှိတာဆို။
မင်းတို့ ရွာလေးက လူတွေက မင်းကို
အရမ်းမျှော်လင့်ထားကြတာဆို။
အဲတာတွေဟာ မင်းပြောခဲ့တာတွေလေ။
ခု မင်း လူထွက်မယ်ဆိုရင်
သူတို့တွေကို ဘယ်လိုလုပ်မလဲ။
ဒီအတိုင်းပဲ ဖြစ်ချင်ရာဖြစ် ထားခဲ့မှာလား"
သူရိယဆီက ဘာအဖြေမှ ကျွန်တော် မကြားရတော့ပါ။ ခေါင်းကြီးငိုက်စိုက်ကျ၍ တစ်ဝက်လောက်
ကျန်သည့် လက်ဘက်ရည်ခွက်ကိုသာ
ဟိုလှည့်ဒီလှည့် လှည့်နေသည်။
ဆိုင်ထဲ၌ လူတွေ အရမ်းစည်နေပြီ။ ဆိုင်ဦးမှ
ဖွင့်နေသော မှန်ပြင်တွင် တရားဟော မဟုတ်တော့။
ဟန်ထွန်း၏ "မေ့လိုက်ပါ အရင်က ဇာတ်လမ်းလေး" သီချင်းဖြစ်သည်။
လက်ဘက်ရည်ဖိုး ငါးရာကို ကျွန်တော်ပင်
ရှင်းလိုက်ပါသည်။ သူ့ဆီက ဘာစကားတစ်ခွန်းမှ
ပွင့်အန်ကျ မလာတော့။ ပြောချင်သော စကားများလည်း ရှိတော့ဟန် မတူ။
(၁၉)လမ်း၊ ပဲရစ်လ္ဘက်ရည်ဆိုင်မှ
သာသနာ့တက္ကသိုလ်(မန္တလေး)သို့ (၁၅)မိနစ်ခန့်
ခြေလျင် လျှောက်လာခဲ့သည်။
နှစ်ဦးသား ကျောင်းရောက်သည်အထိ
စကားခွန်းမှ မပြောဖြစ်ခဲ့။
လမ်းဘေးဝဲယာရှိ စိန်ပန်းပင်ကြီးများ၊
ဗာဒံပင်ကြီးများမှာ ဟေမန်နှင်းတွေကို
သဘောကျဟန် တူသည်။ စိမ်းလို့စိုလို့။
ဖြစ်နိုင်လျှင် ကျွန်တော့်သူငယ်ချင်း သူရိယကို
လောကဓံကို ကြံ့ကြံ့ခံရင်ဆိုင်နိုင်သော
ဗာဒံပင်ကြီးတွေလို ဖြစ်လိုက်စေချင်သည်။
ဗာဒံပင်၊ စိန်ပန်းပင်ကြီးတို့မှာ
မိုးရွာလည်း မငို၊ နှင်းဝေလည်း မမဲ့၊
နွေဒဏ်လည်း မမှု။ ဤ၍ဤမျှ ခံနိုင်ရည်ရှိပါဘိ။
အဆောင်ရောက်၍ ခဏအကြာ။
အင်တာနက်ဖွင့်၍ ဟိုကြည့်သည်ကြည့်
ကြည့်ရာတွင် သူရိယ၏ ကဗျာလေးတစ်ပုဒ်
တက်လာသည်။ ကဗျာလေး၏ ခေါင်းစဉ်က
" သာဓုခေါ်ပါ ချစ်သူ" ဖြစ်၏။
သူရိယ၏ ထိုကဗျာလေးကား
ဤကဲ့သို့ပင် ဖြစ်ပါ၏။
🙏သာဓုခေါ်ပါ ချစ်သူ 🙏
•••••••••••••••••••••••••••••••••
ကံဇာတာမှေးမှိန်လို့ သေးသိမ်တဲ့စိတ်တွေနဲ့
ချစ်ခဲ့ပေမဲ့ ချစ်နေတုန်းကတော့ သိပ်ချစ်ခဲ့တာပါ ချစ်သူ...
ခုရော မချစ်တော့ဘူးလား မေးရင်
မင်းမိဘတွေထက်ပိုတယ်ဆိုရင် မင်းယုံချင်မှယုံမယ်
ရိုးမြေကျ ပေါင်းဖက်ကံ မဖန်လို့
ဒီဘ၀ ဒီမျှနဲ့ ဇာတ်သိမ်းသွားတယ်လို့
သဘောထားလိုက်ပါ ချစ်သူ....
ပေးဆပ်ခြင်းသောင်ယံမှာ
အချစ်စစ် အချစ်မှန်ငှက်တွေ နားခိုတတ်တယ်ဆိုတာ
ငါ ခုမှ သိခဲ့ရတာပါ...
"မစားရတဲ့ အမဲ၊ သဲနဲ့ ပက်"တဲ့သဘောတော့
ငါ မလုပ်ရက်ပါဘူး...
ရင်ဆိုင်ရမယ့် လူ့လောက အခက်အခဲတွေကို
တွေးပူပြီး ကြောက်သွားတယ်လို့တော့
မထင်လိုက်ပါနဲ့
လောကမှာ ပညာသင်ခြင်းအလုပ်လောက်
ဘယ်အလုပ်မှ မခဲယဉ်းပါဘူး...
ဦးနှောက်နဲ့ နှလုံးသား တိုက်ပွဲဖြစ်တိုင်း
နှလုံးသားပဲ အနိုင်ရပေါင်း များလှပြီလေ
ဒီတစ်ခါတော့ ဦးနှောက်ကို
အရှုံ့းမပေးပါရစေနဲ့တော့ ချစ်သူ...
တကယ်လို့ ဆုံချင်သေးသပဆိုရင်ဖြင့်
နောင်ဘ၀ သံသရာတစ်ကွေ့မှာ
ပြန်ကာတွေ့ဖို့ အတွက်သာ
ဆုတောင်းပေတော့ ချစ်ရသူရေ...
မချစ်လို့ လမ်းခွဲလိုက်တာ မဟုတ်ပါဘူး
ငါ့ရင်ခွင်ထဲမှာ လှလှပပ မင်း မဖူးပွင့်ရမှာစိုးလို့ပါ...
မမြင်နိုင်တဲ့ အတိတ်သံသရာမှာ
သားကျွန်၊မယားကျွန် ခံခဲ့ရပေါင်း များလှပေါ့...
ဒီဘ၀ ဒီခန္ဓာတော့ သာသနာ့ကျွန်၊
အများအားလုံးရဲ့ ကျွန် ဖြစ်ပါရစေလား ချစ်သူ...
ဒီအချိန်မှာ ငါတို့နှစ်ယောက်
ကျခဲ့တဲ့ မင်းမျက်ရည်တွေဟာ
တစ်နေ့မှာ လောကလူသားတွေရဲ့
အပူအပင် သောကတွေကို
ဆေးကြောပေးမဲ့ ကမ္ဘာပြုမိုးကြီး ဖြစ်စေရမယ် ချစ်သူ...
ဘ၀တစ်ကွေ့မှာ ခဏတွေ့ရတယ်ဆိုပေမယ့်
ဘယ်တော့မှ မမေ့ဘူးဆိုတာတော့ ယုံပါ...
ငါ့အတွက် နောက်ဆုံးလက်ဆောင်အဖြစ်
ပါရမီဖြည့်တဲ့ အနေနဲ့ သာဓုခေါ်ပါ ချစ်သူ...
ငါတို့နှစ်ယောက် တစ်နေ့ကျ
အမုန်းတွေကင်းကွာ ချစ်ခြင်းမေတ္တာတွေနဲ့
ပြန်ဆုံကြတာပေါ့ဟာ...
•••••••••••••••••••••••••••••••••••••••••••••••••
မောင်ခေမိန်(မကွေး)
Nov 27.17 8:05 AM